ရယ်ရွင်ဖွယ် ကစားနည်းများအကြောင်း
စာအုပ်အမည် - ရယ်ရွှင်ဖွယ် ကစားနည်း
ရေးသူ - မှူးနေ၀န်း
ထုတ်ဝေသည့်ကာလ - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - နှင်းဆီဖြူ စာပေ
၂၀၁၂၊ သြဂုတ်လရဲ့ နောက်ဆုံးရက်မှာ မှူးနေ၀န်းနဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ဖြစ်ပါတယ်။ သူတို့ အွန်လိုင်း လူငယ် ကဗျာဆရာ ၆ ယောက်ရဲ့ ၆/၆၆ လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာစာအုပ်ထွက်လို့ လက်ဆောင်လာပေးတာပါ။ မှူးနေ၀န်း၊ မြူခူးနေ၊ လွမ်းနေ၊ နရီမင်းထက်၊ အမွန်မွန်း၊ ကြယ်စစ်သည် တို့ရဲ့ ကဗျာ ၁၁ ပုဒ်စီကို စုစည်းထားတာပါ။ အဲဒီတုန်းကတည်းက မှူးနေ၀န်းကဗျာတွေကို ဖတ်မိရင်း ကျွန်တော် သူ့ကို သတိထားမိခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က တာရာမင်းဝေနဲ့ နေမျိုးကို နှစ်သက်သူ။ ၆/၆၆ မှာ မှူးနေ၀န်း ပုံနှိပ်ဖော်ပြထားတဲ့ ကဗျာတွေ ကလည်း တာရာမင်းဝေနဲ့ နေမျိုးရေးဟန်။ အဲဒီအချိန်က သူ့အပေါ် အလွှမ်းမိုးဆုံးကဗျာဆရာများဖြစ်မယ် ထင်ပါတယ်။ မှတ်မှတ်ရရပြန်ပြောရရင် ` သစ္စာ၊ ထိုနေ့က သူ ၀လုံးရေးခဲ့လေသည်၊ ဆာတိုရီ၊ ကျောကုန်းအပေါက်ကြီး၊ ကျွန်း´ စတဲ့ ကဗျာများမှာ တာရာမင်းဝေနဲ့ နေမျိုးရဲ့ ရေးဟန်နဲ့ ကဗျာတည်ဆောက်ပုံ လွှမ်းမိုးမှုကို ပိုတွေ့ရပါတယ်။ ဒါက မှူးနေ၀န်းရဲ့ ရယ်ရွှင်ဖွယ် ကစားနည်းနိဒါန်းကာလ။
၂၀၁၀ နောက်ပိုင်းမှာ မန္တလေးကဗျာလောကဟာ အရှိန်အဟုန်နဲ့ ပြန်လည်အားကောင်းလာသလို ကဗျာလှုပ်ရှားမှု တွေလည်း ခပ်စိပ်စိပ်ရှိလာခဲ့ပါတယ်။ မိသားစုကဖေးစာပေ၀ိုင်း၊ ရွှေစွန်မင်း စာပေ၀ိုင်း၊ ကမ္ဘာ့ကဗျာနေ့ အခမ်းအနား၊ တနင်္ဂနွေကဗျာမြေသား၊ ရာပြည့်မန္တလေးစာပေ၀ိုင်း၊ ကုသိုလ်တော်ခရေရိပ်ကဗျာဝိုင်း စတဲ့ ကဗျာဝိုင်း၊ စာဝိုင်းလေးတွေ ပေါ်ထွက်လာသလို မောင်ချောနွယ် ၁၀ နှစ်ပြည့် အခမ်းအနား၊ ဒဂုန်တာရာ တစ်လပြည့်အခမ်းအနား၊ မန္တလေးကဗျာဆရာ တွေရဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲ စတဲ့ အထိမ်းအမှတ်၊ မိတ်ဆက်ပွဲတွေနဲ့လည်း တက်တက်ကြွကြွလှုပ်ရှားလာကြပါတယ်။ အမျိုးသားလူငယ် ကဗျာဆရာတွေအပြင် အမျိုးသမီးလူငယ်ကဗျာဆရာတွေပါ အပြိုင်းအရိုင်းပေါ်ထွက်လာကြပါတယ်။ လူငယ်ကဗျာဆရာတွေဟာ ကောက်ရိုးမီးလို၊ မိုးဦးကျမှိုတွေလို ခဏပေါ်၊ ခဏပျောက်မဟုတ်ကြပဲ ကဗျာအပေါ် ချစ်မက် စိတ်နဲ့ ဒီနေ့အထိ တစိုက်မက်မက်ကဗျာလမ်းပေါ် ဆက်လျှောက်နေကြတာလည်း အံ့သြစရာ၊ ၀မ်းသာစရာပါပဲ။ အထူး အားဖြင့် မန္တလေး ကဗျာမျိုး ဆက်ဟာ စဉ်ဆက်မပြတ်ဖြစ်ထွန်းအားကောင်းခဲ့၊ အားကောင်းဆဲလို့ ဆိုရမှာပါ။ မှူးနေ၀န်းဟာ အဲဒီလို လူငယ်ကဗျာဆရာတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုတာက မှူးနေ၀န်းဟာ ကဗျာအပြင် အက်ဆေး၊ ၀တ္ထုတို၊ ကဗျာဆိုင်ရာ အရေးအသားတွေကိုပါ စိတ်ဝင်တစား ရေးဖွဲ့တင်ပြလာတာကိုလည်း သတိထားမိရတဲ့ လူငယ်ကဗျာ ဆရာတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မန္တလေးကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာ အွန်လိုင်းကဗျာနဲ့ ပတ်သက်တဲ့ စာတမ်းတစ်စောင်ကို သူငယ်ချင်းကဗျာဆရာ သူဝေးနဲ့ တွဲပြီး ရေးသားဖတ်ကြားခဲ့သလို ၂၀၁၅ ခုနှစ် တတိယအကြိမ် မြောက် ဧရာဝတီ စာပေ ပွဲတော်(မန္တလေး)မှာလည်း `ကြည်အေးကဗျာလေ့လာချက်´ စာတမ်းကို ရေးသားဖတ်ကြားခဲ့ ပါတယ်။ လူငယ်တွေ ထဲမှာ ကဗျာရေးသူ၊ ကဗျာဖတ်သူ၊ ကဗျာဝါသနာပါသူတွေ ရှိကြပေမယ့် ကဗျာဆိုင်ရာနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လေးလေး နက်နက် စူးစမ်းလေ့လာ ရေးသားသူဟာ ရှားပါတယ်။ မှူးနေ၀န်းဟာ မန္တလေး ကဗျာလောက အတွက် လူငယ်ခြေတက် တိုက်စစ်မှူးတစ်ယောက်ပေါ်ထွက်လာသလိုပါပဲ။
အခု ၂၀၁၅၊ မေလမှာ မှူးနေ၀န်းရဲ့ ` ရယ်ရွှင်ဖွယ် ကစားနည်း´လို့ ခေါင်းစဉ်ပေးထားတဲ့ တစ်ကိုယ်တော် ကဗျာ စုစည်းမှုစာအုပ် ထွက်လာပါတယ်။ ကိုယ်တိုင်ရေးအမှာနဲ့ ကဗျာ (၄ဂ) ပါဝင်ပြီး နှင်းဆီဖြူ စာအုပ်တိုက်က စီစဉ်ထုတ်ဝေ ဖြန့်ချိပါတယ်။ ၆/၆၆ က မှူးနေ၀န်းနဲ့ ရယ်ရွှင်ဖွယ် ကစားနည်းကို ရှာဖွေတွေ့ရှိသွားတဲ့ မှူးနေ၀န်း ဘာတွေ ကွာခြားသွား ပြီလဲ။ ၆/၆၆ မှာ မှူးနေ၀န်းအပေါ် လွှမ်းမိုးခဲ့တဲ့ ကဗျာဆရာတွေနဲ့ ရယ်ရွှင်ဖွယ် ကစားနည်းမှာ လွှမ်းမိုးထားတဲ့ ကဗျာဆရာ တွေ ဘယ်လိုပြောင်းလဲသွားပြီးလဲ။ ၃ နှစ်တာကာလအတွင်းမှာ မှူးနေ၀န်းရဲ့ ကဗျာအရေးအသား အပြောင်းအလဲ၊ ပုံသဏ္ဍာန် အပြောင်းအလဲ၊ တင်ပြပုံအပြောင်းအလဲနဲ့ ဘာသာစကားသုံးစွဲပုံအပြောင်းအလဲ၊ ကဗျာဆိုင်ရာသိမှုအပြောင်း အလဲ ဟာ အထူးစိတ်ဝင်စားစရာကောင်းနေလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်လို ရယ်ရွှင်ဖွယ်လဲ၊ ဘယ်လို ကစားနည်းလဲ ဆိုတာပေါ့။
ရယ်ရွှင်ဖွယ် ကစားနည်းကို အကြမ်းအားဖြင့် ကဗျာဆိုင်ရာသိမှုတွေနဲ့ တည်ဆောက်ထားတဲ့ ကဗျာ၊ အခြား အနုပညာလက်ရာတစ်ခုကနေ ဆင့်ပွားတည်ဆောက်ထားတဲ့ ကဗျာ၊ နေ့စဉ်ဖြတ်သန်းမှု ကိုယ့်ပတ်ဝန်းကျင်ကနေ ရရှိလာ တဲ့ အဖြစ်အပျက်ကနေ တည်ဆောက်ထားတဲ့ ကဗျာ စသဖြင့် တွေ့ရပြီး ကဗျာပုံသဏ္ဍာန်အားဖြင့်တော့ ထူးထူးခြားခြား ပြောင်းလဲထားတာမရှိဘဲ ကဗျာတို စီးရီးရေးဖြစ်တာတွေထဲက နှစ်သက်ရာပြန်စုထားတဲ့ ၃ ပုဒ်နဲ့ ကဗျာရှည်တစ်ပုဒ် ထည့် သွင်း ဖော်ပြထားတာတွေ့ရပါတယ်။
