Tuesday, July 30, 2013

အဖေ့အမှတ်ရချက်များ



အဖေ့အမှတ်ရချက်များ

၈.၈.၁၉၈၈ တုန်းက ကျွန်တော်က ခုနှစ်နှစ်သားပဲ ရှိသေးသည်။ လူမမယ်ကလေး တစ်ယောက် အတွက်တော့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ဘာတစ်ခုမှ သိနားလည်ခြင်းမရှိသေးသည့်အရွယ်။ ဒါပေမယ့် ကျွန်တော်သိရှိနားလည်ခံစားလိုက်ရသည်က အကြောက်တရားပင် ဖြစ်သည်။ အဖေက ရေဒီယိုကို နားနှင့်မခွာ နားထောင်နေသည်။ ရေဒီယိုမှ လာသော သတင်းများသည် ကျွန်တော့်အတွက် နားလည်စရာတစ်ခုမှ မပါပေမယ့် တိုင်းပြည်၏ မငြိမ်သက်မှုများက ကျွန်တော့်တို့ မိသားစုတစ်ခုလုံး ကိုပါ စိတ်မောလူမော လှုပ်ရှားနေစေခဲ့သည်။ ကိုယ့်တစ်မိသားစုတည်းလားဆိုတော့ မဟုတ်။ ထိုရက် များက အိမ်တိုင်းအိမ်တိုင်း စိုးရိမ်သောကတွေ၊ ဒေါသတွေ၊ ပွက်ပွက်ဆူနေသည့် စိတ်ဆန္ဒတွေနှင့် မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ စိတ်ချမ်းသာပျော်ရွှင်မှုကို မတွေ့ရ။ မကြာမီအချိန်အတွင်းမှာ လူထု လှုပ်ရှားမှုကြီးတစ်ခုပြုလုပ်တော့မည်ဟုသော သတင်းကို အဖေ့ဆီမှ သဲ့သဲ့ကြားနေရသည်။ အဖေ သည် အမေ့ကို လက်ပတ်အနီတွေ ခေါင်းစီးအနီတွေကို သိမ်းဆည်းခိုင်းနေသည်ကိုလည်း တွေ့ရ သည်။ တကယ်တမ်းကျတော့ အဖေသည် နန်းရှေ့စစ်ကြာင်း အလံကိုင်တစ်ဦး၊ ထိုထက်ပိုပြောရလျှင် လုံခြုံရေးတာဝန်ခံတစ်ဦး။ အဖေသည် နန်းရှေ့စစ်ကြောင်းအလံကိုင်ပြီး ရှေ့တန်းမှ သေရဲသူများ စာရင်း တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ အစာငတ်ခံဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ ခင်မကန်ကျောင်းတိုက် ဆရာ တော် ဦးဓမ္မဦးဆောင်သော နန်းရှေ့စစ်ကြောင်းနှင့် သပိတ်စခန်းအသိမ်းခံရသည့်အခါ သေပြေး ရှင်ပြေး ပြေးရင်း တောထဲတောင်ထဲ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခတွေ ကြုံခဲ့ရသည်။ စားစရာ ထမင်းမရှိ သဖြင့် တောထဲရှိဆီးဖြူသီးကိုက်ကာဝမ်းမီးငြိမ်းစေပြီးပုန်းအောင်းနေခဲ့ရသည်။အဖေထိုသို့ စစ်ကြောင်း နှင့်လိုက်ပြီး အိမ်ပြန်မလာနိုင်သည့်အခါ အိမ်တွင် ကျွန်တော်ရယ်၊ ငါးနှစ်သား ညီလေးရယ် ။ နောက် ထပ် လူ့လောကထဲရောက်မလာသေးသည့် ကိုးလသားညီငယ်လေး၏ ကိုယ်ဝန်ရင့်မကြီးကို လွယ်ထား ရသော အမေရယ် သုံးယောက်ပဲ ကျန်ခဲ့သည်။ ဆန္ဒပြသူများအား လိုက်လံ ရှာဖွေဖမ်းဆီးသည့်လူများ အိမ်သို့ ၀င်ရောက်ရှာဖွေသည့်အခါ အမေသည် သူရဲကောင်းဆန်ဆန် အဖေ့အား ကာကွယ်ပေးခဲ့ သည်။ တကယ်တမ်းကျတော့ အိမ်ထဲတွင် အဖေ့ခေါင်းစီးအနီ လက်ပတ် အနီများရှိနေသည်ကို ကျွန် တော်သိသည် ။ သို့သော် လာရောက်ရှာဖွေဖမ်းဆီးသူများသည် ထိုခေါင်းစီးများ၊ လက်ပတ်များကို မတွေ့ခဲ့။ တွေ့များ တွေ့သွားခဲ့လျှင် ဟူသော အတွေးကို ကျွန်တော် ခုချိန်ထိ မတွေးရဲဝံ့ပေ။ မန္တလေး မြို့၏ လူထုလှုပ်ရှားမှုသည် တကယ်တမ်းကျတော့ ၈.၈.၈၈ တွင် အများကြီးအုံကြွလှုပ်ရှားလာခြင်း မရှိသေး။ တစ်ချက် တစ်ချက် နားထဲပျံလွင့်လာသော တို့အရေး အော်သံများက ဝေးသွားလိုက်၊ နီးသွား လိုက်၊ တိုးသွားလိုက်၊ ကျယ်သွားလိုက်။ ထိုနေ့က အဖေအိမ်မှာ ရှိနေသေးသည်။ အဖေသည် လက် ဖက်ရည်ဆိုင်သွားလိုက်၊ အိမ်ပြန်လာလိုက်၊ အမေနှင့်  တီးတိုးစကားများပြောလိုက်၊ စိတ်ချဖို့ အထပ် ထပ် မှာလိုက်၊ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို နမ်းလိုက်နှင့် အဖေစိတ်တွေ အရမ်း လှုပ်ရှား နေသည်။ ထို့နောက် အဖေသည် သူယုံကြည်ချက်ကို အသက်နှင့် ရင်းပြီး နန်းရှေ့သပိတ် စခန်းတွင် ပူးပေါင်းကာ လမ်းလျှောက်ဆန္ဒပြသူများနှင့် အတူပါဝင်သွားခဲ့သည်။ အမေသည် အိမ်တံခါးများကို ပိတ်လိုက်သည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လက်များကို ဖျစ်ညှစ်ကာ မကြောက်ဖို့ ပြော သည်။ ထိုညက အဖေပြန်မလာ။ ညအမှောင်ထဲတွင် အမေနှင့်အတူ အဖေ့ကို မျှော်ရင်း မိုးလင်းခဲ့ ရသည်။ အဖေသည် နောက်ရက်များတွင်လည်း ပြန်လာမအိပ်ခဲ့။ အဖေတို့ သပိတ်စခန်းမှာ လူစု နေကြသည်။ နောက်တစ်ရက်တွင် အဖေ့သူငယ်ချင်းတစ်ယောက် အိမ်သို့ ရောက်လာပြီး သူတို့အဖွဲ့ တွေ ခင်မကန်ဘုန်းကြီးကျောင်းတိုက်ထဲတွင် ညအိပ်ကြသည်ဟု လာပြောသည်။ မစိုးရိမ် ကြဖို့ မှာလိုက်သည်။ ၈.၈၈၈ နေ့က ထိုသို့ ပြီးဆုံးသွားသော်လည်း မှတ်မှတ်ရရ ဘယ်တော့မှ မမေ့ နိုင်စရာ အဖြစ်အပျက်တစ်ခုက ၂၆.၈.၈၈ နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပွားခဲ့သည်။ ထိုနေ့က မန္တလေးမြို့၏ မန်းရာပြည့်ကွင်းကြီးများ မြို့လုံးကျွတ်လူထုဆန္ဒပြပွဲ ပြုလုပ်သည့်နေ့။ ထိုနေ့တွင် အမေသည် ကျွန် တော့်၏ ဒုတိယမြောက်ညီငယ်လေးကို မွေးဖွားပေးခဲ့သည်။ အမေကလေးမွေးသည့် အကြောင်းကို ကျွန်တော့် အစ်ကိုဝမ်းကွဲက အဖေ့ဆီသို့ အရောက်သွားပြီးပြောခဲ့သည်။ ထိုအချိန်တွင် အဖေသည် အလံကို ကိုင်ကာ နန်းရှေ့ဈေးမှ စတင်ချီတက်လာသည့်အချိန်ဖြစ်သည်။ အဖေသည် သူ့လက်ထဲမှ အလံအား အခြားတစ်ယောက်သို့ လွှဲပေးလိုက်သည်။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ဝယ်ကာ အမေ့၏ မီးနေခန်းလေးဆီသို့ ရောက်လာသည်။ ကျွန်တော်က အဖေ၀ယ်လာသော လက်ဖက်ရည် ခွက်ကို ဖန်ခွက်လေးထဲသို့ထည့်ပြီး အမေ့ဆီ ပေးလိုက်သည်။ အဖေက သူ့တတိယမြောက်သားကို သီဟ လို့ နာမည် ပေးလိုက်ပြီး နန်းရှေ့စစ်ကြောင်းဆီသို့ အမှီ ပြန်ထွက်သွားခဲ့သည်။ အမေသည် အဖေ ၀ယ်လာပေးသည့် လက်ဖက်ရည်ခွက်ကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို သောက်စေသည်။ မိန်းမတစ်ယောက် ကလေးမွေးနေသည့်အချိန်တွင် အနီးအနားမှာ ရှိမနေနိုင်သည့် လင်ယောင်္ကျားအား အမေစိတ်ဆိုး နေမည်လား။ သို့မဟုတ် အဖေ့ဆုံးဖြတ်ချက်များအတွက် အမေစိတ်ကျေနပ်နေမည်လား ကျွန်တော် မသိပါ။ ကျွန်တော်သိသည်မှာ အဖေသည် သမိုင်းပေးသော တာဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းပိုးပါဝင် ခဲ့သည်ဟုသာ ဖြစ်ပါသည်။

