ချိုမိုင်မိုင် ရှာတော်ပုံခရီးရှည်
စာအုပ်အမည် - ချိုမိုင်မိုင် ရှာတော်ပုံ
ရေးသူ - ရှိန်ဝါ
ထုတ်ဝေသည့်ကာလ - မတ်၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - နှစ်ကာလများ
မျက်နှာဖုံး - ငုအိမ်ထက်မြတ်၊ ညီညီ
ဒီနေ့ခေတ် ကဗျာလောကကို အသေအချာအကဲခတ်ကြည့်ရင် ကဗျာအရွေ့တစ်ခုဆီကို ဦးတည်နေတယ်လို့ ပြောရမယ် ထင်ပါတယ်။ Facebook ဆိုတဲ့ လူမှုကွန်ယက်ကြီးပေါ်ပေါက်လာတာဟာ ကဗျာ၊ ကဗျာဆရာနဲ့ ကဗျာဖတ်သူ ဆိုတဲ့ ဆက်စပ်တည်ဆောက်မှုအနေအထားကို အရင်ကထက်ပိုပြီး သမမျှတ သွားစေတယ်လို့လည်း ထင်ပါတယ်။ အဲဒီမှာ ကဗျာဆိုင်ရာ သိမှု/ ကဗျာဖတ်အား/ ကဗျာအပေါ် အာရုံဝင်စားမှု အနည်းငယ်ရှိတဲ့ ကဗျာဖတ်သူတွေကိုယ်တိုင် ကဗျာတွေ ပြုလုပ်ဖန်တီးလာတယ်။ အလွယ်ပြောရရင် ကဗျာဆရာဖြစ်မှုနှုန်း (၀ါ) ကဗျာဆရာ အရေအတွက် အဆမတန် များပြား လာသလို ကဗျာစာအုပ်တွေလည်း စာပေစီစစ်ရေးလွတ်လပ်မှုအနည်းငယ်နဲ့ ခေတ်အဆက်ဆက် မကြုံဖူးလောက်အောင် များများစားစား ထွက်ရှိလာပါတယ်။ ကဗျာရေးသူ/ ကဗျာဆရာတွေ များပြားလာတာဟာ သေနတ်အသစ်တစ်လက် တိုးလာတာ မဟုတ်တဲ့အတွက် ၀မ်းသာဖို့ ကောင်းတာ အမှန်ပါပဲ။ ကဗျာဆိုတဲ့ လမ်းကြောင်းပေါ်မှာ ရေရှည် ဘယ်လောက် ထိ ဆေးသားခိုင်ခိုင်နဲ့ ရပ်တည်နိုင်မလဲ၊ ကဗျာအပေါ် ဘယ်လောက် ရိုးသားနိုင်သလဲ၊ ကဗျာနဲ့ ဘယ်လောက်ထိ လက်တွဲ ထားနိုင်မလဲဆိုတာကတော့ အချိန်ကာလက အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကဗျာဟာ တာတိုပြေးလမ်း မဟုတ် ပါဘူး။ ကဗျာဟာ ဘ၀တစ်ခုလုံး အားသွန်ခွန်စိုက်နှစ်ပြီး ပြေးသွားရမယ့် တာဝေးပြေးလမ်းဖြစ်ပါတယ်။ ဘယ်သူ ဘယ်လောက် ပြေးနိုင်မလဲ။ ခင်ဗျား တစ်မိုင်ပြေးရင် ကဗျာဆိုတဲ့ ပန်းတိုင်ကလည်း တစ်မိုင်ထပ်ပြေးမှာပဲ။ ဘာဖြစ်လို့လည်း ဆို တော့ ကဗျာဟာ ရွေ့နေလို့ပါပဲ။
မြန်မာကဗျာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ - ၁၂၉၈ )ကနေ ကိုလိုနီခေတ် (ခရစ်နှစ် ၁၈၈၆ - ၁၉၄၇) တစ်ပိုင်း၊ ခေတ်စမ်းကဗျာ (၁၉၃၀ - ၁၉၄၅)ကနေ ခေတ်ပေါ်ကဗျာခေတ်ဦး ( ၁၉၇၀ -၁၉၉၀)ထိတစ်ပိုင်း။ ခေတ်ပေါ်နှောင်းပိုင်း ( ၁၉၉၀ - ) ကနေ အခု ဒီဘက်နှစ်များ ခေတ်ပေါ်/ ခေတ်ပြိုင်၊ Contemporary အထိ ကဗျာဟာ ရွေ့နေတုန်းပါပဲ။ ဒါပေမယ့် ဒီဘက်နှစ်များမှာ ပိုအားရစရာ ကောင်းတာကတော့ ကဗျာဆိုင်ရာနည်းနာ တက္ကနစ်တွေ ပိုမိုကျယ်ပြန့်လာတယ်။ နိုင်ငံတကာကဗျာ ဘာသာပြန်တွေ၊ နိုင်ငံတကာ ကဗျာစာအုပ်တွေ၊ ကဗျာဗေဒ ဆိုင်ရာဘာသာပြန်ဆိုရှင်းလင်းချက်တွေ စတဲ့ ကဗျာနဲ့ ပတ်သက်လို့ လေ့လာစရာ၊ အတုယူစရာ၊ အသစ် ဖန်တီးနိုင်စရာတွေ အများအပြားရှိလာတာပါပဲ။ ကိုယ်တိုင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်၊ ကဗျာနဲ့ ပတ်သက်လို့လည်း စိတ်အားထက်သန်မှုရှိမယ်ဆိုရင် အင်တာနက်ပေါ်က Poetry Seminar, Poetry Workshop တွေမှာ နိုင်ငံတကာက လက်ရှိရေးသားနေတဲ့ ကဗျာဆရာတွေကိုယ်တိုင်နဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးငြင်းခုံနိုင်တဲ့အပြင် နိုင်ငံ တကာစာပေ ပွဲတော်တွေအထိ လက်လှမ်းမှီရင် သွားရောက်ဆွေးနွေးလေ့လာနိုင်ပါသေးတယ်။ ဒါဟာလည်း နည်းပညာပိုင်း ဆိုင်ရာ တိုးတက်မှုနဲ့အတူ ကဗျာအရင်းအမြစ် ချဲ့ကားတိုးတက်လာမှုလည်း ဖြစ်ပါတယ်။ ကဗျာဆိုင်ရာသိမှု ဆင့်ကဲ တိုးတက် ပြောင်းလဲလာတာနဲ့အမျှ ကဗျာဖတ်သူ လူ့အဖွဲ့အစည်းဟာလည်း တိုးတက်ပြောင်းလဲလာတာ အမှန်ပဲ ဖြစ်ပါ တယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပြောရရင် ခေတ်ပေါ်ကဗျာခေတ်ဦးတုန်းက နားလည်မှု ခက်ခဲစေခဲ့၊ အဓိပ္ပာယ်ဝေဝါးစေခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပေါ်ကဗျာ နှောင်းပိုင်းမှာ နားလည်လွယ်တဲ့၊ ရှင်းလင်းတဲ့ သိမှုကို ပေးနိုင်တဲ့ ကဗျာတွေအဖြစ် ပြောင်းလဲလာခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီကနေ့ ကဗျာဆရာတွေ ဖန်တီးနေတဲ့ ခေတ်ပြိုင်ဟန်ကဗျာတွေဟာလည်း အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ ကဗျာဖတ်သူကို လွယ်ကူရှင်းလင်းသွားစေဦးမှာပဲ ဖြစ်ပါတယ်။
မြန်မာကဗျာဟာ ခေတ် အဆက်ဆက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အသံနဲ့ တဖြည်းဖြည်းချဲ့ထွင်လာခဲ့တဲ့ စာပေ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ခေတ်စနစ်ဆိုးတစ်ခုအောက်မှာ အချိန်ကြာမြင့်စွာ မွန်းကျပ်ပိတ်လှောင်ထားခံခဲ့ရပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ထွက်၊ အသစ်တည်ဆောက်ခဲ့၊ ကြိုးစားခဲ့ကြ ရပါတယ်။ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ ကနေ Modern, Post Modern, LP, PLP, Neo, Conceptual, Flarf, Digital, Hybrid, Exprimental စတဲ့ ကဗျာဆိုင်ရာ နည်းနာ အရေးအသားတွေဟာ ကဗျာဆရာတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆင့်ကဲတိုးတက်ပြောင်းလဲ ရွေ့လျားခဲ့ ကြပါတယ်။ ဒါပေမယ့် ခေတ်ပေါ်နှောင်းပိုင်း (၁၉၉၀) နောက်ပိုင်းကဗျာ အရွေ့ကတော့ အပြောင်းအလဲမြန်ဆန်တယ်၊ အတက်အကျ ကြမ်းတယ်လို့ ဆိုရလောက်အောင်ပါပဲ။ အောင်မြင်ပါရဲ့လားလို့ မေးလာရင်တော့ အပြည့်အ၀ မအောင်မြင်သေးဘူးလို့ ပြောရမယ် ထင်ပါတယ်။
