Thursday, June 9, 2016

အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ



အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ

စာအုပ်အမည်                       - ပန်းခြံ အပန်းဖြေခြင်း
ရေးသူ                              - စံညိမ်းဦး
ထုတ်ဝေသည့်ကာလ               - မတ်လ၊ ၂၀၁၆
ထုတ်ဝေသည့်တိုက်                 - နှစ်ကာလများ



           

            ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမတိုင်ခင်အထိ မန္တလေးကဗျာဆရာတွေထဲက ကဗျာစာအုပ်အထုတ်စေချင်ဆုံးလူ (၂)ဦး ရှိပါတယ်။ တစ်ယောက်က ကိုကျောက်လို့ ကျွန်တော်တို့ ချစ်စိတ်နဲ့ ခေါ်ကြတဲ့  ခင်ဇော်မြင့်၊ နောက်တစ်ယောက်က (ကို) စံညိမ်းဦး။ ကျောက်လုံးနဲ့ ကျောက်တိုင်။ သလင်းဦးနဲ့ အိမ်အိုညီ။ ၉၀ ခုနှစ် နောက်ပိုင်းမှာ ကဗျာလောကထဲ အတွဲညီညီ၊ အကဲညီညီနဲ့ လမ်းဖောက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး။ ၉၀ မော်ဒန်ကဗျာအကြောင်းပြောရင် ဘယ်လိုမှ ချပ်လှပ်ထားလို့ မရတဲ့ ကဗျာဆရာနှစ်ဦး။ ခင်ဇော်မြင့်အကြောင်းပြောရင် စံညိမ်းဦးပါလာသလိုပဲ။ စံညိမ်းဦးအကြောင်းပြောမယ်ဆိုရင် ခင်ဇော်မြင့်ဆီ ရောက်သွားနိုင်တာပါပဲ။ အဲဒီလောက်ထိ တွဲခဲ့ကြသလို ၁၉၉၃ ခုနှစ်မှာ သလင်းဦး၊ အိမ်အိုညီ ကလောင် တွေနဲ့ “အင်ကြင်းရောင် ပင်လယ်သေကမ်းခြေ” ဖယောင်းလက်ရေးစာအုပ်လည်း တွဲထုတ်ခဲ့ဖူးတာပါ။
            ၂၀၁၀ စာပေစီစစ်ရေးဖြေလျော့ပြီးနောက်ပိုင်း ကဗျာစာအုပ်တွေ အုံနဲ့ကျင်းနဲ့ တစ်နှစ်ကို အုပ်တစ်ရာကျော် ထွက်ခဲ့ကြပေမယ့်  ထူးထူးခြားခြား သူတို့နှစ်ဦးစလုံးက ကဗျာစာအုပ်ထုတ်ဖို့ လုံးဝစိတ်မဝင်စားကြ။ ကဗျာစာအုပ် ထုတ်ဖို့ ပြောရင်လည်း ဘုကလန့်တွေ ပြန်ကြားရတာသာ အဖတ်တင်မယ်။ သူတို့က တုတ်တုတ်မျှ မလှုပ်ကြ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ခင်ဇော်မြင့်၊ စံညိမ်းဦးတို့၏ ကဗျာတွေ ကောင်းခဲ့၊ နာမည်ကြီးခဲ့တာ မှန်ပေမယ့် ဒီနေ့ခေတ် လူငယ်တွေနဲ့ အဆက်ပြတ်နေတာ ကြာပြီ။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွေမှာ ပုံနှိပ်ဖြတ်သန်းခဲ့တဲ့ သူတို့ရဲ့ ကဗျာတွေက ဒီနေ့မှာ ပြန်ရှာ ဖတ်ဖို့ ခက်ခဲနေပြီ။ အသိမ်းအဆည်းကောင်းသူ၊ တန်ဖိုးထားသူတစ်ချို့တွေဆီမှာပဲ ရှိနိုင်တော့တဲ့ အခြေအနေမျိုး။ သူတို့ နှစ်ဦး၏ ကဗျာတွေကို စုစုစည်းစည်းပြန်လည်သိမ်းဆည်းမှတ်တမ်းထားရှိဖို့က ကဗျာစာအုပ်အဖြစ်နဲ့သာ ပြန်လည် ထွက်ရှိ လာဖို့က အကောင်းဆုံး။ ဒါကြောင့်လည်း ဆုံဖြစ်တိုင်း ကဗျာစာအုပ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ၂၀၁၅၊ ဇူလိုင်မှာ (ကို) ခင်ဇော်မြင့်ရဲ့ ကဗျာစာအုပ် “ ကဗျာ ၂၁ ပုဒ်” ထွက်လာပြီး ၂၀၁၆၊ မတ်လမှာ (ကို)စံညိမ်းဦးရဲ့ “ပန်းခြံ အပန်းဖြေခြင်း” တို့ဆက်တိုက်ထွက်ရှိလာပါတယ်။  
            “ပန်းခြံ အပန်းဖြေခြင်း” မှာ ပိတောက်မြေ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၅ မှာ ဖော်ပြခဲ့တဲ့ ဆရာဇော်ဇော်အောင်ရဲ့ အက်ဆေးကိုပါ ပြန်လည်ထည့်သွင်း ဖော်ပြပေးထားတဲ့အပြင် မောင်သင်းခိုင်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ညိုမင်းထက်၊ ထက်တည်မြင့်၊ ဟိန်းမြတ်ဇော်၊ ခင်ဇော်မြင့်၊ မောင်ရှင်စော၊ ဝေးခေါင်၊ အိုအောင်၊ နိုင်းနိုင်၊ ဇော်ဝေ တို့ရဲ့ အမှတ်တရ အရေးအသားတွေကိုပါ တခုတ်တရနေရာပေးဖော်ပြထားလို့ ပိုကျေနပ်ရပါတယ်။ ဒီလိုအမှတ်တရ အရေးအသား တွေဟာ ကဗျာရေးဖော်အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေညီအစ်ကို အချင်းချင်းရဲ့ စံညိမ်းဦးအပေါ်ထားတဲ့အမြင်၊ ချစ်ခင်စိတ်တွေကို ပေါ်လွင်စေတဲ့အပြင်  စံညိမ်းဦးပုံရိပ်ကို စလိုက်မီးထိုးပေးထားသလိုပါပဲ။ ဒီနေရာမှာ နှစ်သက်လို့ (ကို)ခင်ဇော်မြင့်ရဲ့ အရေး အသားအနည်းငယ်ကို ပြန်ဖော်ပြလိုက်ပါရစေ။