မင်းနဒီခ

ဆူညံသော ၀န်ချီစက်ဟာ ခေတ်တစ်ခေတ်ထဲ တဂျိန်းဂျိန်းလည်ပတ်လျှက်


ဆူညံသော ၀န်ချီစက်ဟာ ခေတ်တစ်ခေတ်ထဲ တဂျိန်းဂျိန်းလည်ပတ်လျှက်

စာအုပ်အမည်                      ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှု
ရေးသူ                               ခေတ်ပေါ်ကဗျာဆရာများ
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဇူလိုင်လ
ထုတ်ဝေသည့် တိုက်               ဇေယျတု စာပေတိုက်

` တစ်လောက ကျွန်တော့်ဆီရောက်လာတဲ့ ကဗျာစုစည်းမှု တစ်ခုကို ဖတ်ကြည့်တယ်။ `` ဆူညံသော ၀န်ချီစက်´´ တဲ့။ ကောင်းလိုက်တာ။ ကဗျာရနံ့သစ်ကလေးတွေ ရှိုက်ရတယ်။ ကဗျာဓါတ်သစ်ကလေးတွေ ပွားရတယ်။ ကဗျာသံစဉ်သစ်ကလေးတွေ ကြားရတယ်။ ကဗျာအိပ်မက်ကလေးတွေ မက်ရတယ်။ ၀န်ချီစက်သံ ဆူညံနေပေမယ့် အိပ်မက်ရာက လန့်မနိုးဘူး။ တကယ်တော့ ဒါတွေ အားလုံး တံလျှပ်တွေ ဖြစ်နိုင်ပါရဲ့။ မတတ်နိုင်ပေဘူးပေါ့လေ။´
`ခေတ်ဝန်ကို ချီတဲ့ ပိုးတဲ့ သယ်တဲ့ ဆောင်တဲ့ စက်တွေဆိုတော့ ဆူညံရမှာပဲပေါ့။´
( ဟံသာဝတီ ဦးဝင်းတင်)
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကဗျာအိပ်မက်ဟု ခေါင်းစီးပေးထားသော အမှာစာနှင့်အတူ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ တောင်တွင်း၊ မုံရွာ၊ ရေဦး၊ မတ္တရာ အစရှိသည့် မြို့အသီးသီးမှ ကဗျာဆရာ (၆၇) ဦး၏ ကဗျာ (၆၇)ပုဒ်ပါဝင်သောဆူညံနေသော ၀န်ချီစက် ကဗျာစုစည်းမှု စာအုပ်တစ်အုပ် မန္တလေးမှ ကဗျာဆရာ ဘိုလ်သိန်း၏ စီစဉ်မှုဖြင့် ၂၀၁၃၊ ဇူလိုင်လတွင် ထွက်ရှိလာခဲ့ပါသည်။ ပါဝင်ရေးသားသော ကဗျာဆရာများ အားလုံး သည် ခေတ်ပေါ်ကဗျာတစ်ခေတ်ထူထောင်ခဲ့ကြသည့် ကဗျာဆရာကြီးများနှင့် ခေတ်ပေါ်ကဗျာ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည့် ယခုလက်ရှိလူလတ်ပိုင်းကဗျာဆရာများ။ ထိုသို့သော ကဗျာကလောင်များနှင့် စုစည်းထုတ်ဝေလိုက်သည့် ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှု စာအုပ်တန်ဖိုး (၁၀၀၀) ကျပ်ဆိုသည်မှာ ကဗျာစာအုပ် ၀ယ်ဖတ်သူတစ်ဦးအတွက် မျက်စိစုံမှိတ်ဝယ်ပစ်လိုက်ရအောင် ထိုက်တန်လွန်းနေသည်။ ဤသည် မှာ ကဗျာစာအုပ်စီစဉ်သူ ဆရာဗိုလ်သိန်း၏ ကဗျာဖတ်သူအပေါ်ထားရှိသော စေတနာပင် ဖြစ်ပါလိမ့်မည်။ သို့သော်လည်း မြန်မာနိုင်ငံလူဦးရေ သန်းခြောက်ဆယ်ကျော်၊ အွန်လိုင်းနှင့်ပုံနှိပ်မီဒီယာ ကဗျာရေးသူ၊ ကဗျာ ဖတ်သူပေါင်း မရေတွက်နိုင်အောင်များပြားသော်လည်း အုပ်ရေတစ်ထောင်သာထုတ်ဝေသည့် ကဗျာစာအုပ် ရောင်း ကုန်ဖို့ကလည်း မလွယ်သည့်ခေတ်ကာလ။ ငွေရင်းပြန်မရနိုင်သော်လည်း ကဗျာချစ်မက်စိတ်တစ်ခုတည်း နှင့် ကဗျာဆရာများသည် ကိုယ့်ချွေးနည်းစာလေးနှင့်ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြရသည်။ ကိုယ်ဖန်တီး ထားသော ကဗျာတစ်ပုဒ်၊ ကိုယ်စုစည်းထားသောကဗျာများ စာအုပ်လေးတစ်အုပ်အဖြစ် ကဗျာဖတ်သူထံ ပို့ပေးလိုက်ရသည့် ပီတိလေးတစ်ခုတည်းနှင့် ကဗျာစာအုပ်များကတော့ ခေတ်အဆက်ဆက် ထွက်ပေါ်ခဲ့ကြ သည်။ ထွက်ပေါ်နေကြ သည်။ ဆက်လက်လည်း ထွက်ပေါ်နေကြပါလိမ့်ဦးမည်။
ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှုထဲမှာ ကဗျာဆရာများကို ခေတ်ပေါ်ကဗျာ ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်းဟူ၍ အပိုင်းသုံးပိုင်းခွဲတင်ဆက်ကြည့်ချင် မိသည်။ ကိုယ်လက်လှမ်းမမှီခဲ့သော ခေတ်ကာလတစ်ခု ကို မှတ်သားမိသလောက်နှင့် ပိုင်းခြားရခြင်းဖြစ်သဖြင့် မှားယွင်းမှုများရှိလာနိုင်သော်လည်း ထိုမှားယွင်းမှုကို တစ်စုံတစ်ဦးက ပြန်လည်အမှန်ပြင်ပေးခဲ့သော် ယနေ့ခေတ် လူငယ်ကဗျာဆရာများလေ့လာမှတ်သားရာတွင် ပိုမို အကျိုးရှိနိုင်ပါလိမ့်မည်ဟူသော အတွေးဖြင့် ရဲရဲပိုင်းခြားမိခြင်း ကိုတော့ ၀န်ခံမိပါသည်။
အကြမ်းအားဖြင့် ခေတ်ပေါ်ကဗျာ၏ အဆင့်ဆင့်ဖြတ်သန်းမှုများကို ခုနှစ်သက္ကရာဇ်များဖြင့် စဉ်ကြည့် လျှင်  ၁၉၇၀ ၀န်းကျင်တ၀ိုက်တွင် မြန်မာကဗျာရေစီးသည် စာပေသစ်၊ မိုးဝေကဗျာ၊ တော်လှန်ကဗျာများမှ အဆင့်ဆင့် တည်ဆောက်ပြောင်းလဲလာပြီး ခေတ်ပေါ်ကဗျာအဖြစ် စတင်ရုပ်လုံးကြွပေါ်ပေါက်လာခဲ့သည်။ ၁၉၉၀ ၀န်းကျင် သည် ခေတ်ပေါ်ကဗျာ၏ အားအကောင်းဆုံးနှင့် မြန်မာကဗျာရေစီးတွင် ခေတ်ပေါ်ကဗျာဆရာ တင်ကျန်မှု အများ ဆုံးနှစ်ကာလများဖြစ်ခဲ့သည်။ ခေတ်ပေါ်ကဗျာနှောင်းပိုင်းကိုတော့ ယေဘုယျအနေဖြင့် ၂၀၀၀ မှ ၂၀၁၀ ခုနှစ် အပိုင်းအခြားကို သတ်မှတ်ချင်မိသည်။ ၂၀၁၀ နောက်ပိုင်းခေတ်ပေါ်ကဗျာမရှိတော့ဘူးလားဟု မေးခွန်းကိုတော့ ရှိတော့ရှိသေးသည်။ အားမကောင်းတော့ဟုသာ အဖြေပေးမိမည်ထင်ပါသည်။ ယခု ဆူညံ သောဝန်ချီစက် ကဗျာစုစည်းမှုစာအုပ်ထဲမှ ခေတ်ပေါ်ကဗျာဆရာများသည် သူ့ခေတ်နှင့်သူ ခေတ်ပေါ်ကဗျာ ဖြတ်သန်းမှု အဆင့်ဆင့်တွင် နေရာတစ်နေရာခိုင်မာစွာရပ်တည်ခဲ့ကြပြီး ကလောင်တည်ဆောက်နိုင်ခဲ့ကြသူ များပင် ဖြစ်သည်။ မကြောက်မရွံ့ပြောရလျှင် ယခု ကဗျာစာအုပ်ထဲမှ ခေတ်ပေါ်ခေတ်ဦးကဗျာဆရာများအဖြစ် (ဆရာ) အောင်ချိမ့်၊ မောင်သင်းခိုင်၊ မောင်အောင်ပွင့်၊ အုန်းမြင့်လှိုင်၊ ပိုင်စိုးဝေ၊၀င်းမောင်၊ မောင်နွေထက်၊ မောင်ကြူးရင့်။ ခေတ်ပေါ်ကဗျာအားကောင်းဆုံးကာလဖြစ်သည့် ၁၉၉၀ ၀န်းကျင်တ၀ိုက် ကဗျာဆရာများအဖြစ် (ဆရာ ) နေမျိုး၊ အောင်ဘညို၊ မောင်စိမ်းသစ်၊ ဇော်ဝေ၊ ကိုထက်(ရေဦး) ကိုသော်(ရေဦး)၊ ၊ ကိုဒြပ်၊ မောင်နန်း ဝေ(ဗန်းမော်)၊ မာတေးအို၊ ဟာရီကိန်း၊ ဝေရီ၊ သီဟနှင်းစော၊ မောင်နီဦး၊ ဟိန်းမြတ်ဇော်၊ ထက်တည်မြင့်၊ နိုင်းနိုင်၊ ရိုးဒီ၊ တင်လတ်ကို၊ ညီမိုးအေး၊ ထွန်းဝေမြင့်၊ ၀င်းမြင့်၊ ဇေယျာလင်း၊ မိုးဝေး၊ လူဆန်း၊ ကိုရွေး၊ မိုဃ်းဇော်၊ မောင်ဖီလာ၊ လက်ျာဝင်း၊ စေတ၊ ကြည်ဇော်အေး၊ စံညိမ်းဦး၊ ငြိမ်းသစ်၊ မောင်တင်သစ်၊ ၊ ထွန်းလွင်သွယ် (ဆူးဖြူ ရိပ်)၊ နေမော်ဟိန်း၊ အိုအောင်၊ လှိုင်းထက်၊ မိုးကျော်အောင်၊ မောင်ရှင်စော၊ အောင်နှင်းသစ်၊ ပိုင်သစ်နွယ်၊ ဇော်ထိန်၊ ကိုအိမ့်၊ ဘိုလ်သိန်း၊ မောင်ရဲနွေ၊ ဘိုညဏ်၊ ရဲနန္ဒာမိုး။ ခေတ်ပေါ်ကဗျာနှောင်းပိုင်း ၂၀၀၀ ခုနှစ် နောက်ပိုင်းကဗျာဆရာများအဖြစ် ထူးညို၊ နေညိုအောင်၊ လူနှင်းချို( မတ္တရာ) သက်ငြိမ်သစ်၊ မြေမှုန်လွင်၊ မြတ်မင်းခန့်၊ ၊ ဒီမို(မန္တလေး)၊ လင်းသက်ငြိမ်၊ တို့ ပါဝင်သည်ကိုတွေ့ရပြီး (ဆရာမ) ချစ်ခြင်းလှိုင်၊ နှင်းဆီအောင် နှင့် ဆရာမ မကို တို့ကိုတော့ ကဗျာအရေးနည်းသည့် မန္တလေးဝတ္ထုတို ရွှေခေတ်က ၀တ္ထုတို ဆရာမများအဖြစ် တွေ့ရှိရသည်။ အထက်ပါအခင်းအကျင်းသည် ယခု ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှုစာအုပ်ထဲတွင် ပါဝင်ရေးသားကြသည့် ကဗျာဆရာများကိုသာ ခေတ်အပိုင်းအခြားဖြင့် ခွဲခြားကြည့်မိခြင်းသက်သက်သာ ဖြစ်ပါသည်။
ဆူညံသောဝန်ချီစက်သံကို နားထောင်ကြည့်မိသည့်အခါ ခေတ်ပျက်ကြီးတစ်ခု၏အသံကို ကြားရသည်။ အမှောင်ခေတ်ထဲမှ မီးဖွားလို ရဲနေသည့်အရောင်တွေကို မြင်ရသည်။ ထို့အတူ နှစ်ခြောက်ဆယ်မျှော်လင့်ခြင်း များအကြောင်း၊ မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေးအကြောင်း။ တလူလူလွင့်နေဆဲ အလံများအကြောင်း၊ စွန်းပေခဲ့ရသည့် သွေးစက်များအကြောင်း၊ အဖြေမရှိသည့်မေးခွန်းများအကြောင်း စသည်ဖြင့် ခေတ်ကို ထင်ဟပ် ဖွဲ့ဆိုထားသည့် ကဗျာများနှင့် ကဗျာဖတ်သူများ ရင်းနှီးပြီးသား ကဗျာတစ်ချို့အား ရွေးချယ်စုစည်းထားသည်ကို နားထောင်လိုက်ရသည်။