ခေတ်ပေါ်နှောင်းပိုင်းနောက်ပိုင်း ကဗျာနည်းနာအသစ်တွေ၊ ကဗျာဗေဒအသစ်တွေကို ကဗျာဆရာနဲ့ ကဗျာဖတ် သူ အနည်းငယ်လောက်ပဲ လက်ခံတယ်လို့ မြင်ပါတယ်။ သာမန်ကဗျာဖတ်သူကို မဆွဲဆောင်နိုင်တဲ့အတွက် မအောင်မြင် ဘူးလို့ ယူဆချင်တယ်။ သာမန်ကဗျာ ဖတ်သူဆိုတဲ့နေရာမှာလည်း ကဗျာဖတ်သူ (ပြည်သူ)ဟာ ခေတ်က ပေးတဲ့ အကျပ် အတည်း၊ စိတ်ပင်ပန်းမှု၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု၊ လယ်မြေယာမြေပြဿနာ၊ ပညာရေးဖိနှိပ်မှု၊ အတွေးအခေါ်ပိတ်လှောင်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ လုပ်အားခနည်းပါးမှု စတဲ့ အာဏာရှင်အုပ်ချုပ်သူ လူတန်းစား တစ်ရပ်က ပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားရင်း အနုပညာခံစားနိုင်မှု `အား´ တွေ ယုတ်လျော့ခဲ့ရတယ်။ ပညာတတ်လူတန်းစား နည်းပါးခဲ့ရတယ်။ အနုပညာဖန်တီးနိုင်စွမ်း/ ခံစားနိုင်စွမ်း မြင့်မားတဲ့သူတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒီတော့ ခေတ်ပြိုင်အနုပညာမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖန်တီးခံစားဖို့ မလွယ်ကူတာ၊ ကိုယ့် ကိုယ်ပိုင်အနုပညာဟန် အယူအဆအသစ်တွေနဲ့ ကမ္ဘာကို ထိုးဖောက်ဖို့ မလွယ်ကူတာတွေ ဖြစ်လာတော့တာပါပဲ။ ဒါပေမယ့် ကိုယ့်အနုပညာကို ရပ်တန့်မနေဘဲ ရွေ့အောင် ရွှေ့နေရမှာ အနုပညာသမားတွေရဲ့ အလုပ်ပါပဲ။ ဒီကနေ့ လူငယ်ကဗျာဆရာတွေဟာ ပညာ တတ်အလွှာက ပိုမို ၀င်ရောက်လာတာကိုလည်း တွေ့ရပါတယ်။ အရင်ခေတ်များ ဆီက ကဗျာဆရာတွေရဲ့ လူနေမှုဘ၀ ပုံစံနဲ့လည်း ကွဲပြားခြားနားလာတယ်။ လူနေမှုဘ၀ပုံစံတွေ ကွဲပြားလာတာနဲ့အမျှ ကဗျာစကားလုံးရွေးချယ်ပုံ၊ ဖွဲ့စပ်ပုံ၊ တည်ဆောက်ပုံ၊ ကဗျာလာရာလမ်းကြောင်း၊ ကဗျာအကြောင်းအရာ စတာတွေ ကွဲပြား လာပါတယ်။ ကဗျာဆရာဟာ သူ့ပတ်ဝန်းကျင်၊ သူ့လေ့လာမှု၊ သူ့အပေါ်ရိုက်ခတ်လာတဲ့ အခိုက်ဓာတ် စတဲ့ အကြောင်း အရာတွေအပေါ် များသောအားဖြင့် သူ့ကဗျာကို တည်ဆောက်လေ့ရှိတဲ့အတွက် အချို့သောကဗျာဖတ်သူနဲ့ ဝေးကွာ သွားလေ့ ရှိတတ်တာကြောင့် ကဗျာဆရာ ဟာ သူ့ယုံကြည်ရာ အရေးအသားကို တစ်ဆင့်လျော့ချပေးလိုက်တဲ့ ကဗျာဆရာ တွေရှိသလို လုံးဝလျော့ချမပေးဘဲ ကဗျာဖတ်သူကိုသာ ရွေးချယ်ခိုင်းတဲ့ ကဗျာဆရာတွေလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် ကဗျာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်စဉ်းစားတဲ့ ကဗျာဆရာနဲ့ ကဗျာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားတဲ့ ကဗျာ ဆရာပေါ့။