လေယာဉ်ပျက်ကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ။

မြေစာပုံကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ

သံယောဇဉ်တွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ အချစ်တွေကို ရှာနေတာ။

ကံကော်ပန်းတွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ ဝတ်ဆံတွေကို ရှာနေတာ။

သူ့ကဗျာတွေက
အဲ့လို ကဗျာတွေ။
           
            (ခင်ဇော်မြင့်)


             ဒီကဗျာစာအုပ်မှာ စံညိမ်းဦးလို့ ဆိုလိုက်တာနဲ့ တွဲပါလာတတ်တဲ့ ကဗျာတွေဖြစ်တဲ့ နတ်စိမ်း၊ တမိုးသားလုံး အေးပြည့်ပြည့်၊ တောကြောင် စတဲ့ ကဗျာတွေအပါအဝင် ကဗျာ ပုဒ်ရေ(၈၀)နဲ့ ကဗျာဆရာရဲ့ ကိုယ်ရေးအကျဉ်းကိုပါ ဖော်ပြထားတဲ့အတွက် ပန်းခြံဟာ ကဗျာဖတ်သူအတွက် စံညိမ်းဦး ဘာလဲ၊ စံညိမ်းဦးဘယ်လဲဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်မယ့်အပြင် ခေတ်ပေါ်ကဗျာ အရွေ့နဲ့ ခေတ်ပေါ်ကဗျာရဲ့အလှဓာတ် ကိုပါ ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။ “ပန်းခြံ အပန်းဖြေခြင်း” ဟာ စံညိမ်းဦးရဲ့ ဘဝဖြတ်သန်းမှု၊ စံညိမ်းဦးရဲ့ ချစ်ခြင်းတရားနဲ့ နာကျင်မှု၊ စံညိမ်းဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ သမိုင်းဖြတ်သန်းမှု စတာတွေကိုပါ စုစည်းဖော်ပြထားတဲ့ အတ္ထုပတ္တိ ကဗျာစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
            ပန်းခြံထဲက ကဗျာတွေကို အသေအချာဖတ်ကြည့်တဲ့အခါ ကဗျာရဲ့ နောက်ခံအခင်းအကျင်းတွေဟာ စုံလင် လှတာကို တွေ့ရပါတယ်။ ‘ဖီးနစ်မြို့’၊ ‘ကြပ်ပြင်’၊ ‘ရန်ကုန်’၊ ‘လှည်းတန်းမှာ ၈/၁၀’၊ ‘သတိရခြင်းများစွာဖြင့်(၂)’၊ ‘ကြယ်ဝင်စား’၊ ‘မှန်ထဲက ရွှေငါးလေး’၊ ‘ညိုမင်းထက်’၊ ‘ကမီးကလော်ဒဲလ်အတွက် တေး’၊ ‘ရေနံချောင်းကန်တော့ချိုး’၊ ‘ကျောက်ဆည်ည’၊ ‘လှန့်ချင်း’၊ ‘ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်’ စတဲ့  တစ်ဦးတစ်ယောက်၊ မြို့တစ်မြို့၊ နေရာတစ်ခုခု၊ အဖြစ်အပျက်တစ်ခု စတဲ့ တစ်ခုခုကို ဦးတည်ပြီး ရေးထားတဲ့ ကဗျာတွေ။  ‘ညီမလေးနဲ့ တမြို့စီ တနယ်စီ’၊ ‘တမိုးသားလုံး အေးပြည့်ပြည’့်၊ ‘မီးဖိုချောင်’၊ ‘ဝိုင်အမ်ဘီသခင်တင်ပြောခဲ့တဲ့ အချစ်အကြောင်း’၊ ‘မင်းမရှိတဲ့ မီးပုံပွဲ’၊ ‘အမြိုက်ကလေး’  စတဲ့ ချစ်ခြင်းဖွဲ့ ကဗျာတွေ။ ‘နတ်စိမ်း ၂၅’၊ ‘နေ့ခင်းဆွေးဆွေး’၊ ‘ကဖေးဆိုင်နေ့ရက်များ’၊ ‘ချည်တိုင်’ တို့လို ပုဂ္ဂလ ခံစားမှုဗဟိုပြုကဗျာတွေနဲ့ ‘ကွမ်းရွက် လေးတွေလို စိမ်းစိမ်းစိုမနေတဲ့ ကွမ်းယာဆိုင်’၊ ‘အဆင်မပြေမှု’၊ ‘စာခြောက်ရုပ်’၊ ‘ဂွာရာနီကား’၊ ‘ဝင်္ကပါ’ တို့လို လူ့အဖွဲ့ အစည်း ဗဟိုပြုကဗျာတွေ။ အဲဒီလို စုံလင်လှတဲ့ ကဗျာနောက်ခံ အကြောင်း အရာတွေဟာ ပန်းခြံထဲမှာ တစ်နေရာပြီး တစ်နေရာ လျှောက်ကြည့်နေရသလို ကဗျာတစ်ပုဒ်ချင်းစီဟာ ရသတစ်မျိုးစီနဲ့ လာရောက်အပန်းဖြေနေသူကို ဖမ်းစားထားမှာပါ။
            ကဗျာတွေအကုန်လုံးကို အသေအချာဖတ်ကြည့်ပြီးတဲ့အခါ ကျွန်တော့်ကို ဖမ်းစားနိုင်ဆုံးနဲ့ စိတ်ညွှတ်နူးမှုကို အပေးနိုင်ဆုံးဟာ ကဗျာတစ်ပုဒ်ချင်းစီရဲ့ အဆုံးသတ်တွေမှာ အသုံးပြုလေ့ရှိတဲ့ စကားလုံးချိတ်တွဲမှုနဲ့ နိမိတ်ပုံ သင်္ကေတ တွေဟာ တသသဖြစ်အောင် စွဲမက်စေပါတယ်။ ဥပမာ-