`ဗိုက်ဆာတယ်၊ ဖြစ်စဉ်ပြအရေးအသား၊ ရွှေတိဂုံ ကြာသပေတေးဒေါင့်၊ ဘဲပန်းဆွဲ၊ လူနာတင်ကား၊ မိုးရွာပြီ၊ ပြော´ စတဲ့ ကဗျာတွေဟာ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုဘ၀တွေထဲက လာတယ်။ နေ့စဉ်ဖျော်ဖြေ တင်ဆက် မှုတွေထဲက လာတယ်။ အဲဒီလိုကဗျာတွေဟာ ကဗျာဖတ်သူကို သိမှုတွေ ချပေးနေတာမဟုတ်ဘူး။ ကဗျာဖတ်သူသိထားတဲ့ သိမှုကို နှိုးဆွပေးနေတာ ဖြစ်တယ်။ အဲဒီလိုကဗျာတွေဟာ ရိုးရှင်းတယ်။ နားလည်ဖို့ လွယ်ကူတယ်။ အဲဒီလိုကဗျာတွေကို ကဗျာဖတ်သူဟာ ဖတ်နေရင်း `သြော် ဒါမျိုး ငါလည်းဖြစ်ဖူးတယ်၊ ဒီလိုလေး ငါတွေးဖူးတယ်၊ သူရေးလိုက်တဲ့ အကြောင်း အရာဟာ ငါလည်း ရင်ဆိုင်ဖူးတဲ့ အကြောင်းအရာပဲ၊ အဲဒီလို ငါ တွေ့ဖူးတယ်´ လို့ ပြန်အမှတ်ရ ခံစားကျေနပ် သွားစေနိုင် အောင်တဲ့ အထိပါပဲ။ တကယ်တမ်းကျတော့ မှူးနေ၀န်းဟာ အဲဒီလို နေ့စဉ်သာမန်ဖြစ်လေ့/တွေ့ရလေ့ရှိတဲ့ အဖြစ်အပျက် အခြေအနေတွေကြားထဲမှာ ကဗျာဖြစ်မှုကို မသိမသာတည်ဆောက်လုပ်ယူသွားတတ်တာပဲ ဖြစ်ပါတယ်။ စာကြောင်းရေ (၃၇)ကြောင်းနဲ့ တည်ဆောက်ထားတဲ့ `ဖြစ်စဉ်ပြအရေးအသား´ကဗျာမှာ ဆိုရင် စာကြောင်းရေ (၃၀)အထိ အိမ်အပြင် ထွက်မယ့် လူတစ်ယောက်ရဲ့ မေ့တတ်ပုံ၊ အလောတကြီးနိုင်ပုံ၊ စိတ်ဆန္ဒစောနေပုံ စတာတွေကို စဉ်ဆက်မပြတ် တည် ဆောက်ရေးသားလိုက်တယ်။ ဒါဟာ လူတိုင်းနီးပါးဖြစ်တတ်/ဖြစ်ဖူး/ဖြစ်နိုင်တဲ့ အခြေအနေတွေမို့ ထူးပြီး ကဗျာမဖြစ်သေးပေ မယ့် စာကြောင်းရေ (၃၁)ကြောင်းမြောက်ကနေ ကဗျာအဆုံးသတ်အထိ Surrealism ဆန်ဆန် ကဗျာမြောက်အောင် ပြုလုပ်သွားပါတယ်။ ဒီကဗျာမှာ ကဗျာဖတ်သူဟာ သူသိရှိနားလည်ထားတဲ့ ယုတ္တိဗေဒဖြစ်နိုင်ချေ သဘောတရား အတွင်းမှာ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ဖူးတာတွေကို ပြန်စဉ်းစားရင်း ကဗျာဆရာတည်ဆောက်ထားတဲ့ ယုတ္တိလွန်နယ်ပယ် အတွင်းကို အငိုက်မိရောက်ရှိသွားစေကာ အံ့သြဘနန်းဖြစ်ရပ်ကို ရင်ဆိုင်လိုက်ရတာပါပဲ။
`အစီခံကုန်သွား။ သူ့နှုတ်ခမ်းကို မီးစွဲက ကျွမ်းလောင်
နှုတ်ခမ်းကို လောင်ပြီး နှာခေါင်း။ ပြီးတော့ မျက်စိ
မျက်နှာပြင်တစ်ခုလုံး တငွေ့ငွေ့လောင်။ ပြီးတော့ တစ်ကိုယ်လုံး လောင်။
သူ့တစ်ကိုယ်လုံး ပြာတွေ ဖြစ်သွား။ သူ့ကိုယ်သူ ပြာတွေ တောက်ချလိုက်။
လေတစ်ချက်ဝေ့တိုက်၊ ပြာတွေ မြစ်ထဲကို လွင့်ပါသွား။ မြစ်ရေနဲ့ စီးမျောသွား။
မြစ်ရေဟာ နောက်ကျိစွာ စီးဆင်းသွား။ မြစ်အဆုံးမှာ . . .