၂၀၁၅၊ မတ်လမှာ ကဗျာဆရာ `ရှိန်ဝါ´ ရဲ့`ချိုမိုင်မိုင် ရှာတော်ပုံ´ အမည်ပေးထားတဲ့ ကဗျာစာအုပ်လေး တစ်အုပ် ထွက်လာပါတယ်။ ကဗျာဆရာရဲ့ ဇနီးကိုယ်တိုင် အမှာစာ ရေးပေးထားပြီး အသက်(၃၀)ပြည့်မွေးနေ့အမှတ်တရအဖြစ် ကဗျာ (၃၁) ပုဒ်ထည့်သွင်းထားပါတယ်လို့လည်း ကဗျာဆရာကိုယ်တိုင် ၀န်ခံကျေးဇူးစကားဆိုထားပါသေးတယ်။ ရှိန်ဝါဟာ ဘယ်လို ကဗျာဆရာလဲ။ ဘယ်လို ကဗျာတွေကို ရေးသလဲ။ ကဗျာအပေါ် ဘယ်လို နှစ်လိုစုံမက်သူလဲ။ ရှိန်ဝါကတော့ ` မေးခွန်းတွေဟာ ပျင်းစရာကောင်းသွားပါပြီ။ မသေချာ၊ မရေရာနေရတာကိုလည်း ငြီးငွေ့နေပါပြီ။ `ငါ´ ရဲ့ အံ့သြမှုနဲ့ ငြီးငွေ့မှုကို အသုံးပြုလို့ အကြီးကျယ်ဆုံးသော ဥာဏ်ပညာ/ ကဗျာရှာပုံတော်ကြီး ဖွင့်လိုက်ပါပြီ ´တဲ့။ တကယ်တမ်းကျတော့ ရှိန်ဝါရဲ့ ကဗျာဖြတ်သန်းမှုက တော်တော်ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်လောက်ကတည်းက ကဗျာတွေ ရေးခဲ့ပြီး ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ ပုံနှိပ်မီဒီယာလောကကို ခြေဆန့်ခဲ့၊ ၂၀၁၃ ခုနှစ်မှာ ကဗျာလောကထဲ ထဲထဲဝင်ဝင်ရောက်ရှိလာပြီး ပညာရေးဆောင်းပါးတွေ ဘာသာပြန်ရေးသားခဲ့၊ ရုပ်ရှင်ခံစားမှုဆောင်းပါးတွေ ရေးသားခဲ့သူ။ ကိုယ်ပိုင် Blog တစ်ခု တည် ဆောက်ထားပြီး ကဗျာပြေးလမ်းထဲ ခြေစုံပစ်ရောက်ရှိနေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေဟာ သူ့ ကိုယ်ရေး အကျဉ်းမှာပါတဲ့ အချက်အလက်အနည်းကို တဆင့်ပြန်တင်ပြခြင်းသက်သက်ပါ။ တကယ်တမ်းကျတော့ ရှိန်ဝါနှင့် ကျွန်တော် မှာ Facebook Friend အဆင့်မျှသာ။ သူနှင့် လူချင်းမရင်းနှီးသလို သူ့ကဗျာများကိုလည်း (ကိုယ့် လေ့လာမှု အားနည်းချက် အရ) အနည်းအကျဉ်းသာ ဖတ်ဖူးထားသူဖြစ်တဲ့အတွက် အခု `ချိုမိုင်မိုင် ရှာတော်ပုံ´ ကဗျာစာအုပ်ကို ရေးရာမှာ ဝေဖန် သုံးသပ်နိုင်စွမ်း အားနည်းနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ကဗျာနဲ့ ကဗျာလောကအပေါ်မှာ သံယောဇဉ် ကြီးသူ၊ မြန်မာကဗျာ ကောင်းကျိုးကို လိုလားသူ၊ မြန်မာကဗျာအသစ်ဖြစ်ထွန်းတိုးတက်ရေးအတွက် တစိတ်တပိုင်း ပါဝင်ထမ်းပိုးသူ၊ ကဗျာဆိုင် ရာ ဘာသာဗေဒများကို စိတ်ပါဝင်စားသူ၊ ကိုယ်ပိုင်ကဗျာဟန်တစ်ခု တည်ဆောက်နိုင်ပြီး ကဗျာတာဝေး ပြေးလမ်းပေါ်မှာ ကဗျာ ရှာပုံတော်ဖွင့်နေသူ ဖြစ်တဲ့အတွက် သူ့ ကဗျာတွေကို စေတနာလက်ဆင့်ကမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
`ချိုမိုင်မိုင် ရှာတော်ပုံ´မှာ ပထမဆုံးသတိပြုမိတာက ကဗျာတွေအားလုံးဟာ ပင်မရေစီးခေတ်ပေါ်ဟန်ရဲ့ အရိပ် လွှမ်းမိုးမှုမတွေ့ရတာ၊ ကဗျာထဲက အချို့သော အကြောင်းအရာတွေ၊ အဓိပ္ပာယ်လုံးဝဖော်လို့မရ(မရှိ)တဲ့ အက္ခရာ အစုအဝေး တွေ ထည့်သွင်းထားတာ၊ လိုင်းတစ်လိုင်းကနေ အခြားလိုင်းတစ်လိုင်းကို အဆက်အစပ်မဲ့ ခုန်လွှား ကူးသန်းရေးချသွားတာ၊ နောက်ပြီး အခြားအနုပညာရပ် (Art Work)များထဲမှ တဆင့်ပြန်လည်ခံစား/ပြုလုပ်/ Coallage ပြုလုပ်ထားတဲ့ ကဗျာတွေ၊ ကဗျာစာသားတွေကို Fragment ပြုလုပ်ပြီး သိမှုကို မေးခွန်းထုတ်တာတွေ၊ ကဗျာဖတ်သူရဲ့ အဓိပ္ပာယ်ရှာဖွေမှုကို ရပ်တန့် သွားစေလောက်အောင် အချိုးဖျက်တည်ဆောက်မှုတွေ စတဲ့ ခေတ်ပြိုင်ကဗျာဆိုင်ရာ နည်းလမ်းတွေကို ရည်ရွယ်ချက် ရှိရှိ အထပ်ထပ်စမ်းသပ်ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
ပထမဆုံး အဖွင့်ကဗျာဖြစ်တဲ့ `ကြည်ကြည်လင်လင် မြင်ရတဲ့ အတည်ပေါက်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဟာသ´မှာတင် ကဗျာဖတ်သူဟာ အကြီးအကျယ် အဓိပ္ပာယ်ေ၀၀ါးမှု/ ရှုပ်ထွေးမှုနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကဗျာတွေဟာ ကဗျာဆရာရဲ့ ကဗျာနေခြင်း သိစိတ်အလျင် (သို့) မသိစိတ်ရဲ့ ရုတ်ချည်းလုပ်ဆောင်မှုအပေါ်မှာ မူတည် နေတဲ့အတွက် ကဗျာဖတ်သူဟာ ဒီလိုကဗျာထဲက သိမှုတစုံတရာ၊ ဒါမှမဟုတ် နားလည်ချင်မှုကို လိုက်ရှာဖွေနေမယ်ဆိုရင် မှားမှာပဲ ဖြစ်ပါတယ်။ ဒီကဗျာမှာ ကဗျာဆရာဟာ သူ့စိတ်ခံစားမှုအလိုကို လိုက်ရင်း ကဗျာထဲက ဇာတ်ကောင်လူသားကို နေရာတွေ အထပ်ထပ်ရွေ့တယ်။ ဇာတ်ကောင်ရဲ့ အထီးကျန်မှု၊ မယုံကြည်မှု၊ သံသယဖြစ်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်တယ်။ ကဗျာအဆုံးမှာ ဇာတ်ကောင်ရဲ့ စိတ်ဒဏ်ရာရရှိမှုဟာ အဆုံးစွန်ထိဖြစ်သွားစေပြီး သေခြင်းတရားကို တောင် မထီမဲ့မြင်ပြုလာတဲ့အထိ ရေးဖွဲ့ပစ်လိုက်တယ်။ ပြီးတော့ နောက်ဆုံးစာကြောင်းနဲ့ ကဗျာဖတ်သူကို ကဗျာအလုပ် တစ်ခု ပြန်ပေးလိုက်ပါတယ်။ ` အဆုံးသတ်ပြီးရင် ဒီကဗျာက ရှိန်ဝါ့ကို ဟားတော့မှာပဲ´ တဲ့။
အိပ်ယာသံတွေဟာ ဘုရားခန်းထဲအထိ ၀င်ရောက် ၀တ်ပြုတယ်။
ထွက်ပြေးဖို့ရာ ရုပ်ပြောင်းနာမ်ပြောင်းဂါထာကိုသာ
စွဲစွဲမြဲမြဲ ရွတ်ဖတ် သရဇ္ဈာယ်ရမယ်။
em;rvnfatmif a&;xm;wnudkvmzwfaeao;wfrMunfhygeJYqdkwmudk
အချက်ပေးသံတွေ လာလာ မလာလာ၊ ကိုယ်တွင်းဗုံးဟာ ဘ၀တစ်ပါးအဖြစ်
ပြန်လည်စလောင်တယ်။ လောင်ပြီးမှ ပြန်လည်စတင်အသံထွက်တယ်။
အရောင်တွေကိုတော့ မတားနိုင်တဲ့ငှက်တွေရဲ့ တစ်ခုတည်းသော ကောင်းကင်
. . . . . . . . . .
. . . . . . . . . .
နှုတ်ခမ်းမွှေးတွေကို ရိတ်ပြီးရင် ပျော်ပျော်ကြီးသေလို့ရပြီ။ (ကိုယ်ချင်းစာတဲ့ အနေနဲ့)
ငါ့အလောင်းကို သူတို့ရှာလို့ လွယ်အောင် အပုပ်နံ့ပေးခဲ့ရမယ်။
(`ကြည်ကြည်လင်လင် မြင်ရတဲ့ အတည်ပေါက်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဟာသ´ ကဗျာမှ)