နှုတ်ဆက်ပါတယ်
ပြီးတော့လည်း ပြန်လာခဲ့တယ် (ချည်တိုင်)

ကြားပါစ
ဘယ်လိုအနုပညာမျိုးမှ မလိုအပ်တော့တဲ့ နေ့တစ်နေ့
တစ်နေ့
ကမ္ဘာမြေပေါ် အရောက်လာခဲ့ဦးတော့မယ် (ဟောကိန်း)

နှစ်တွေက
ငါ့ကို ချွန်မြစေခဲ့ပြီ (နတ်စိမ်း ၃)

လျှာက ကန်းခဲ့မို့လို့
လူ့ဘုံအနှမ်းဟာ အရသာကွယ်ခဲ့ပေါ့ (အလွမ်းပျံရာသီ)

အခုတော့
လေ ကလည်း
အလံကို မလွင့်စေတော့ဘူးလေ (ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်)

            နောက်ထပ်သတိထားမိတာ တစ်ခုက (ကို)စံညိမ်းဦးဟာ ကဗျာနောက်ခံအခင်းအကျင်းအလိုက် ကဗျာရဲ့ (Tone) ကို အနိမ့်သံ၊ အမြင့်သံ ပေါ်လွင်အောင် ဖန်တီးတည်ဆောက်ထားတတ်လေ့ရှိပါတယ်။ ထပ်ပြောကြည့်ရရင် နိုင်ငံရေး နောက်ခံကဗျာတွေမှာ တိုက်ရိုက်အဓိပ္ပာယ်ပေါ်လွင်အောင်ရေးဖွဲ့တတ်ပြီး ပုဂ္ဂလခံစားမှုနဲ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကဗျာတွေမှာ ဆိုရင်တော့ ကဗျာရဲ့ အလှဓာတ်၊ နိမိတ်ပုံ၊ သင်္ကေတတွေကို အားကောင်းအောင် ဖန်တီးရေးဖွဲ့တတ်လေ့ ရှိတာပါပဲ။ ဖတ်ကြည့်ပါ။

အခု
အဲဒီ ငါတို့ မြေပုံ၊ ငါတို့သယံဇာတ
အဲဒီ ငါတို့မြစ်၊ ငါတို့တော
ပြီးတော့
ခင်ဗျားတို့
သိပ် မုဒိန်းကျင့်ချင်နေတဲ့ ‘တောင်’။

သရဲကြီးတော့ သဘက်
‘တောင်’ ကိုစားဖို့ သွားရည်တမြားမြား
သူခိုးကြီးတော့ ဓားပြ
‘တောင်’ကို မျိုဖို့ အလံတလူလူ။

အို . . . ထလော့ ငါတို့ . . .
ထကြ ထကြ
ခါးတောင်းကို မြှောင်အောင် ကျိုက်ကြ
ကြွက်သားကို လေပေါင်ဖြည့်ကြ။
            (လှန့်ချင်း ကဗျာမှ)


တလက်လက်အပြုံးတွေဟာ
နုံးနေတဲ့ နှလုံးအိမ်တွေကို
နှိုးခဲ့။

စစ်အာဏာရှင်တွေကို ထိုးဖို့ အစွယ်လည်းရှိ
စစ်ပလ္လင်ကို နုတ်ဖြိုဖို့ နှာမောင်းတွေလည်းရှိ
မတရားမှုမှန်သမျှကို နင်းခြေပစ်မယ့်
သူရဲကောင်း ဆင်တွေနဲ့မြို့ပါပဲ။

သြော်
မင်းဆိုးမင်းညစ်ကို
ဝမ်းရေးအစပ်ခံ ထုတ်ပေးခဲ့ဖူးတာဟာ
မတော်တဆ ဒဏ္ဍာရီသာ။
            (ကျောက်ဆည်ည ကဗျာမှ)

အခုတော့
ဘာမှ မရေးတော့တာသာ အနုပညာ။

ဟင်းလင်းပြင်ထဲ
ဂြိုဟ်တုဟာ မီးလောင်လို့။

ပင်လယ်ထဲ
မျှော်စင်ဟာ ကျီးပေါင်းတက်လို့

ကိန်းအောင်းသမျှ
အလွမ်းသာ ထီးနန်းစိုက်ခဲ့တဲ့ တစ်ကိုယ်စာ ဧရိယာ
ငွေလို
မျှော်လင့်ခြင်းလို သက်တံ့က
အနံ့ခုနှစ်မျိုးနဲ့ ကမ်းကုန်တယ်။
            (နတ်စိမ်း ၂၅ ကဗျာမှ)