မိသားစုအခန်းများကဏ္ဍ
ကမ္ဘာဦးပုံသဏ္ဍာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ
ငါတို့ခေတ်မှာ
ငါတို့ဟာ
ချစ်ခြင်းမေတ္တာကို ယူလာနိုင်ခဲ့လို့လား
( အောင်ချိမ့်- လမ်း ကဗျာမှ)

တောင်အင်းမြောက်အင်းမှာ
ကြာနီကန်မှာ
ဝိညာဉ်တွေ ကျွတ်ဖို့ လွတ်ဖို့
အမျှဝေကြ သာဓုခေါ်ကြ။

ငါတို့က ဘယ်တော့
လွတ်မှာ ကျွတ်မှာလဲ။
( အောင်ဘညို- မေးခွန်း ကဗျာမှ)

အဖြစ်အပျက်က
တစ်မိနစ်တိုင်း ငြိမ်သက်နေတဲ့
အနက်ရောင်လက်ပတ်လေးတစ်ခုပါပဲဆိုတော့
ငါ့ကိုယ်ငါ သွေဖည်တယ်
ဒေသခံတွေလို ရွေ့လာတယ်
သွေးထွက်အောင်မှန်တဲ့ စကားတွေ ပွင့်လာတယ်။
စားပွဲအောက်က စားကျက်အတုကို ပပျောက်စေချင်တယ်။
( ထက်တည်မြင့် - ခေတ္တနေ့လည်ခင်း ကဗျာမှ)

မိုးလွတ်တာနဲ့ ကျွန်တော်တို့ စွန်လွှတ်တော့တာပါပဲ
ဝကလေးတစ်လုံးကို လှအောင် ရေးဖို့ဆိုရင်တောင်မှ
လမင်းကြီးကို ပြည့်အောင်စောင့်ရတယ်
ကျည်ဆံခွံတွေကို ပိဿာချိန်နဲ့ ရောင်းစားလိုက်ကြတယ်
အထဲက အသံတွေကိုတော့ မ၀ယ်ကြလိုဘူး။
(၀င်းမြင့် - စာသားမြှပ်နှံခြင်း ကဗျာမှ)

သြော် ခုတော့ တို့ဗိုလ်ချုပ်ကို တို့ထက်ချစ်သူတွေ
ဒေါ်စုကို တို့ထက်လေးစားသူတွေ အသီးသီးပေါ်လာကြ
တို့မြို့သစ်လေးကိုလည်း တို့ထက်ချစ်သူတွေ
ပေါ်မလာနိုင်ဘူးလို့ ဘယ်သူတွေရော အာမခံပြောနိုင်ကြမလဲ
တွေးရင်းတိုးရင်း တိုးရင်းတွေးရင်း ဘတ်စ်ကားဟာ တံတားအဆင်း
ပြည်တွင်းစစ်ဆိုတဲ့ မှတ်တိုင်လေးမှာရပ် ကျောက်ချနေပါရော။
(မိုးဝေး - ပြည်တွင်းဖြစ် ပြည်တွင်းစစ် ကဗျာမှ)

မင်းပြောင်းလဲသွားပြီဆိုရင် ဒီမိုကရေစီပဲ
မင်းမပြောင်းလဲသေးဘူးဆိုရင် ဆိုရှယ်လစ်စနစ်ပဲ
အရင်လို ကျောက်တုံးလို ခေါင်းမာနေဦးမယ်ဆိုရင်
မင်းရဲ့ မိသားစုဟာ နောက်ပြန်လှည့်သွားနိုင်တယ် သိလား
သူငယ်ချင်းဒီမိုကရေစီ။
( ပိုင်သစ်နွယ် - သူငယ်ချင်းဒီမိုကရေစီ ကဗျာမှ)

          ` ခေတ်ကို ကိုယ်စားပြုသော ခေတ်ပေါ်ကဗျာသည် ခေတ်၏ အာရုံခံစားပုံတွင် အခြေတည် ရ မည်။ ခေတ်၏ ခံစားပုံကို ဖော်ကျူးရမည်။ ကျွန်ုပ်တို့ ခေတ်၌ ရေးသားဖွဲ့ဆိုအပ်သော ကဗျာသည် ကျွန်ုပ်တို့ ၏ ခေတ်ပေါ်ခံစားပုံကို အခြေပြု၍ ခေတ်ပေါ်ခံစားပုံကို ဖော်ကျူးမှသာလျှင် ခေတ်ကို ကိုယ်စားပြုသော ခေတ်ပေါ် ကဗျာဖြစ်ပေမည်´ ဟု ၁၉၆၉ ခုနှစ်ဆီမှ ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ ဆရာမြဇင် ဖွင့်ဆိုရေးသား ထားဖူးသည် ကို ပြန်အမှတ်ရမိပါသည်။ ကျွန်တော်ကြားနေရသည့် ၀န်ချီစက်ထဲမှ ဆူညံသောအသံများ သည် ခေတ်ကြီး တစ်ခေတ် တည်ဆောက်နေရာမှ (သို့မဟုတ်) အဟြေင်းအလဲပြုလုပ်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုဆူညံသော အသံများကို ကျွန်တော်တိတ်ဆိတ်မသွားစေချင်သေးပါ။ တနည်းအားဖြင့်ဆိုသော် မပြီးဆုံးသေးသော တည်ဆောက်မှုများ(သို့မဟုတ်) မပြီးဆုံးသေးသော အပြောင်းအလဲများကို ဆက်လက် တွန်းအားပေးနိုင်စေဖို့ ထိုဆူညံနေသောအသံများကို တိတ်ဆိတ်မသွားစေချင်သေးပါ။