မြစ်အဆုံးမှာ . . .ပင်လယ်မရှိဘူး။ ပြာပုံကြီး။´
(ဖြစ်စဉ်ပြအရေးအသား ကဗျာမှ)
နောက်ထပ် ကဗျာတစ်ပုဒ်ဖြစ်တဲ့ `ရွှေတိဂုံ၊ ကြာသပတေးဒေါင့်´ ကဗျာကို ကျတော့ ကဗျာဆရာက တစ်မျိုး တည်ဆောက်ထားပါတယ်။ ဒါဟာလည်း နယ်ပယ်ဒေသအသီးသီးကနေ ရန်ကုန်ရောက်လာတဲ့ လူတွေ ရွှေတိဂုံဘုရားသွား ဖူးရင်း ဖြစ်တတ်/ ခံစားရတတ်တာမျိုးပါ။ ဒါပေမယ့် ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ်တည်ဆောက်လိုက်တဲ့အခါကျတော့ နေ့စဉ်ဘ၀ရဲ့ ထိတွေ့သက်ဝင်မှုတစ်ချို့ဟာ ကဗျာမြောက်လာပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားမိရတာက လူငယ် ကဗျာဆရာတွေရဲ့ ရဲတင်းလွတ်လပ်ပွင့်လင်းစွာ တွေးခေါ်ရေးသားမှုပါ။ ဘာသာတရား၊ မိရိုးဖလာ ရိုသေကိုင်းရိုင်းမှု၊ သက်ဝင်ယုံကြည်မှု စတာတွေအပေါ်မှာ ကဗျာဆရာတည်ဆောက်လိုက်တဲ့ ကြာသပတေးသား လူငယ်တစ်ယောက်ရဲ့ အမြင်(သို့) မေးခွန်းထုတ်တည်ဆောက်ထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်နေလို့ပါ။ မှူးနေ၀န်းမှာ ဘာသာတရားနဲ့ ပတ်သက်တဲ့ အတွေး အခေါ်(သို့) အဖန်တလဲလဲ ဆင်ခြင်သုံးသပ်ထားမှုတစ်ခုခု ရှိနေနိုင်ပါတယ်။ သူ့ကဗျာ အချို့မှာ ဒီလို မေးခွန်းထုတ်/ ဆင်ခြင်မှုပြု ထားတဲ့ အရေးအသားတစ်ချို့ကိုလည်း တွေ့ရပါသေးတယ်။
`ကျောက်ဆစ်သမားချင်းမတူတော့
ဗုဒ္ဓရုပ်တုများလည်း အသွင်ကွဲပြားနေကြ၊ တစ်ဆူသော ဗုဒ္ဓဟာ
အခြားသော ဗုဒ္ဓကိုယ်တော်တွေထက်
ရီလေးတစ်ဗေလီး ခါး အနည်းငယ် ကိုင်းနေတယ်
ဗုဒ္ဓတစ်ဆူကတော့ အောင်သပြေပန်းများကို ပခုံးပေါ်မှီတင်ထားရင်း
မျက်လွှာချ။ ဗုဒ္ဓရဲ့ သင်္ကန်းတော်များလည်း
သင်္ခါရကို မလွန်ဆန်ဘဲ ဆေးသားကွက်တိကွက်ကြား။ သေးငယ်သော
ဗုဒ္ဓရုပ်တုများကတော့ ချောင်အကွယ်မှာ
နိရောဓသမာပတ်နဲ့ ငြိမ်းချမ်းစွာ။ ဗုဒ္ဓအချင်းချင်းတောင်မှ
အနီးဆုံးဂေါတမဗုဒ္ဓကို ငါတို့ ပိုပြီးချစ်ခင်ကြတာပဲ´
(ရွှေတိဂုံ၊ ကြာသပတေးဒေါင့် ကဗျာမှ)
ဖုန်းလိုင်းကောင်းကောင်းမိဖို့ ဘုရားတန်ခိုးကြီးဖို့ လိုမယ်
ဒါကြောင့်မို့ မြို့က သေးတယ်၊ ဘုရားဆင်းတုတော်တွေက ကြီးတယ်
(ဟင်္သာ တ၀မ်းပူ ကဗျာမှ)
တိတ်ဆိတ်သူ ဗုဒ္ဓ
မျက်လွှာချလျှက်
ပြုံးလျှက်
လူအုပ်ကြီးကို အထက်စီးက ကြည့်ပြီး
လက်သီးလက်မောင်း မဆန့်တန်း
I did it! ဟု မကြွေးကြော်။