အိမ်တိုင်းစေ့
မီးကွင်းဂမုန်းပင်လေးတွေ စိုက်ကြသလို
နာကျင်မှုအပေါင်းမှ
ကင်းလွတ်စေမယ့် ဂမုန်းပင်လေးများ
နှလုံးသားတိုင်းအပေါ် စိုက်ချင်မိ။

နာရီရဲ့ နှလုံးခုန်သံဟာ တရွှီရွှီနဲ့ နှာမှုတ်သံများဖြစ်ခဲ့
မိုးစက်တွေက မီးပွားနီနီဖြစ်ခဲ့
ကြယ်တွေက ညရဲ့ မြားအစင်းစင်းဖြစ်ခဲ့
ကဖေးဆိုင်က ဆေးရုံဖြစ်ခဲ့။
            (လူနာ ကဗျာမှ)

            စံညိမ်းဦးဟာ သူ့ခေတ်နဲ့ သူ လူငယ်ပါပဲ။ လူငယ်ဆိုတာတောင်မှ လမ်းသူရဲဆန်ချင်တဲ့၊ မိုက်ရူးရဲဆန်ချင်တဲ့ လူငယ်တစ်ယောက်အဖြစ် သူ့ကဗျာတွေက သက်သေပြနေတယ်။ စံညိမ်းဦးဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြီး တစ်ခုရဲ့ အဆင်မပြေမှုတွေ ကြားထဲ အဆင်ပြေတယ်လို့ ထ ထအော်နေတဲ့ လမ်းမကို အုတ်နီခဲနဲ့ ထုဖို့ ဝန်မလေးခဲ့တဲ့သူ။ အလိုမကျမှုတွေနဲ့ နေသားတကျဖြစ်နေတဲ့ လောကကြီးကို ငြီးငွေ့လို့ အရသာရှိတဲ့ အစာတွေကို အရသာခံမရတော့တဲ့ လျှာကို ဖြတ်ပစ်ဖို့ အားထုတ်ခဲ့တဲ့သူ။ ဘာမှကို မတတ်နိုင်တော့ပါဘူးကွာ ဆိုပြီး သေနတ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေ သွားတဲ့ ပန်းခြံထဲက ကဗျာဆရာတစ်ယောက်အဖြစ် စိတ်ကူးခဲ့ဖူးသူ။ သူဟာ အဲဒီလို လူငယ်၊ အဲဒီလို ကဗျာဆရာ တစ်ယောက်။ သူ မိုက်ခဲ့တယ်။ သူ ရူးခဲ့တယ်။ သူ ရဲ ခဲ့ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေမှာ သူရွေးချယ်ခဲ့တာ ကဗျာဆရာဘဝနဲ့ နိုင်ငံရေးလှုပ်ရှားသူ။ ၁၉၉၁ ရှစ်လေးလုံးသုံးနှစ်ပြည့် ကျောင်းသားလှုပ်ရှားမှုတွေကနေ ၂၀၁၅ ပညာရေး သပိတ်မှောက် ကျောင်းသားစစ်ကြောင်းနဲ့အတူ လက်ပံတန်းအထိ လိုက်ပါဝန်းရံပေးခဲ့တဲ့အထိ တတ်နိုင်တဲ့နေရာကနေ ပါဝင်ထမ်းပိုးခဲ့တဲ့ ကဗျာဆရာတစ်ယောက်။ ဒီကဗျာစာအုပ်ထဲမှာ မပါပေမယ့် “ပိတောက်ပွင့်သစ်မဂ္ဂဇင်း”ကပေးတဲ့ ‘ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်” ကဗျာဆုနဲ့ “ကျောက်ဆည်ဧရာဝတီကဗျာဝိုင်း”က ပေးတဲ့ ကဗျာဆု ကို ရရှိစေခဲ့တဲ့ “ကံ့ကော်ဝမ်းနည်းမှတ်တမ်း” ကဗျာရှည်ဟာ ကဗျာဖတ်သူ(သို့) ပြည်သူတစ်ဦးတစ်ယောက်က ဖတ်မိတဲ့အခါတိုင်း သွေး ပြန်နွေးစေတဲ့၊ ဆဲဗင်းဂျူလိုင်ကို ဘယ်တော့မှ မမေ့စေနိုင်တဲ့ ကဗျာရှည်ကောင်းတစ်ပုဒ်အဖြစ် ဖန်တီး အသက်ဝင်စေခဲ့ တာပါ။ ကဗျာစာအုပ်ထဲ မပါပေမယ့် အနည်းငယ်တော့ ဖော်ပြချင်မိပါတယ်။

တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက်တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘဝဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျဆုံးသွား အဓိပတိလမ်းကို အမျှဝေရမယ်။
ဒီမိုကရေစီနဲ့အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကို အမျှဝေရမယ်။
(ကံကော်ဝမ်းနည်းမှတ်တမ်း ကဗျာရှည်မှ)