နောက်တစ်ပုဒ် `ခါး SIZE ချဲ့ထွင်ခြင်း´ မှာလည်း ဒီအတိုင်းပါပဲ။ အောက်ပါစာအုပ်များမှ အပိုင်းအစများအား ယူငင်သုံးစွဲထားပါသည် ဆိုတဲ့ စာအုပ်စာရင်းဟာ အုပ်ရေ ၃၀ တိတိ ရှိပါတယ်။ ရှိန်ဝါဟာ အဲဒီစာအုပ် ၃၀ ထဲက သူ့ဖြတ် ထုတ်ထားတဲ့ စာသား စကားလုံးအပိုင်းအစတွေနဲ့ ` ခါး SIZE ချဲ့ထွင်ခြင်း´ ကို ပြုလုပ်တည်ဆောက်ထားပါတယ်။ ဒီလို ကဗျာတွေမှာ ကဗျာဖတ်သူက ဘာကို ရနိုင်မလဲ။ ကျိုးကြောင်းစပ်ဆက်မှုလား။ အဆက်အစပ်မဲ့မှု အလှတရားလား။ စကားလုံးတွေ စာသားအစုအဝေးတွေမှာ ပါတဲ့ သီးခြားအဓိပ္ပာယ်ကို ဖော်ဆောင်လိုခြင်းလား။ စုစည်းမှုမရှိတဲ့ စုစည်းမှုတစ်ခု (သို့) မတူညီမှုတွေ ပေါင်းစပ်ပြီးမှ ရလာနိုင်မယ့် အသစ်တစ်ခုခုကိုများ ကဗျာဆရာက ပေးချင်တာလား။ ဒါမှမဟုတ် ကဗျာ ဆရာရဲ့ စိတ်ကျေနပ်မှုအလိုဆန္ဒအတွက်ပဲလား။ ဘယ်လိုဖြစ်ဖြစ် ကဗျာဆရာရဲ့ ကဗျာပြုလုပ်ခြင်းဟာ ကဗျာမြောက်မှု ကတော့ ရှိနေတာ အမှန်ပါပဲ။
ဆရာတော် အိန်ဂျယ်သည် လေပူအားကို ယူ၍
သက်ပြင်းထ ထိုင်တော်မူလိုက်သည်။
အဆိုပါ မှားလေ့ရှိသော အမှားများအား
သာမန် ပြဋ္ဌာန်းစာအုပ်အဖြစ်သာမက ကျမ်းကိုးအဖြစ်ပါ အသုံးပြုနိုင်သည်။
ဘယ်တံခါးကိုပဲ ပိတ်ပိတ် နာရီသံကိုတော့ ကြားနေရမှာပဲ။
သက်လတ်ပိုင်းအရွယ်ရောက်လာတာနဲ့
ညနေခင်းတွေဟာ လူတွေကိုယ်ထဲ လမ်းဝင်လျှောက်တော့တာပဲ။
ဒီတစ်ခါတော့ အဲဒီမျှော်လင့်ချက်တွေကို သူဝတ်လို့ မတော်တော့ဘူး။
နာရီတွေကို ခုန်ကျော်ပစ်ဖို့ မျက်လုံးတွေဟာ မပေါ့ပါးတော့ဘူး။
သိဒ္ဓတ္ထဟာ မလုံလောက်ခြင်း ဥာဏ်ပင်နဲ့အတူ ပေါက်ဖွားခဲ့တယ်။
( ခါး SIZE ချဲ့ထွင်ခြင်း ကဗျာမှ)
နောက်ထပ် နောက်ထပ်နဲ့ ရှိန်ဝါကဗျာ့တွေကို ဖတ်ရင်း ဖတ်ရင်း ရှိန်ဝါရဲ့ ကဗျာရေးဟန်နဲ့ ကဗျာ တည်ဆောက်မှု ဟာ ပိုမိုပေါ်လွင်လာတာကို တွေ့ရပါတယ်။ ရှိန်ဝါရဲ့ တစ်ချို့ကဗျာတွေမှာ ကဗျာလိုင်းကူးဆက်ပုံအရ အဓိပ္ပာယ် တည် ဆောက်မှုတစ်ခုကို ဦးတည်သွားတဲ့ ကဗျာတွေတွေ့ရသလို လိုင်းကူးဆက်ပုံအရ ပထမလိုင်းရဲ့ လာရာအဓိပ္ပာယ်ဟာ နောက်တစ်လိုင်းရဲ့ ဆက်ခံရာ အဓိပ္ပာယ်နဲ့ ဘယ်လိုမှ ချိတ်ဆက်လို့ မရတဲ့ ကဗျာတွေလည်း အများကြီးတွေ့ရပါတယ်။ ထပ်ပြောရရင် ကဗျာတစ်ပုဒ်ရဲ့ လိုင်းတစ်လိုင်းချင်းစီဟာ သီးခြားအဓိပ္ပာယ်တွေနဲ့ အပြိုင်ဖြစ်ထွန်းနေတဲ့ ကဗျာတွေ ရှိသလို လိုင်းအားလုံးရဲ့ ဦးတည်ရာညီညွှတ်မှုတစ်ခုခုရှိနေတဲ့ ကဗျာတွေလည်း ရှိတယ်လို့ ဆိုရမှာပါပဲ။ ဥပမာပြောရရင်` ချိုမိုင်မိုင်´၊` ခေါင်းစဉ်ဟာ ပထမဦးဆုံးအကြောင်း´၊ ` ပထ၀ီညံ့ရာက စလို့´၊`အကြောင်းအရာ။ ။ ခွင့်တိုင်ကြားခြင်း´၊ `ရည်ညွှန်းစာ(22.1.1985)´၊ `မိတ္တူကို´၊ `အတွင်းတွင်တွင်ရေး´၊ `မှဲ့ခြောက်´ စတဲ့ ကဗျာတွေဟာ လိုင်းကူးဆက်ပုံအရ သီးခြားစီ အပြိုင်ဖြစ်ထွန်းနေတဲ့ ကဗျာတွေလို့ တွေ့ရှိရပြီး ` နေ့တိုင်း ရုပ်ရှင်တွေ လာနေတာ အံ့သြဖွယ်ရာ´၊ `လည်နေတဲ့ စားပွဲဝိုင်းတွေ´၊ ` စင်ပေါ်မှာ ရှိန်ဝါ´၊` မျက်လုံးများ´၊`သကြားလုံးချိုချိုလေးတွေကို ဖောက်ခွဲပစ်ဖို့ တူရာစု´၊ ` မြားခေါင်း စိုက်ရောဂါ(ပထမနာမ်စားဖြင့်)´၊ `ဗေဒါ ပန်းပြီ´၊ `ခြေမန်းကွင်း´၊ `မပြည့်တန်ဆာ(ကြိုက်သလိုအသံထွက်ပါ)´၊`မြူ´၊ ` စန္ဒယားတစ်လုံးပေါ်က ခရီးကြမ်း´၊` လမ်းပေါ်က ကားအို´ စတဲ့ကဗျာတွေမှာ ကဗျာလိုင်းတွေဟာ စုစုစည်းစည်းနဲ့ ကဗျာ ဖြစ်မှုကို ဦးတည်နေတာ တွေ့ရပါတယ်။ အစွန်းတဖက်ကို ရပ်ပြီး ပြောရမယ်ဆိုရင်တော့ ရှိန်ဝါဟာ Collage ကဗျာ ရေးဟန် မှာ အကျွမ်းတ၀င်ရှိပြီး ပိုမို နှစ်နှစ်ကာကာ ရေးသားအားထုတ်ထားတာကို တွေ့ရတယ်လို့ ဆိုချင်ပါတယ်။
သတိရလို့ကြည့်လိုက်တော့ ငါ့ခြေထောက်တွေက ငါ့ကို ပြေးနေပြီ
ရေအိုင်ထဲ ပြန်ငုံ့ကြည့် ၊ ကိုယ့်ကိုယ်ကိုယ် ခေတ်စားကြည့်တော့
သတင်းစာ သွားကြားညှပ်နေတဲ့ အမွေးစုတ်ဖွား ပြုံးဖြီးဖြီးကြီး
စာမျက်နှာတွေပေါ် ရောက်ဖို့ဆို၊ လိင်တံတစ်ချောင်းလိုအပ်တယ်
ဟု တင်မိုသီလျူမှ ရေးသား၊ ထောင့်တွေ့ရင် ချိုးပစ်လိုက်တယ်
ဘယ်/ညာ၊ ခေါင်း/ပန်း ဘာမှ မစဉ်းစားတော့တဲ့ အမိုက်လင်းမီးတွေ
ထောင့်တစ်ထောင့်မှာ မျက်နှာညှိုးငယ်နေတဲ့ ငါ့အမေ
ငါ ဘယ်လောက်ပြေးပြေး သူကပ်ပါလာတယ်
(ချိုမိုင်မိုင် ကဗျာမှ)
သောကြာနေ့ဟာ ည၀တ်အင်္ကျီဖြစ်တယ်။ ပြန့်ကျဲနေတဲ့
ခရုတွေကို သနားလို့ ပင်လယ်တွေကို တဂျွမ်းဂျွမ်း တက်နင်းပစ်လိုက်တယ်။
အမိုက်မှောင်ထဲ တိုးဝင်ဖို့ ရှုခင်းကောင်းကောင်းပြတင်းပေါက်တွေ
လိုအပ်တာပဲလား။ သော့ပေးလိုက်တယ်။ ဘယ်လိုဖွင့်ရမလဲ မပြောဘူး။
ဟင်းသီးဟင်းရွက်ထဲက ပိုးကောင်တွေရဲ့ အက။ ယမန်နှစ်က တိုင်းထွာချက်
များအရ ဤကဗျာအား အပိုဒ်ခွဲလိုစိတ် ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
(ပထ၀ီညံ့ရာက စလို့ ကဗျာမှ)
ဟထားတဲ့ ပါးစပ်ထဲကနေ တင့်ကားတွေ တစ်စီးပြီးတစ်စီးအထွက်
မရိုးနိုင်တဲ့ အမှောင်ခြောက်တွေ မီးထလောင်တယ်။ တဲတဲကလေး
ချောက်ကမ်းပါးစွန်းမှာ ဘီးနှစ်ဖက်ကျ ကူကယ်သူလက်ပြင်များ
ချစ်သူက ရပ်နေပေမယ့် ဆံပင်တွေ လွင့်နေတာ။ ခေါင်းတွေ လွင့်နေတာ
ဆေးရုံခုတင်နား ၀ိုင်းလာကြပြီ ဇွမ်ဘီးတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ
ကြက်ခြံထဲ ကြက်ဥတွေ ၀င်ခိုးပြီး ဓားနဲ့ ကြိတ်လှီးရာက
ပွင့်ကုန်တဲ့ သွေးပန်းတွေ။
(နေ့တိုင်း ရုပ်ရှင်တွေ လာနေတာ အံ့သြဖွယ်ရာ ကဗျာမှ)
ဆေးဝါးနဲ့ သေနတ်တွေကို သင်္ဘောတစ်စင်းထဲ တင်ပို့လိုက်တယ်။
ကျန်ကျောင်းဟာ သူ့ရဲ့ ကျောက်စိမ်းဓားကို ဆွဲထုတ်လိုက်တယ်။