(သင်္ကဿနဂိုရ် ကဗျာမှ)
`ဘဲပန်းဆွဲ´ ကဗျာကတော့ ခေါင်းစဉ်က စပြီး ဆွဲဆောင်မှု ရှိစေတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဒီကဗျာမှာ ဆိုရင်လည်း ကျွန်တော်တို့ နေ့စဉ်လိုလို မဟုတ်တောင် မကြာခဏမြင်တွေ့နေရတဲ့ မြင်ကွင်းကို ကဗျာအဖြစ်တည်ဆောက်ထားတာပါ။ ဆိုင်ကယ်နောက်ကယ်ရီယာမှာ တန်းထိုးပြီး တစ်ဖက်တစ်ချက်မှာ ဘဲအကောင်ဆယ်ကောင်စီလောက်ကို ဇောက်ထိုးချိတ် ဆွဲပြီး သားသတ်ရုံတွေဆီ ပို့ကြတဲ့ မြင်ကွင်းပါ။ ကဗျာဖတ်သူဟာ သားငါးဈေးတွေကို ရောက်လေ့ရောက်ထ ရှိရင်ပဲ ဖြစ်ဖြစ်၊ သားငါးဈေးရုံတွေဆီ သွားရာလမ်းမှာ အမှတ်တမဲ့ လမ်းကြုံရင်ပဲ ဖြစ်ဖြစ် တွေ့ရနိုင်တဲ့ မြင်ကွင်းမျိုးပါပဲ။ အဲဒီလိုမြင်ကွင်းမျိုး မြင်ဖူးတဲ့ ကဗျာဖတ်သူအတွက်တော့ `ဘဲပန်းဆွဲ´ကဗျာဟာ နာကျင်မှုအတိနဲ့ စိတ်ညစ်နွမ်းစေတဲ့ ကဗျာတစ်ပုဒ် ဖြစ်နေ မှာပါ။ အကယ်၍ ကဗျာဖတ်သူဟာ ကဗျာဖြစ်မှုကို ဦးစားပေးဖတ်မယ်ဆိုရင်တော့ မှူးနေ၀န်းရဲ့ နာကျင်မှုကို ဖွဲ့တဲ့ လှပတဲ့ အရေးအဖွဲ့နဲ့ ကဗျာမြောက်စေမှု အတတ်ပညာကို စိတ်ကျေနပ်မှုအပြည့်နဲ့ ခံစားဖတ်ရှုရမယ့် ကဗျာတစ်ပုဒ်ပါပဲ။ မှူးနေ၀န်း ဟာ ဆိုင်ကယ်နောက်ဘီးဒလက်တွေကြားထဲ ၀င်သွားလိုက် ပြန်ထွက်လာလိုက်ဖြစ်နေတဲ့ ဘဲတစ်ကောင်ကို ဖွဲ့ရာမှာ-
` အရင်းအမြစ် ဘဲတစ်ကောင်ဟာ တဲ့ရော့ကတ်ကို ဆွဲထုတ်တော့ ကံကြမ္မာ
ရဟတ်ဘီးကို ရတယ် မင်သက်သွားသူ ခေါင်းဟာ လည်ပတ်နေတဲ့ ဘီးကြား
ညပ်သွား နှုတ်သီးပဲ့ စုတ်ပြတ်ခေါင်းနဲ့ ဘဲသေလောင်းဟာ ရှင်သန်ဆဲ ဘဲများ
နံဘေး တောက်ပထင်ရှားလာ´
ဆိုင်ကယ် ကယ်ရီယာနောက်က ဘဲပန်းဆွဲတွေကို နောက်အဆုံးသတ်ဖွဲ့လိုက်ပုံကိုလည်း ဖတ်ကြည့်ပါဦး။
`မြို့ပြရဲ့ ရှားပါးမြင်ကွင်းဟာ ဆိုင်ကယ်နောက်ခုံအောက်မှာ
ရွေ့လျားသက်ဝင်မိုးဟာ ရုတ်တရက် ရွာချ သွေးစီးကြောင်းဟာ
ရေနဲ့ အတူ စီးဆင်း ခွေးသေတစ်ကောင်ရဲ့ အာခံတွင်းထဲ နှစ်သိမ့်တေးကို
ကြင်နာစွာ ဆိုရင်း တိုးဝင်သွား ဘဲများရဲ့ ဖြူစင်စိုစွတ်ပြီး အနည်းငယ်
ဖွာလန်သော ကိုယ်ထည်များသာ က္ကနြေ္ဒရရ တငြိမ့်ငြိမ့်။
(ဘဲပန်းဆွဲ ကဗျာမှ)