စမြုံ့ပြန်နေတာ မဟုတ်ဘူး၊ စားကျက်သစ်ရှာနေတာ၊ ဒင်းတို့အတွက်။
အနာလစ်ရင် တစ်တစ်ခွခွကလိထိုးဖို့။ သောက်လက်စအလီနဲ့။
တွန့်ဖို့ ကြံစည်၊ တိုက်ဖို့ ကျည်ဆံ။ ကျူးသူ ဂါထာ။ သို့၊
မဟုတ်ဘူး။ ထံမှ ငါ့ရယ်သံခါးခါးကြီးလူမှုတည်ဆောက်မှုမဟုတ်လား။
အောကားထဲမှာလိုပဲ၊ စတုမဓူဒေါင်းပြီး ဘိန်းအွန်လိုက်တာ။
( ဇေယျာလင်း- ဂလက်ဆီတက်ဘလစ်အကြောင်းတွေးရင်း ကဗျာမှ)

လိုတမရခြင်းထဲ ပြားလို့
အိပ်နေလည်း ထကြည့်ရ ထိုင်နေလည်းပြေးကြည့်ရနဲ့ ဒီထောင့်ထဲ ၀င်ဝင်လာတဲ့
အမှောင်မှာ စစ်ပွဲကြားက ဒုက္ခတရားများ တွေ့နေရ မြင်နေရ ကြားနေရ
ဘယ်လိုကာကာ ရောက်လာမှာပဲဆိုတဲ့ လောဘ မောဟ ဒေါသတရားများ
မြင်နေရ တွေ့နေရ ကြားနေရ
အခုပြောပြီးလည်း ဆက်ရဦးမယ်ဆိုတဲ့ အတင်းအဖျင်းများ။
(ကိုထက် (ရေဦး) - တစ်ရက်လင်းရင် ကဗျာမှ)

တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာရေးအတွက် မာဖီးယားလမ်းကြောင်း
ကာကွယ်ရေးအတွက် ပြီးတော့ တုံးတိုက်တိုက်၊ တက်၊ တိုက်၊ သေ၊ ကြေ၊ ကျိုး၊
ကန်း စတဲ့ နိုင်ငံတကာ အပျော်တမ်း၊ တရားဝင်၊ အလှည့်ကျ၊ အမြဲတမ်း၊ ကြေးစား
စစ်တပ်တွေလို တင်းကျပ်စည်းကမ်းကြီး အဖွဲ့အစည်းမျိုးထဲ ဘ၀တစ်သက်လုံးပဲ
နေလာခဲ့သလို၊ အဲဒီလိုမျိုးတွေ ပြောရမယ်ဆို အများကြီးမှ အများကြီးသို့ပဲ။ လူတိုင်း
လူတိုင်း (သို့မဟုတ်) လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အသေးအဖွဲအပြုအမှုတွေ
ထဲက ဘာမျှအရေးမကြီးတဲ့ တစ်ခုမျှသာ။
(လူဆန်း - ခြင်ထောင်ထောင်နေစဉ် စောင့်ဆိုင်းသည်းခံ စံပုံစံများ ကဗျာမှ)

          ခေတ်တစ်ခေတ်၏ ရိုက်ခတ်မှုသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ ဟန်ချက်မညီ ယိမ်းယိုင်ခဲ့ ရသော ခေတ်စနစ်ဆိုးတစ်ခု၏ ပြိုလဲပျက်စီးမှုကို လူသားတိုင်း ပြန်တည့်မတ်ကြရမည်။ ပြန်တည်ဆောက် ကြရမည်သာဖြစ်သည်။ ဆူညံသောဝန်ချီစက်သည် တဒီးဒီးလည်ပတ်လျှက်။ အသံများ ဆက်တိုက်ကြားနေ ရသည်။ ထိုကြားနေရသော အသံများကို ကျွန်တော်ပြန်လည်ပြောပြနေစရာမလိုပါ။ ကိုယ်တိုင်နားထောင်ကြည့် ဖို့သာ လိုအပ်ပါသည်။ ခေတ်ဝန်ကို ချီသည့် ပိုးသည့် စက်များကတော့ ဆူညံလျှက်။ ဆူညံနေသော ၀န်ချီစက် သည် ခေတ်တစ်ခေတ်ထဲ တဂျိန်းဂျိန်းလည်ပတ်လျှက်။

မင်းနဒီခ
၃၀၊ ဇူလိုင်၊ ၂၀၁၃

Sunday, July 14, 2013

ရေစိုမခံတဲ့ အသံကို ခေတ်ပေါ်အက်ဖ်အမ်ကနေ ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်



ရေစိုမခံတဲ့ အသံကို ခေတ်ပေါ်အက်ဖ်အမ်ကနေ ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်

စာအုပ်အမည်                      ရေစိုမခံတဲ့ အသံ ( ခေတ်ပေါ်ကဗျာများ)
ရေးသူ                               ခေတ်ပေါ်ကဗျာဆရာများ
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဇွန်လ
ထုတ်ဝေသည့် တိုက်               ဆောင်းစုရတီစာပေ