            အဆုံးသတ်အနေနဲ့ ပြောရရင် “ပန်းခြံ အပန်းဖြေခြင်း”မှာ ကျွန်တော်တို့ဟာ ခေတ်ပေါ်ကဗျာရဲ့ အလှဓာတ်၊ နိုင်ငံရေးသိမှု၊ ကဗျာနောက်ခံအခင်းအကျင်းနဲ့ ကဗျာတည်ဆောက်မှု အတတ်ပညာ၊ စကားလုံးအချိတ်အဆက်နဲ့ စကားလုံး ရွေးချယ်မှု၊ နိမိတ်ပုံ၊ သင်္ကေတ အားကောင်းမှုတွေကြားထဲမှာ ကဗျာဆရာဖြတ်သန်းခဲ့ရတဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ အခြေ အနေ၊ ကျောင်းသားနဲ့ ပြည်သူကို အခြေမခံပဲ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေအောက်က ယနေ့ခေတ် ပညာရေး၊ လက်ပံတောင်းတောင်၊ ဧရာဝတီ စတဲ့ သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုတွေအပေါ် ကဗျာဆရာရဲ့ ရပ်တည်မှု၊ လက် တစ်ဆုပ်စာအာဏာရှင်နဲ့ ရုန်းကြွလာတဲ့ လူထုသဘောထားအစစ်အမှန်၊ နှစ်လေးဆယ်ကျော် မငြိမ်းနိုင်သေးတဲ့ ပြည်တွင်း စစ်နဲ့ မရနိုင်သေးတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး။ ဒါတွေ အားလုံးကို ကဗျာဆရာဟာ သူဖြတ်သန်းမှု၊ သူ့အတွေ့ အကြုံ၊ သူ့ ကြားနာမှုတွေကတဆင့် သူ့ ကဗျာအတတ်ပညာနဲ့ ပေါင်းစပ်ဖန်တီးပြီး ပန်းခြံတစ်ခုအဖြစ် တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ ‘ကဗျာဆရာဆိုတာ နှစ်မျိုးပဲ ရှိတယ်။ သမိုင်းသိစိတ် ရှိတဲ့ ကဗျာဆရာနဲ့ သမိုင်းသိစိတ်မဲ့တဲ့ ကဗျာဆရာ ´ လို့ ပြောဖူးခဲ့တဲ့ (ကို) စံညိမ်းဦးဟာ သူ့စကားအတိုင်းပဲ သမိုင်းသိစိတ်နဲ့ ရပ်တည်နေတဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်။
            အနုပညာဟာ ပြည်သူ့အတွက်ပဲ ဖြစ်ဖြစ်၊ အနုပညာအတွက်ပဲ ဖြစ်ဖြစ်၊ ဘာအတွက်မှ မဟုတ်ဘူးပဲ ဖြစ်ဖြစ် သမိုင်းသိစိတ်ဆိုတဲ့ အချက်ကတော့ အနုပညာသမားတိုင်းအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပတ်သက်နေဦးမှာပဲ။ ပန်းခြံဟာ ကျွန်တော့်အတွက်တော့ အပန်းဖြေနားနေစရာအတွက်သာမဟုတ် အတုယူလေ့လာ ရမယ့် ပြတိုက်တစ်ခုအဖြစ်ပါ အသက်ဝင်ခဲ့ပါတယ်။ အစားကောင်းစားရရင် မိတ်ဆွေကောင်းကို ချက်ချင်းသတိရမိသလို ပါပဲ။ နားခိုလေ့လာစရာနေရာကောင်းတစ်ခုကို တွေ့လို့ အခု ဒီစာကို ကျွန်တော်ရေးမိလိုက်ပါတယ်။ အပန်းဖြေဖို့ ကျွန်တော် ရောက်သွားတဲ့ ပန်းခြံမှာ ခင်ဗျားကိုလည်း အတူရှိနေစေချင်တာ တစ်ခုတည်းပါပဲ။ (ကို)စံညိမ်းဦးကိုလည်း အပန်းဖြေစရာ ပန်းခြံတွေ အထပ်ထည်တည်ဆောက်ရင်း တမိုးသားလုံး အေးပြည့်ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။

မင်းနဒီခ
၉၊ ၆၊ ၂၀၁၆


Wednesday, May 25, 2016

အဲဒီကျွန်းမြို့လေးပေါ်က တီဗီဖန်သားပြင်ကြီးပေါ်မှာ အခု လာနေတဲ့ ဒရာမာဇာတ်လမ်းတွဲ

အဲဒီကျွန်းမြို့လေးပေါ်က တီဗီဖန်သားပြင်ကြီးပေါ်မှာ အခု လာနေတဲ့ ဒရမာဇာတ်လမ်းတွဲ 


         
          ၂၀၀၅ ဝန်းကျင် ကျွန်တော် ကဗျာစရေးတုန်းက မောင်ယုပိုင်ရဲ့ “ သားအဖ ဂစ်တာ” ကဗျာက အရမ်းကြိုက်လို့ မှတ်စုစာအုပ်ထဲမှာ ကူးရေးခဲ့ဖူးတယ်။ ဒီကဗျာကို အခုအချိန်ထိ မှတ်လည်းမှတ်မိနေပါတယ်။ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ စိုးရိမ်ပူပန်မှုနဲ့ သားတစ်ယောက်ရဲ့ တဇွတ်ထိုး စွန့်စားလိုစိတ်တွေဟာ အရွယ်ရောက်စလူငယ်တွေ တော်တော်များများ ကြုံတွေ့ခဲ့ရဖူးပါလိမ့်မယ်။ ကဗျာနဲ့ တိုက်ဆိုင်မိကြပါလိမ့်မယ်။ ကဗျာတစ်ပုဒ်ရဲ့ အတွင်းစာသားထဲက နေ သားအဖနှစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ခေတ်၊ သားအဖနှစ်ယောက်ရဲ့ အနုပညာတစ်ခုအပေါ်မှာအမြင်ကွဲပြားမှု၊ ရူးသွပ်မှု ကိုယ်စီမှာ ရင့်ကျက်မှုနဲ့ မိုက်ရူးရဲဆန်မှု၊ ပြီးတော့ စကားလုံး ကျစ်ကျစ်လစ်လစ်နဲ့ ကဗျာတစ်ပုဒ်ကို ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်လို မျက်စိထဲ မြင်ယောင်လာအောင် ရေးဖွဲ့နိုင်စွမ်းဟာ တခါဖတ်ပြီး ဘယ်တော့မှ မေ့မပစ်နိုင်လောက်အောင်ပါပဲ။  