`သိုးသိုးသန့်သန့် မသိုးမသန့်၊ ဈာန်ရ ရသေ့တစ်ဦး၏ လေထီး၊ လူတစ်ယောက်ရဲ့ ကျောရိုးထဲမှာ လူတစ်ယောက် ရဲ့ နံရိုး၊ ငါ့အိပ်ယာဘေးမှာ ပိရမစ်တစ်ခုရှိတယ်၊ အပွင့်စနစ်´ စတဲ့ ကဗျာတွေကတော့ ဖတ်ရ ခက်ခဲမှုတွေ၊ စာသား စကားလုံးရိုးရှင်းသော်လည်း အဓိပ္ပာယ်ေ၀၀ါးမှုတွေ၊ အဓိပ္ပာယ်လွဲချော်သွားစေမှုတွေ၊ အနက်သိုဝှက်လွန်းမှုတွေ စတဲ့ ကဗျာ ဖတ်သူတွေအတွက် ဦးနှောက်ခြောက်စရာတွေ၊ ပြန်တွေးတောစဉ်းစားစရာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
ရယ်ရွှင်ဖွယ် ကစားနည်းထဲမှာ `Unknown ၊ ငါတို့၊ နှင်း၊ ရင်ခုန်သံများ၊ သင်္ကဿနဂိုရ်´ လို ကဗျာမျိုးတွေကတော့ ကဗျာတစ်ပုဒ်ကို ဖတ်နေရင်း ကဗျာဖတ်သူဟာ စိတ်ကျေနပ် နှစ်သိမ့်မှု /ကြည်နူးမှုကို ရစေနိုင်တဲ့ ကဗျာတွေလို့ ထင်ပါ တယ်။ `ဗျာသာရေးကိုးကွယ်မှု၊ ဖားကို မက်မန်းသီးကျွေးချင်တယ် ဒါပဲ´ စတဲ့ ကဗျာတွေကတော့ မှူးနေ၀န်းရဲ့ ကဗျာ ဆိုင်ရာသိမှုအရှုပ်အထွေး၊ အငြင်းပွားလိုမှု၊ လက်ခံမှု၊ ဆန့်ကျင်မှု စတာတွေကို သရော်တော်တော်ရေးဖွဲ့ထားတဲ့ ကဗျာတွေ ပါပဲ။ တနည်းပြောရရင် အဲလိုကဗျာတွေဟာ ကဗျာအ၀န်းအ၀ိုင်းတစ်ခုအတွက်ဆိုရင် ပြဿနာမရှိပေမယ့် ကဗျာနည်းနာ တွေနဲ့ စိမ်းတဲ့ သာမန်ကဗျာဖတ်သူတစ်ယောက်အတွက်ဆိုရင်တော့ ခက်ခဲနေနိုင်ပါတယ်။
ရယ်ရွှင်ဖွယ် ကစားနည်းထဲမှာ ကျွန်တော့်အတွက် နောက်ထပ်စိတ်ကျေနပ်မိတဲ့ ကဗျာနှစ်ပုဒ်ကတော့ ` Talking Tom´ နဲ့ ` Mr. Bean ရဲ့ အားလပ်ရက်´ ပဲ ဖြစ်ပါတယ်။ Talking Tom ဆိုတာ ကျွန်တော်တို့ လက်ရှိပေါပေါများများ ကိုင်တွယ်နေကြတဲ့ Andriod Phone, Tablet စတာတွေမှာ ထည့်သွင်းဆော့ကစားရတဲ့ Application Game လေးပါပဲ။ ခင်ဗျားပြောတာကို တသွေမတိမ်း ပြန်လိုက်ပြောတတ်တဲ့ ကြောင်ကြီးပေါ့။ အဲဒီကြောင်ကြီးက လက်သည်းရှည်ကြီးနဲ့ ခင်ဗျားရဲ့ ဖုန်းမျက်နှာပြင်၊ Tablet မျက်နှာပြင်တွေကို အစင်းရာထင်အောင် ခြစ်ချတတ်သေးတယ်။ ဒါကိုပဲ မှူးနေ၀န်းက ကဗျာအဖြစ်တည်ဆောက်လိုက်တယ်။ လူတိုင်းနီးပါး မြင်ဖူး၊ တွေ့ဖူး၊ ဆော့ကစားဖူးပေမယ့် ကဗျာဆရာကတော့ သူ့ရဲ့ ကဗျာအတတ်ပညာနဲ့ ကဗျာမြောက်အောင် တည်ဆောက်ဖွဲ့ယူသွားနိုင်ခဲ့ပါတယ်။ ကဗျာဆိုတာ ဒါပါပဲ။
` မင်းကို နွားနို့ မတိုက်တော့ဘူး
မင်းကို နွားနို့ မတိုက်တော့ဘူး
ဖန်သားပြင်ကို လက်သည်းနဲ့ မခြစ်စမ်းနဲ့
ဖန်သားပြင်ကို လက်သည်းနဲ့ မခြစ်စမ်းနဲ့
မင်းဟာ Version အဟောင်းကြီး
. . . . . . . . . . . . . . . . . . . . .