          ၂၀၁၃ နှစ်စပိုင်းမှ စ၍ မန္တလေးကဗျာဆရာများ၏ ကဗျာလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာသည် ကို တွေ့ရသည်။ လစဉ်ထုတ်မဂ္ဂဇင်းများတွင်ဖြတ်သန်းနေသည့် မန္တလေးကဗျာဆရာများ အွန်လိုင်းပေါ် တဖြည်း ဖြည်းရောက်ရှိ ရေးသားလာခြင်းနှင့်အတူ အွန်လိုင်းလူငယ်ကဗျာဆရာများနှင့် ပူးပေါင်းချိတ်ဆက် မိကြသည်။ အကြောင်းကြောင်းကြောင့် ကဗျာရေးကျဲနေသော မောင်နိုင်လင်း(ကောလင်း)၊ ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ် စသည့် ခေတ်ပေါ်အားကောင်းခဲ့သော ကဗျာဆရာများ၏ ကဗျာဝိဥာဉ်များပြန်လည် အသက်ဝင်လာသည်။ ထို့နောက် မန္တလေး ၂၉ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ မေချိုကဖေးတွင်  ကဗျာစာပေ၀ိုင်း အစပျိုးကြသည်။ ပရင့်နှင့် အွန်လိုင်း၊ တနည်းအားဖြင့် လူလတ်ပိုင်းကဗျာဆရာများနှင့် လူငယ်ကဗျာဆရာမျိုးဆက်သစ်များ ပူးပေါင်းဖြစ်တည်မှု။ ထိုနောက့် တဖြည်းဖြည်းအရှိန်ရလာပြီး တနင်္ဂနွေကဗျာမြေသား ကဗျာဝိုင်းအဖြစ်သို့ ခန့်ခန့် ထည်ထည်ရောက်ရှိခဲ့သည်။ မန္တလေးကဗျာလှုပ်ရှားမှုသည် အင်တာနက်လူမှုကွန်ယက်မှတဆင့် တစ်ကမ္ဘာလုံး သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ၂၀၁၃ ကမ္ဘာ့ကဗျာနေ့အား မန္တလေးမှ အခမ်းအနားဖြင့် ပထမဆုံးအကြိမ် ကျင်းပ လိုက်ခြင်းနှင့်အတူ မန္တလေးသည် သွေးအေးနေသော ကဗျာဓါတ်များကို လှုပ်နိုးစေခဲ့သည်။ မန္တလေး အခြေစိုက် ကဗျာဆရာများ၏ တစ်ကိုယ်တော်ကဗျာစာအုပ်များ၊ စုပေါင်းကဗျာစာအုပ်များ၊ အထိမ်းအမှတ်ကဗျာစာအုပ်များ စသည်ဖြင့် ကဗျာစာအုပ်ပေါင်းဆယ့်ငါးအုပ်ခန့်ထွက်ရှိခဲ့သည်။ ယခုလည်း မန္တလေးခေတ်ပေါ် ကဗျာဆရာများ အများစု၊ ခေတ်ပေါ်ကဗျာ တစ်ခေတ်ထူထောင်ခဲ့ကြသော နယ်အသီးသီးမှ ကဗျာဆရာများနှင့်အတူ အွန်လိုင်း လူငယ်ကဗျာဆရာများ၊ အထူးသဖြင့် ကဗျာမြေသားကဗျာဝိုင်းမှ လူငယ်မျိုးဆက်သစ်အွန်လိုင်းကဗျာဆရာများ ပူးပေါင်း၍ ရေစိုမခံတဲ့ အသံ ဟု အမည်ပေးထားသော ခေတ်ပေါ်ကဗျာစုစည်းမှု စာအုပ်တစ်အုပ် ၂၀၁၃ ဇွန်လ တွင် ထွက်ရှိလာခဲ့ပါသည်။
လက်ရှိဖြတ်သန်းရောက်ရှိနေသော ကဗျာခေတ်သည် ကဗျာသေပြီ၊ ခေတ်ပေါ်ကဗျာနိဂုံးချုပ်ပြီ စသည်ဖြင့် အသံတွေ ဆူညံနေသည့် ခေတ်။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် သိသိသာသာ သိပ်မရှိလှသေးပေ မယ့် အွန်လိုင်းကဗျာလောကတွင် ဆူညံပေါက်ကွဲအသံထွက်နေသည်။ ထိုသို့ ခေတ်ပေါ်မှ ခေတ်ပြိုင်ကဗျာသို့ အကူးအပြောင်းအရေးကြီးသော အသံများအကြားတွင် ခေတ်ပေါ်ကဗျာတွေကို စုစည်းထုတ်ဝေလိုက်ခြင်းသည် ခေတ်ပေါ်ကဗျာမသေဆုံးသေးကြောင်း ပြချင်လို့လား။ သို့တည်းမဟုတ် ခေတ်ပေါ်သည် သူ့ဟန်နှင့် သူ သီးခြား ရပ်တည်နိုင်သည်ဆိုတာကို ပြချင်လို့လား။ ထိုအချက်သည် အရေးကြီးပါသည်။ ကျွန်တော်တို့ ခေတ်ပေါ်ကဗျာ ကို ဒီအတိုင်းပစ်ထားခဲ့လို့ မဖြစ်နိုင်ပေ။ မေသန်းနု၊ မို့မို့မြင့်အောင်တို့ကို ကြိုက်သူရှိသလို မိုးဟေကို၊ ၀တ်မှုန်ရွှေရည်တို့ကို စွဲလမ်းသူလည်း ရှိပေလိမ့်မည်။ အနုပညာဖြတ်သန်းစီးဆင်းမှုတွင် ခေတ်အဆက်ဆက် အသစ်ကို တည်ဆောက်ယူရမည်ဖြစ်သော်လည်း ကျွန်တော်တို့သည် အဟောင်းကို ပစ်ချထားခဲ့လို့မရ။ ခေတ်ပေါ်ကဗျာသည် သူ့ကိုယ်ပိုင်နေရာနှင့်သူ၊ သူ့ပရိသတ်နှင့် သူ၊ သူ့အလှအပနှင့် သူဖြစ်သည်။ မကြိုက်လျှင် မကြိုက်ခွင့် ရှိသော်လည်း ဖျောက်ဖျက်ပစ်လို့မရ။ ခေတ်ပေါ်ကဗျာ၏ သမိုင်းသည် ကျွန်တော်တို့ လည်ပြန်ကြည့် ငေးမောရဦးမည့် အမွေအနှစ်ဖြစ်သည်။ လက်ရှိရေးသားနေသော ခေတ်ပြိုင်ကဗျာသည် ခေတ်ပေါ်ကဗျာ၏ လက်ဆင့်ကမ်းတိုးတက်မှုဖြစ်သည်။ လက်ရှိခေတ်ပြိုင်ရေးနေသာ လူငယ်များအနေဖြင့်လည်း လက်ရှိကာလ ဖြစ်ထွန်းနေသော ကဗျာအမျိုးအစားအမျိုးမျိုး ရေးချင်တာ ရေးခွင့်ရှိသည်။ ဂန္ထ၀င်ကို မသိလည်း အရေးမကြီး၊ ခေတ်ပေါ်ကို မသိလည်း ဘာမှမဖြစ်။ သို့သော် ဂန္ထ၀င်သိလျှင် ကောင်းသည်။ ခေတ်ပေါ်ကဗျာဖြတ်သန်း စီးဆင်းမှုကို လေ့လာထားလျှင် ပိုကောင်းသည်။ ခေတ်ပေါ်ကဗျာသည် သူ့ခေတ်နှင့် သူ ခရီးကြမ်းကို ဖြတ်သန်း ခဲ့ရသည်။ ခေတ်ပေါ်ကဗျာသည် ကဗျာဖတ်သူနှင့် အသားတကျဖြစ်ဖို့ရန် အရှိန်ယူခဲ့ရသည်။ ၁၉၆၉ ခေတ်ပေါ် ကဗျာကြေညာစာတမ်းမှစတင်ကာ ထင်းရှူးပင်ရိပ်၊ ဘောင်းဘီဝတ်မိုးတိမ်၊ မုဆိုးစိုင်သင်၊ မြို့ပြအာရုံခံစားမှု၊ နားလည်ခြင်း မလည်ခြင်း ပြဿနာ၊ ကာရန်မဲ့ချင်မဲ့ အဘိဓမ္မာမမဲ့နဲ့၊ နရီ၊ ရစ်သမ်ပြဿနာ၊ မော်ဒန် ပို့စ်မော်ဒန် ဖြစ်မဖြစ်၊ ကတ္တီပါလမ်းခွဲ၊ သံမဏိလမ်းခွဲ စသည်ဖြင့် တည်ဆောက်ခဲ့ကြရသည်။ ၁၉၇၀ မှ စတင်ခဲ့သည့် ခေတ်ပေါ်ကဗျာသက်တမ်းသည် ယခု ၂၀၁၃ ဆိုလျှင် နှစ်ပေါင်း လေးဆယ်ကျော်သို့ ရောက်ရှိ လာခဲ့ပြီ။  ၂၀၀၀ ခုနှစ်နောက်ပိုင်း ဆရာ ဇေယျာလင်း၊ ဆရာငြိဏ်းဝေတို့ ရှာဖွေတင်ဆက်ပြသခဲ့သည် LANGUAGE POETRY နှင့် CONCEPTUAL POETRY ၊ ၂၀၀၇ နောက်ပိုင်း ဆရာအောင်ရင်ငြိမ်း၏ နီယိုမော်ဒန် (သို့) အနာဂတ်ကဗျာ စသဖြင့် ခေတ်ပြိုင်ကဗျာနည်းနာများ ၀င်ရောက်လာသော်လည်း ခေတ်ပေါ်ကဗျာရေစီးက ရပ်တန့်မသွားခဲ့။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်လည်း ဆက်လက်အားကောင်းစီးဆင်းနေခဲ့သည်။ ၂၀၁၀ နောက်ပိုင်းတွင်တော့ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်  ခေတ်ပြိုင်ကဗျာများသည် ခေတ်ပေါ်ကဗျာများနှင့် တန်းတူနေရာရသော်လည်း ပရင့်စာမျက်နှာများပေါ်ထက် အွန်လိုင်းစာမျက်နှာများပေါ်တွင် ပိုမိုအားကောင်း ဖြစ်ထွန်းလာခဲ့သည်။ မည်သို့ပင် ဖြစ်စေ ခေတ်ပေါ်ကဗျာများသည် ကဗျာနှင့် ကဗျာဖတ်သူကြားအကွာအဝေးကို အတတ်နိုင်ဆုံး ချုံ့ပေးနိုင်ခဲ့ သည်။ ယခုလက်ရှိ ခေတ်ပြိုင်ကဗျာများ၏ ကဗျာနှင့် ကဗျာဖတ်သူအနီးအဝေးသည် ခေတ်ပေါ်ကဗျာကနဦး ကာလတွင်ကြုံတွေ့ခဲ့ရပြီးပြီ။ ခေတ်ပေါ်ကဗျာသည် ခေတ်ပြိုင်ခံစားမှုကို အတတ်နိုင်ဆုံးကျုံးသွင်းတည်ဆောက် ရင်း ခေတ်ပေါ်အာရုံခံစားမှုကို ရယူသည်။ ခေတ်ပြိုင်ကဗျာ ( Comtempopray Poetry) လမ်းကြောင်းတွင် ခေတ်ပေါ်ကို ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားရမည်။ ခေတ်ပေါ်ကဗျာရေးသူများကလည်း ခေတ်ပေါ် ကဗျာကို ဆက်လက်ရေးနေပါဦးမည်။ ခေတ်ပြိုင်ကဗျာ(Comtemporary Poetry)ရေးသူများလည်း ဆက်လက် ထုဆစ်ကြရပါဦးမည်။ သူ့လမ်းနှင့် သူ ၊ သူ့ကဗျာဗေဒနှင့် သူ့အလှတရား။ ယခု ရေစိုမခံတဲ့ အသံ ကို ခေတ်ပေါ် အက်ဖ်အမ်ကနေ ထုတ်လွှင့်တက်ဆက်လိုက်ပါပြီ။ နားဆင်ကြပါစို့။