“ ဓာတ်ပြားဟောင်းကြီးဖွင့်ချလိုက်ရင်
ကွန်ဆာဗေးတစ်သီချင်းတွေပဲ ထွက်ကျလာမှာ သိတယ်
လိုအပ်ရင် ခုနှစ်ကြိုးတပ်တီးပြီး
မလိုအပ်ရင် ရိုက်ချိုးချင် ရိုက်ချိုးလိုက်မယ်
ဒါ . . .ကျွန်တော်တို့ခေတ်ရဲ့ လောကဓံကို
စည်းလိုက်နေတာပဲ အဖေ
ကျွန်တော်ကတော့
အနုပညာလှေဆိပ်မှာ ဂစ်တာတွေဆုံရင်
ကြယ်တွေဆီ ရွက်လွှင့်ကြမယ်ပေါ့
အဲဒါကို အဖေက
မှောင်ရိပ်ခိုကျွန်းမှာ ပင်လယ်ဓားမြတွေဆုံရင်
တစ်ယောက်နဲ့တစ်ယောက် ဝိုင်ခွက်ချင်းတိုက်
ပင်လယ်နက်ထဲ ခုန်ချကြတော့မယ် တဲ့
ကျွန်တော် ထွက်လာခဲ့တယ်
လက်နက်အပြည့်နဲ့ ဂစ်တာအိတ်ကိုလွယ်လို့(ဒစ်စပရာဒို မင်းသားလို)
ထရပ်ကားသံ တညံညံနဲ့ ကောင်းဘွိုင်တွေများတဲ့ မြို့ကြီးကို
အဖေဟာ
ဒေါက်တာဇီဗားဂိုးရဲ့ ဇာတ်ဝင်တေးကို လေချွန်ရင်း
ဆောင်းရာသီသစ်ကိုင်းခြောက်တွေကြားမှာ နေရစ်ခဲ့”
(သားအဖ ဂစ်တာ ကဗျာမှ)

            နောက် ၂၀၀၇၊ ဖေဖော်ဝါရီလမှာ မောင်ယုပိုင်ရဲ့ ပထမဆုံးကဗျာစာအုပ် “ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်း အလဲနဲ့” ထွက်ရှိလာပါတယ်။ အဲဒီကဗျာစာအုပ်ဟာ ကျွန်တော်လက်စွဲ ကဗျာနှိုးစက် စာအုပ် တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ဆရာ ဇေယျာလင်းရဲ့ “ကဗျာရေးသူကို ထုတ်လုပ်ခြင်း”၊ ဆရာခင်အောင်အေးရဲ့“ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ငါးဆယ့်လေး”၊ မောင်ယုပိုင်ရဲ့ “ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့” စတဲ့ စာအုပ်တွေဟာ ခေတ်ပေါ်ကနေ ခေတ်ပြိုင်စပ်ကူးမတ်ကူးကာလမှာ ကျွန်တော့်အတွက် အရေးပါခဲ့တဲ့စာအုပ်တွေပဲ ဖြစ်ပါတယ်။ မောင်ယုပိုင်ရဲ့ “အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့” ကဗျာစာအုပ်မှာ ‘ အခိုးရိုက်မှန်ပြတင်းရဲ့ တဖက်တစ်ချက်’၊ ‘ပုံနှိပ် ထုတ်ဝေခြင်းမပြုမှီ ငါ့အရေးအသား’ လို စကားပြေကဗျာတွေ၊ ‘လောကီရေးရာ’၊ ‘ တခြားစကြဝဠာတစ်ခုများ မြင်မိ သေးလား’ လို ကော်လာ့ဂ်ျကဗျာတွေ၊ ‘ငါ့အစ်ကို’၊ ‘သားအဖဂစ်တာ’၊ ‘နေ့များ’လို အားကောင်းလှတဲ့ ခေတ်ပေါ်ကဗျာတွေ၊ ‘ဆင့်ကဲဖြစ်စဉ်’၊  ‘ကွက်လပ်ဖြည့်ပါ/ ကွက်လပ်အပြည့်ပါ’၊ ‘ပန်းကန်ပြားပျံ ဖြစ်ရပ်ဆန်းများ’ လို စမ်းသပ်ကဗျာတွေ စတဲ့ စတဲ့ကဗျာတွေနဲ့ ကဗျာစာအုပ်တစ်အုပ်လုံးဟာ တစ်ပုဒ်ဖတ်၊ တစ်ပုဒ်တွေး၊ ကဗျာအသစ်တစ်ပုဒ် ပြန်ရေးကြည့်လို့ ရအောင် ကို ကျွန်တော့်အတွက် အရေးပါခဲ့တဲ့ စာအုပ်ပါပဲ။