မင်းဟာ Version အဟောင်းကြီးပါကွာ

ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား
ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား။
(Talking Tom ကဗျာမှ)
`Mr. Bean ရဲ့ အားလပ်ရက်´ ကဗျာကတော့ Mr.Bean Holidaly ဆိုတဲ့ ဟာသဇာတ်ကားထဲက Mr. Bean ရဲ့ တလွဲတချော်ဖြစ်မှုတစ်ခုကို ကဗျာအဖြစ်တည်ဆောက်ထားတာပါ။ ကဗျာရဲ့ ပထမဆုံးအပိုဒ်က Mr. Bean Holiday ထဲက အစစ်အမှန်ဇာတ်ကွက်တစ်ခုဖြစ်ပေမယ့် ဒုတိယအပိုဒ်ကစပြီး ကဗျာဆရာဟာ မတူကွဲပြားတဲ့ ဇာတ်ညွှန်းတွေနဲ့ Mr. Bean ရဲ့ အားလပ်ရက်ကို ဆက်လက်ရိုက်ကူးပါတော့တယ်။
`ဖုန်းနံပါတ်တွေ ဆက်ကြည့်တယ်
အမျိုးသမီးတစ်ယောက်(အလှပြင်ရင်း ပြန်ဖြေ)
ကလေးလေးလက်ထဲ ရောက်သွား (ဖုန်းကို ရေထဲနှစ်ပစ်)
သေသူရဲ့ အင်္ကျီထဲ ဖုန်းထမြည် (ဘုန်းတော်ကြီးက ဖြေကြား)
အိပ်ငိုက်နေတဲ့ လုံခြုံရေးဝန်ထမ်း (ဟုတ်ကဲ့ဆရာဟု ယောင်ယမ်းဖြေကြား)
အာလာဒင်မီးခွက်စောင့် (သူ မီးခွက်ထဲ ပြန်ဝင်ချင်ပြီဟု ညည်းတွား)
ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း( စကားပြောဖော် မရှိတာ ကြာပြီ တဲ့။)
Mr. Bean ရဲ့ အားလပ်ရက်ကဗျာမှာ ကဗျာဆရာက မူရင်းဇာတ်ဝင်ခန်းတစ်ခုကနေ ကဗျာအဖြစ် ဆင့်ပွားတည် ဆောက်လိုက်ပေမယ့် ဒုတိယပိုဒ်နဲ့ တတိယအပိုဒ်ဟာ ကဗျာမြောက်မှုကို ဆွဲခေါ်မလာနိုင်သေးပါဘူး။ အဲဒီလို အနေ အထားမှာ မှူးနေ၀န်းဟာ ကဗျာထဲ ဘုရားသခင်ကိုပါ ဆွဲထည့်လိုက်ပါတယ်။ ဒီနေရာမှာ ကဗျာကို ပိုမိုထူးခြား လှပသွား စေသူက Mr.Bean ရဲ့ မူရင်းကာရိုက်တာပါပဲ။ ကဗျာဖတ်သူဟာ ကဗျာဆရာ တည်ဆောက်လိုက်တဲ့ ဇာတ်ညွှန်း အသစ် ထဲက ဘုရားသခင်နဲ့ မူလဇာတ်ရုပ် Mr. Bean ကို တွဲဖက်ကြည့်လိုက်မိတဲ့အခါမှာ အလွန်အင်မတန် နှစ်သက်ရယ်ရွှင် ဖွယ်ရာကောင်းတဲ့ ကဗျာတစ်ပုဒ်ဖြစ်လာခဲ့တော့တာပါပဲ။
`စိတ်မလျှော့ဘဲ နောက်နံပါတ်တစ်ခု ထပ်နှိပ်တယ်
တစ်ဖက်က ပြန်ဖြေတယ်
သူက ဘုရားသခင်ပါတဲ့
ခင်ဗျား ရှာနေတဲ့သူကို သူသိပါတယ် တဲ့
သူ ကူညီပေးနိုင်တယ် တဲ့
Mr. Bean ရယ်တယ်
နောက်ကျိနေတဲ့ စိတ်တွေကို မေ့သွားပြီး သူရယ်တယ်
သူ့ကိုယ်သူ နောက်ပြောင်တတ်လှပြီ ထင်တာ
သူ့ထက် အစအနောက်သန်သူနဲ့ လာတွေ့ရတယ်
ဘုရားသခင်ဆိုတာ
ဖုန်းအခေါ်ကို စောင့်နေမယ့်သူ မဟုတ်