သူခေါင်းဆောင်ကြီးဖြစ်လာချိန်မှာတော့
ပညာသင်ပြီးစ ဘွဲ့ရအလုပ်လက်မဲ့တွေက
ဆန့်ကျင်ကြတယ်
လက်နက်ကိုင်တွေက အုပ်ချုပ်သူအစိုးရကို မထောက်ခံ
ဆန့်ကျင်ကြတယ်
ကဒါဖီဟာ
သူကိုယ်တိုင် ကဗျာဆရာတစ်ယောက်
ဖြစ်ချင်ခဲ့တယ်ဆိုတာကို
သူကိုယ်တိုင် မှတ်မိပါတော့မလားမသိ။
(ပိုင်စိုးဝေ- သယံဇာတကျိန်စာ ကဗျာမှ)



လရောင်ရဲ့ အောက်မှာ
သဲသောင်ပြင်က ရေပြင်သမုဒ္ဒရာဖြစ်လို့
နေရောင်ရဲ့ အောက်မှာ
ရွှံ့တွေ ဗွက်တွေက ကုန်းမြေမို့မို့လေးတွေဖြစ်လို့
ရွှေသမင်အလိုက်မှားခဲ့လေသလား
အို . . . .တံလျှပ်
သိပ်လှပြီး သိပ်ရက်စက်ခဲ့သလို
(မောင်ကြည်သာ(တောင်တွင်း)- တံလျှပ်များ ကဗျာမှ)

၁၉၆၈ မိုးဝေမဂ္ဂဇင်းနဲ့အတူ  ခေတ်ပေါ်ကဗျာတွေ စတင်အားကောင်းခဲ့သလို ခေတ်ပေါ်ကဗျာဆရာ ဖြစ်သည့် (ဆရာ) မောင်လူမှိန်၊ မောင်သွေးသစ်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ မောင်လေးအောင်၊ မောင်အောင် ပွင့်၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ နီမောင်၊ ဖော်ဝေး၊ မြေချစ်သူ၊ မောင်ပြည့်မင်း၊ သုခမိန်လှိုင် စသည်ဖြင့် အခြားကဗျာဆရာများအပါအ၀င် အများကြီးပေါ်ထွက်လာခဲ့ပါသည်။ ထိုကဗျာဆရာများထဲမှ တစ်ချို့ဆရာများ ဆိုလျှင် ကွယ်လွန်သွားကြပြီ ဖြစ်သည်။ ယခု ရေစိုမခံတဲ့ အသံ ခေတ်ပေါ်ကဗျာစာအုပ်ထဲတွင် ထိုမိုးဝေ ခေတ်ပေါ်ကဗျာဆရာများထဲတွင် အပါအ၀င်ဖြစ်သည့် မိုးဝေခေတ်ကဗျာဆရာကြီးများ၏ အသံများကို စတင် ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

ငါ့မျက်ခုံးမွှေးပေါ်မှာ
ခုန်ပေါက်ကနေတာ ဘယ်သူလဲ
အွန်ဒရေဘရက်တွန်လား မိုက်ကယ်ဂျက်ဆင်လား
ငါ့မျက်ခုံးမွှေးပေါ်မှာ
စစ်တုရင်ကစားနေတာ ဘယ်သူလဲ
လူဝီ ၁၆ လား ကားလ်မာ့စ်လား
ငါ့မျက်ခုံးမွှေးပေါ်မှာ
သေနတ်ဒဏ်ရာနဲ့ လဲနေတာ ဘယ်သူလဲ
ပွတ်ရှကင်လား ဗန်ဂိုးလား
( နေမျိုး- ဗီလိန်တွေ များတဲ့ ပြဇာတ် ကဗျာမှ)

ဘယ်အထိလည်း
သဗ္ဗေသတ္တာကမ္မသကာ နှစ်များစွာ
ဒီလိုပဲ ကြိတ်မျိုခဲ့ရ
သေနတ်နဲ့ ထောက်ထားတဲ့
ဘ၀ရဲ့ ဟင်းလျာတွေ။
သက်သာတဲ့ အဆိုးကို ရွေးရင်
အသက်တွေ ပေးခဲ့ရ။
ခိုးပွင့်ခဲ့ရ ပန်းတွေနဲ့ တိုင်းပြည်
ခိုင်းပွင့်ခဲ့ရ ကြယ်တွေနဲ့ တိုင်းပြည်။
( စံညိမ်းဦး- ၆၂ က မီးလျှံ ကဗျာမှ)

ပျော်စရာတွေ တင်လာတဲ့ကားကို
ကားဝင်လို့မရတဲ့ လမ်းကြားက စောင့်နေတယ်လို့
မပြောပါနဲ့
ဖြစ်နိုင်ရင် ဒီထဲမှာ ဘာမှ နားမထောင်ချင်ဘူး
အိမ်ပြန်ရင်လည်း ဒါပဲ ကြားရမှာ
ခင်ဗျားမှတ်ထား
အခု
ခင်ဗျားနဲ့ ကျွန်တော်ထိုင်နေတာ
ပန်းခြံလို့ ခင်ဗျားထင်နေတာ မဟုတ်လား။
( ထွဏ်းသွေးအိမ်- ပန်းခြံ ကဗျာမှ)