“ ယနေ့ဘယ်အရပ်ကို သွားမှာလဲ ယနေ့မသွားရင် မဖြစ်ဘူးလား
ကျက်သရေ ဘယ်အရပ်မှာ နေသလဲ ယနေ့ကျက်သရေဘယ်လိုနေသလဲ
ပုဆိုးဝယ်မလား ထမီဝယ်မလား အဝတ်အစားဝယ်မလား
ယနေ့ ဘာပစ္စည်းပေးမလဲ ရွှေကျီးသာတာ ဘယ်အရပ်ကလဲ
လက်သည်းပွင့်နေလား ဆံပင်ကို နေ့တိုင်း ဆီလိမ်းသလား
ငွေချေးမလို့လား တရားပြိုင် သွားမလို့လား
အသီးလိုသလား အပွင့်လိုသလား စပါးကို ကျီသွင်းမလို့လား
မရောင်းရတဲ့ကုန်ရှိသလား ပစ္စည်းပျောက်နေသလား
နမန္တာ အခရာပိတ်အရပ်ကို မသွားနဲ့ ချမ်းသာချင်သလား သစ်ပင်စိုက်
. . . . . . . . . . . . . . . . . . .”
(ကဗျာစ-ဆုံးကို အာရှဦးကျော်၏ အခါပေးကြေးမုံစာအုပ်မာတိကာမှ ကောက်နှုတ်အသုံးပြုသည်။
(လောကီရေးရာ ကဗျာမှ/  အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ ကဗျာစာအုပ်)

“ ဇာတိမြေကို ပြန်ရောက်တဲ့အခါ ကွက်လပ်မှုကို ခံစားရ
ရထားပြတင်းက ကြည့်တဲ့အခါ ကွက်လပ်ကလေးတွေကို မြင်ရ
လသာတဲ့တစ်ညမှာ ကွက်လပ်အရသာ
နွေရာသီကျောင်းပိတ်ရက်မှာ ကွက်လပ်တွေ ဖြစ်နေမိ
ပွဲတော် အချိန်အခါရောက်တိုင်း ကွက်လပ်စိတ်တွေ ဝင်လာ
အတိတ်ကို ပြန်လည်တွေးတိုင်း ကွက်လပ်တွေသာ မြင်ယောင်လာမိ
လူငယ်ဘ၀ကုန်ဆုံးလွန်မြောက်လာပြီးနောက် ကွက်လပ်ဘဝရောက်လာ
ကွယ်လပ် ငယ်ဘဝတွေ ကွက်လပ် ဓာတ်ပုံတွေ”
(ကွက်လပ်ဖြည့်ပါ/ကွက်လပ်အပြည့်ပါ ကဗျာမှ/ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ ကဗျာစာအုပ်)

            အဲဒီနောက် ၂၀၀၉၊ ဇွန်မှာ ဒုတိယမြောက်ကဗျာစာအုပ် “တီဗီဖန်သားပြင်ကြီးဖွင့်လျှက်” ထွက်ရှိလာပါတယ်။ အဲဒီကျွန်းမြို့လေးမှာ ပြောင်းလဲဖို့ စမ်းသပ်အားထုတ်ခဲ့တဲ့ မောင်ယုပိုင်ဟာ တီဗီဖန်သားပြင်ပေါ်မှာတော့ ပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာ လက်ရာတွေကို ဖွင့်ပြနိုင်ခဲ့ပါတယ်။ ‘မြိတ်မြို့တွင် ပြုလုပ်သည်’၊  ‘မနေ့ညက မြို့စွန်ဘက်မှ  ပန်းကန်ပြားပျံ တစ်စီးတွေ့လိုက်တယ်’၊ ‘မြွေ’၊ ‘စတီဗင်စပီးဘာ့ခ်အပြာ’၊ ‘နှိုး နှိုး နိုး နိုး’၊ ‘နောက်ထပ်နေ့များ’၊’ ဟုတ်တယ် သေချာတယ် ငါ ဖြစ်တယ်’ စတဲ့ ကဗျာတွေဟာ တီဗီဖန်သားပြင်ပေါ်မှာ အကြိမ်ကြိမ်အခါခါ ဖွင့်ကြည့်မိတဲ့ ချယ်နယ်လိုင်းများပါပဲ။

“ ရေးတော့မြိတ်၊ ဖတ်တော့ ဘိတ်၊ ဘိတ် ??? ဘိတ်ဆုံးမှာ နေတာလား
ဘိတ်မှာ ဆုံးနေတာလား
တစ္ဆေခြောက်သောအိမ်ကြီးနဲ့ မြို့ရဲ့လသာဆောင်မှာ ဆင်မြူရယ်ဝှိုက်ရဲ့ ဖြူဖြူသဏ္ဌာန်အရိပ်တွေ
အချို့နိုင်ငံခြားသားတွေ မြေပုံထဲမှာ ပြန့်ကျဲနေတဲ့ အမည်မဲ့ကျွန်းတွေ
အချို့တွေရဲ့ မြေပုံထဲမှာ (ခဲတံချွန်ထိပ်ဖျားလေးနဲ့ တစ်ထောက်စာ)နေရာလေးမှာ
ဘိတ်သားတစ်ချို့တောင် မသိတဲ့ ‘မာဂွီး’ လို့ ရေးထားတယ်
ထင်ရှားသော အလောင်းမင်းတရားအမာရွတ်နဲ့ တောင်တန်းတွေ
က အသားနည်းနည်းညိုသလိုပဲနော်
ရေမြေကလည်း နည်းနည်းစိမ်းနေသေးတယ်၊ ဘာသာစကားတဝဲဝဲ
မှတ်ပုံတင်အမှတ်-
ငပိမျဉ်းစောင်းဟွန်ဒါယဉ်ကျေးမှု(မှတ်သားဖွယ်ရာမိုးရေချိန်)ရေလုပ်ငန်း
ကော့သောင်းနဲ့ ထားဝယ်ဆိုတာ ဒီနားလေးတင်ပါ၊ ရှပ်ပြေးအမြန်ယာဉ်က
ပြောတယ် ရထားဆိုတာ အလုံးလား အပြားလား”
(မြိတ်မြို့တွင် ပြုလုပ်သည် ကဗျာမှ /တီဗီဖန်သားပြင်ကြီးဖွင့်လျှက် ကဗျာစာအုပ်)