ကိုယ်တိုင် စတင်ခေါ်ဆိုမယ့် သူပဲ ဖြစ်ရမယ်လေ
ဒီလောက်တော့ Mr.Bean သိပါတယ်။
(Mr.Bean ရဲ့ အားလပ်ရက် ကဗျာမှ)
`နေ့စဉ်ဘ၀ကြီးကို ညည်းညူနေမယ့်အစား၊ ပြစ်တင်ပေါက်ကွဲနေမယ့်အစား၊ နာကျင်ခံစားနေမယ့်အစား၊ မေ့လျော့စီးမျောနေမယ့်အစား၊ လွတ်ထွက်ပေါ့သွပ်နေမယ့်အစား၊ ဒီလိုလေးတော့ ဖြေစရာ ရှိနိုင်ရဲ့။ ဒီလိုလေးတော့ လမ်းစ ပေါ်နိုင်ရဲ့။ ဒီလိုလေးတော့ ခွင့်လွှတ်ပေးနိုင်ရဲ့လို့ ကဗျာအားဖြင့် စာနာမှု၊ ကြည်ဖြူမှု၊ မျှဝေမှုကို ပို့သခြင်းပါပဲ။ မမြင်မစမ်း ဆင်ကန်းတောတိုး ကဗျာရေးလာခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အမျိုးမျိုးသော ခံယူချက် အပြောင်းအလဲတွေ၊ ရှော့ခ်ဖြစ်စေတဲ့ အသိအမြင်သစ်တွေကို ကြိမ်ဖန်များစွာ ကြုံလာခဲ့ရပြီးတဲ့နောက် ကျွန်တော်လက်ရှိ ခံယူထားတဲ့ (ယခု ဒီစာကို ရေးနေတဲ့အချိန်အထိ ခံယူထားတဲ့) ကဗျာဆိုင်ရာအသိကတော့ ဒါပါပဲ။ ကျွန်တော့်အတွက်ကတော့ ကဗျာ ရေးခြင်းဟာ အမျိုးမျိုးအဖုံဖုံသော ကြင်နာမှုကို ဖော်ပြတဲ့ အမူအရာတွေထဲက ကျွန်တော် ပျော်ပျော်ရွှင်ရွှင်ပြုလုပ်မိတဲ့ အမူအယာတစ်ခု ဖြစ်နေပါတယ်။ တနည်းအားဖြင့် ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။´
အထက်ပါ စကားစုတွေဟာ `ရယ်ရွှင်ဖွယ် ကစားနည်း´ ကဗျာစာအုပ်ကို စဖတ်ကတည်းက ကျွန်တော့်အာရုံကို ဖမ်းစားထားတဲ့ `ကစားနည်းဟာ ပျော်ရွှင်ဖွယ်´ ဆိုတဲ့ မှူးနေ၀န်းရဲ့ စကားဦးထဲက အရေးအသားအချို့ပါပဲ။ ကဗျာဟာ အနုပညာအတွက်၊ ပြည်သူအတွက်၊ ဘာအတွက်မှ မဟုတ် စတာတွေထဲ မှူးနေ၀န်းအတွက်ကတော့ ကဗျာဟာ ပျော်စရာ ကောင်းတဲ့ ကစားနည်းတစ်ခုကို ပြုလုပ်ခြင်းပါပဲ။ အဲဒီ ကစားနည်းမှာ ခင်ဗျားပါဝင်လို့လည်း ရတယ်။ ခင်ဗျား မပါဝင် လို့လည်း ရပါတယ်။ ခင်ဗျားကိုယ်တိုင်ကစားလို့လည်း ရပါတယ်။ ခင်ဗျားကိုယ်တိုင် မကစားချင်ဘူးဆိုရင်လည်း ရပါတယ်။ မှူးနေ၀န်းကတော့ ပျော်ရွှင်ဖွယ်ကစားနည်းကို ကဗျာဖတ်သူထံ အရောက်ပို့လိုက်ပါပြီ။ မှူးနေ၀န်း ပျော်ရွှင်ဖွယ်ရာ ကစားနည်းအသစ်များ ထပ်မံဖန်တီးနိုင်ပါစေ။ ပျော်ရွှင်ဖွယ်ရာကစားနည်းသစ်များဖြင့် အဝေးတစ်နေရာက ချစ်သူကို အနီးဆုံးရောက်လာအောင် ဆွဲခေါ်စည်းရုံးနိုင်ပါစေလို့။
မင်းနဒီခ
၁၆၊ မေ၊ ၂၀၁၅

No comments:
Post a Comment