သေနတ်ပစ်ခန်းပါတဲ့ ကောင်းဘွိုင်ဇာတ်ကားတွေ မကြည့်တော့ဘူး
ငယ်ငယ်တုန်းကလို
ဝါးသေနတ်လေး တဒက်ဒက်အသံ နားဝင်ပီယံမဖြစ်တော့ဘူး
ဂလိုဘယ်ခေတ်ကြီးထဲ
စစ်ဖြစ်တမ်းကစားနေတဲ့ ရွာကြီးတစ်ရွာဟာ
ကမ္ဘာမြေလား။
( မောင်နိုင်လင်း(ကောလင်း)- အမြန်ချောနဲ့ ပို့ပေးပါ ကဗျာမှ)

၁၉၉၀ နောက်ပိုင်းမှာ (ဆရာ) ခင်အောင်အေး၊ မင်းထက်မောင်၊ မောင်သိန်းဇော်၊ နေမျိုး၊ ဇေယျာလင်း၊ မိုးဝေး၊ ခရမ်းပြာထက်လူ၊ မောင်ဖီလာ၊ စိုင်းဝင်းမြင့်၊ နွယ်စိမ်းဝေ၊ စံညိမ်းဦး၊ ခင်ဇော်မြင့်၊ ထွဏ်းသွေးအိမ် အစ ရှိသည့် အခြားမရေတွက်နိုင်တဲ့ကဗျာဆရာတို့ရဲ့ကဗျာများသည်  ခေတ်ပေါ်ကဗျာလက်ဆင့်ကမ်းကာ လှိုင်းထ စီးဆင်းနေသည့် အသံတွေနှင့် သင်္ကေတ၊ နမိတ်ပုံ အားကောင်းစွာ စာမျက်နှာပေါင်းများစွာတို့တွင် ရေးဖွဲ့ ထင်ရှားလာခဲ့ကြပါသည်။ ၁၉၇၀ မိုးဝေ ကဗျာခေတ်မှ စတင်လိုက်သော ခေတ်ပေါ်ကဗျာရေစီးသည် ၁၉၉၀ နှင့် ၂၀၁၀ အထိ အရှိန်အဟုန်အားကောင်းစွာ ဖြတ်သန်းစီးဆင်းခဲ့သည်။ ၂၀၁၀ နှောင်းပိုင်းတွင် ခေတ်ပေါ်ကဗျာ ဆရာလူငယ်များမှ ထပ်မံချဲ့ထွင်ရှာဖွေတင်သွင်းလာသည့် ခေတ်ပြိုင်ကဗျာရေးရာနည်းနာသစ်များ ၀င်ရောက် လာပြီးနောက်ပိုင်း ခေတ်ပေါ်ကဗျာရေစီးသည် အရှိန်လျော့စပြုခဲ့သည်။ သို့သော် ယနေ့ခေတ်လူငယ်ကဗျာ ဆရာများသည် ခေတ်ပေါ်ကဗျာ၏ အရသာကို စွဲမက်နေဆဲ၊ ရေးဖွဲ့နေဆဲဖြစ်သည်။ ထို့ကြောင့် ရေစိုမခံတဲ့ အသံ ကဗျာစာအုပ်ထဲ လူငယ်ကဗျာဆရာတစ်ချို့၏ ခေတ်ပေါ်ကဗျာများကို ကျွန်တော်ထပ်မံအသံထုတ်လွှင့် ပေးလိုက်ပါသည်။

အဖိတ်အစင်များတဲ့ နေ့ ညများ
ပေါ့ပေါ့ပါးပါး လေးလေးပင်ပင်
တစ်ခုမဟုတ် တစ်ခု ငြိတယ်
စိတ်စီးပုံ အတက်အကျနဲ့ အသွားအလာ
ပြီးသွားတယ် မပြီးဘူး
ခဏခဏ လိမ့်ကျနေခြင်း ဖြစ်ပုံ ပျက်ပုံ။
(ထွန်းလင်းသစ်(ကန့်ဘလူ)- အကန်း ကဗျာမှ)

ခွေးဘီလူးကြီးတွေကို
အိမ်ရှေ့အိမ်က လူကြီးတွေက မွေးထားတာ
အိမ်ကြီးက ကြီးလို့
လူတွေက လိုက်ကြီးနေတာမျိုးတော့ မဟုတ်ဘူးပေါ့
............................................
လောက်စာလုံးလုံးထားတယ် တုတ်သပ်ထားတယ်
ဒီကောင်တွေ ဘယ်လောက်ကြီးကြီး
ခြံစည်းရိုးမှာ လှမ်းထားတဲ့
ညီမလေးရဲ့ ဘောင်းဘီသေးသေးလေးကို
မချီသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
( သူဝေး- ခွေးဘီလူးတွေ ကဗျာမှ)

ရယ်ရင်းမောရင်း ရောဂါရလာတယ်
အသက်တစ်ခု၊ တငွေ့ငွေ့လောင် စီးကရက်တစ်လိပ်
ပြိုကွဲသွားဖို့ စတင်တယ်၊ ပြာလိုလွင့်ဖို့
သွေးကြောပိတ်သလို
အချစ်နဲ့ ခလုတ်တိုက်မိပါတယ်
ပြန်တွေးတော့
ဖျက်ပြီးပြန်ပြင်မိတဲ့ အမိုးအကာလေး
ဒီမိုးဦးမှာ လုံမှ လုံခြုံပါ့မလား။
( သက်ငြိမ်သစ်- အဲဒီစိတ်နဲ့ ရွာနေတဲ့ မိုးတွေ ကဗျာမှ)

          ခေတ်ပေါ်ကဗျာကို လူငယ်တွေက ဆက်လက်သယ်ဆောင်လာသည်။ ၂၀၁၀ နောက်ပိုင်း ခေတ်ပေါ်ကဗျာသည် ခေတ်ပြိုင်ခံစားမှုကို ခေတ်ပေါ်ဟန်နှင့် ချိတ်ဆက်လာသည်။ ယခင်ခေတ်ပေါ်ကဗျာ၏ ရိုးအီလာမှုကို အနည်းငယ် ချိုးဖျက်သည်။ ခေတ်ပေါ်ကဗျာ၏ ရစ်သမ်ကို ဂရုမစိုက်တော့ပေမယ့် လုံးလုံးမထည့် တော့တာမျိုးလည်းမဟုတ်။ စကားပြောဟန်များလာသည်။ စကားလုံးအဖြတ်အတောက် ပိုမို ကစားလာသည်။ ခေတ်ပေါ်ကဗျာ၏ ကဗျာဓါတ်ကို သိုသိုသိပ်သိပ်ဖမ်းထည့်ထားသည်။ လူငယ်သည် လူငယ်အလျောက် သူ့ ခေတ်နှင့် ခေတ်ပေါ်ကဗျာသစ်ကို ဖန်တီးကြသည်။ ဖန်တီးကြပါလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ ရေစိုမခံတဲ့ အသံသည် ထစ်အနေသည့် စီဒီချပ်ထဲမှ အသံမျိုးမဟုတ်။ ပီသသည်၊ ကြည်မြသည်။ ထိုရေစိုမခံတဲ့ အသံထဲမှာ ခေတ်အဆက်ဆက် ခေတ်ပေါ်ကဗျာကို ထည့်သွင်းထားပါသည်။ နှလုံးသားနှင့် နားဆင်ပါ။ ညဏ်ပညာဖြင့် သုံးသပ်ပါ။ ရေစိုမခံတဲ့ အသံကို ကျွန်တော် ခေတ်ပေါ်အက်ဖ်အမ် ကနေ ထုတ်လွှင့်တင်ဆက်လိုက်ပါသည်။ နားဆင်ကြပါစို့။

မင်းနဒီခ
၁၅၊ ဇွန်လ၊ ၂၀၁၃