ကလေးတိုင်းလိုလို မီးလင်းတဲ့ ကစားစရာဆိုရင် ကြိုက်တတ်ကြတယ်။
ကလေးဟာ သူ့ဆိုင်ကယ်လေးကို ဖျာပေါ်မှာ မောင်းလို့ မဆုံးဘူး။
ဘဲတစ်ကောင် ရေခါတာကို သူ့အသိုင်းအ၀ိုင်းက ဘယ်ဘဲမှ စောက်ဂရုမစိုက်ဘူး။
လွယ်အိတ်ထဲက သမိုင်းစာအုပ်ထဲမှာ ဒီနေ့အဖို့ မုန့်ဖိုးမပါတော့ဘူး။
(လည်နေတဲ့ စားပွဲဝိုင်းတွေ ကဗျာမှ)
ဆရာ ဇေယျာလင်းရဲ့ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများထဲက ` ကော်လာ့ဂ်ျ အကြောင်း တစေ့တစောင်းဆောင်းပါးပါ အချက်အလက်တစ်ချို့နဲ့ ချိန်ကိုက်ကြည့်ရင် ရှိန်ဝါရဲ့ ကဗျာအများစုဟာ ကျိုးကြောင်းဆင်ခြင် ယုတ္တိကို ဆန့်ကျင်တယ်။ ရည်ရွယ်ချက်ရှိရှိသုံးစွဲတယ်ဆိုရင်လည်း တပိုင်းပဲ မှန်မယ်။ ဖရိုဖရဲဖြစ်ခြင်း၊ အစီအစဉ်မကျခြင်း၊ တိုက်ဆိုင်မှုဖြစ်ခြင်း၊ မတော်တဆရရှိလာတဲ့ ပစ္စည်းတွေကို စွဲယူသုံးစွဲခြင်း စတာတွေကို ကြည့်ရင် ရှိန်ဝါရဲ့ Collage ကဗျာတည်ဆောက်မှုဟာ အောင်မြင်တယ်လို့ ပြောလို့ရပေမယ့် ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာထဲကနေ နားလည်မှု၊ အဓိပ္ပာယ် သိလိုမှု၊ ကြည်နူးမှု စတာတွေကို လိုက်ရှာနေမယ့် ကဗျာဖတ်ပရိသတ်အတွက်တော့ ခက်ခဲတဲ့ကဗျာတွေ ဖြစ်နေဦးမှာ အမှန်ပါပဲ။ အဆုံးသတ်အနေနဲ့ပြောရရင် ရှိန်ဝါရဲ့ ကဗျာအများစုဟာ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာလိုက်ဖက်ညီမျှမှု ရှိနေတယ်။ ရှိန်ဝါဟာ ကဗျာထဲကနေ သိမှု၊ အရှိတရား၊ အမှန်တရား၊ အဓိပ္ပာယ်နားလည်မှု စတာတွေကို ချပြတာ မဟုတ် ဘူး။ ကဗျာအဆောက်အအုံတစ်ခုကို အချိုးကျကျ တည်ဆောက်ပြတာပဲဖြစ်တယ်။ သူ့ကဗျာထဲက စာသားတွေဟာ Fragmentation ပိုင်းစစိတ်မွှာမှုတွေ ပြုလုပ်ထားပေမယ့် ပြေပြစ်ညီညွှတ်မှုရှိနေတယ်။ ကဗျာထဲက မတူညီတဲ့ အဓိပ္ပာယ် တွေ စာသားတွေ စကားလုံးတွေဟာ စက်ယန္တရားတစ်ခုလို ပေါင်းစပ်ပြီး မှန်ကန်စွာ လည်ပတ်နေတယ်။ ကဗျာမြောက် နေတယ်။ ဒါဟာ ကျွန်တော် ရှာတွေ့တဲ့ ချိုမိုင်မိုင်ပါပဲ။ ရှိန်ဝါရှာနေတဲ့ ချိုမိုင်မိုင်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါကြောင့် ခင်ဗျားလည်း ကိုယ်တိုင်ရှာပါ။ ချိုမိုင်မိုင် ရှာတော်ပုံခရီးမှာ ကျွန်တော်တို့နဲ့အတူတူ လိုက်လာပါ။ မေးခွန်းတွေက ပျင်းစရာ ကောင်းပြီး မသိမှုတွေကို ရှာဖွေရတာ ပျော်စရာကောင်းပါတယ်။ ကဗျာဆရာ ရှိန်ဝါကိုယ်တိုင်လည်း ချိုမိုင်မိုင်ရှာတော်ပုံ ခရီးမှာ အကြီးကျယ်ဆုံးသော ဥာဏ်ပညာနဲ့ ကဗျာကို အမြန်ဆုံးတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မင်းနဒီခ
(၂၄၊ ၅၊ ၂၀၁၅)
နှင်းဆီဖြူ ဂျာနယ်၊ အမှတ် ၈၊
၅၊ ဇွန်၊ ၂၀၁၅

No comments:
Post a Comment