“ အိပ်ယာက နိုးတော့ ဟား ငါ ရန်ကုန်ရောက်နေတာပဲလို့၊ ဟုတ်တယ် မနေ့က
ရောက်တာ။ . . . လေး ခြေတံရှည် မိုးကုပ်အောက်မှာ တည်လို့ အလွန်
ကြည်စိမ်းလဲ့လဲ့ ရေကန်သာ၊ ခုနက အိပ်မက် မက်နေတာပဲ၊ ရွာကို ပြန်ရောက်နေသလိုပဲ
ဘယ်ဟုတ်မလဲ၊ ငါ ရန်ကုန်ရောက်နေပြီ။ (မိုးကလည်း ရွာမှ ရွာပဲ)၊ မနေ့က ရောက်တာ
အသေအချာပဲ၊ ညဘက်ဆို ဖယောင်းတိုင်မီးလေးတွေ မှိတ်တုပ်မှိတ်တုပ်နဲ့
ဘတ်စကားကြီးနောက်မှာ မြင်းတစ်ကောင်ဖြတ်ပြေးသွားတာ မြင်လိုက်ရတလည်း
နံဘေးမှာ ရန်ကုန်သား ကဗျာဆရာသာ သက်သေမရှိရင် ယုံမှာမဟုတ်ဘူး မြို့လယ်ခေါင်ရောက်နေတာလေ
မတွေ့ဘူးလား၊ မီးရထား သံလမ်းလေးတစ်ခု၊ ရှည်လျားကွေ့ကောက်လို့
ချုံနွယ်ပိတ်ပေါင်းကြားပျောက်ကွယ်သွားတဲ့ ရထားသံလမ်းလေးတစ်ခု၊ ဒါပေမယ့် ရန်ကုန်ပါ”
(နှိုး နှိုး နိုး နိုး ကဗျာမှ/ တီဗီဖန်သားပြင်ကြီးဖွင့်လျှက် ကဗျာစာအုပ်)


            ဒီနေရာမှာ တိုက်ဆိုင်လို့ မောင်ယုပိုင်ရေးခဲ့ဖူးတဲ့ ကဗျာဆိုင်ရာဆောင်းပါး “ ပို့စ်မော်ဒန် အယူသီးမှုအလွန် ငါ တကယ် အိပ်ချင်နေပြီ” ထဲက စာပိုဒ်တစ်ပိုဒ်ကို ပြန်လည်ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဒီကောက်နှုတ်ချက်ကို ဖတ်ကြည့်ရုံနဲ့တင် မောင်ယုပိုင်ရဲ့ ပို့စ်မော်ဒန်အပေါ်အမြင်ကို ခန့်မှန်းလို့ ရနိုင်မှာပါ။ မောင်ယုပိုင် ဟာ ဒီကဗျာဆိုင်ရာ ဆောင်းပါးမှာ သူရဲ့ ပို့စ်မော်ဒန် အမြင်ကို ပြည့်ပြည့်စုံစုံရေးသားထားပါတယ်။ ဆောင်းပါးရေးတဲ့နှစ်ကို ၂၀၁၁ လို့ တပ်ထား ပေမယ့် ၂၀၀၉ ဝန်းကျင်တုန်းဆီက သူ့ရဲ့ ပို့စ်မော်ဒန်အပေါ်အမြင်နဲ့ သူပြုလုပ်ရေးဖွဲ့ထားတဲ့ ကဗျာတွေဟာ ထပ်တူကျ နေတာကို တွေ့ရမှာပါ။

“ ပို့စ်မော်ဒန်ကဗျာ ဖြစ်အောင် ပြုလုပ်ကြတယ်ဆိုတာ နားလည်ရခက်သွားအောင် ပြုလုပ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကဗျာဓာတ်၊  ကဗျာအရသာဟာ နည်းအမျိုးမျိုးနဲ့ နားမလည်အောင်ရေးဖွဲ့ခြင်း သက်သက်ထဲမှာ တည်မှီနေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ နားလည်ရ ခက်ရုံနဲ့ ကဗျာဓါတ်ပေါက်မယ်၊ ပို့စ်မော်ဒန်ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ကဗျာ ဖတ်မယ့် အစား သင်္ချာ ပုစ္ဆာတွေ ထိုင်တွက်၊ သိပ္ပံဘာသာရပ် ဖေါ်မြူလာတွေ ထိုင်တွေး၊ ဥာဏ်စမ်း ကစားနည်းတွေ ဘာသာစကားဆက်စပ်ကစားရတဲ့ ဆူဒိုခု ကစားနည်းတွေ ထိုင်ကစားနေရုံပါပဲ။ (အလွန် လှပတဲ့ သင်္ချာတစ်ပုဒ်ဟာ ကဗျာဖြစ်တယ် ဆိုတဲ့ စကား ရှိပါတယ်) ဥပမာ ဂျွန်အက်ရှ်ဘရီရဲ့ ကဗျာတွေမှာ အဆက်အစပ်ပြတ်တောက်မှုတွေ ကြုံရာကျပန်းဆန်မှုတွေအများအပြားသုံးစွဲထားတာ တွေ့ရပေ မယ့် ဘာမှန်းမသိလောက်အောင် ဖြစ်သွားတာမျိုး မရှိပါဘူး။ သူ့ရဲ့ အဆက်အစပ်မဲ့တဲ့ ကဗျာ(အင်္ဂလိပ်လို) စာသားတွေ ကိုက သူတို့ လူ့အဖွဲ့အစည်းထဲက ဖြစ်ရှိမှုကို ထင်ဟပ်နိုင်တဲ့ (သူတို့ လူ့အဖွဲ့အစည်းလို့ ခွဲခြား ပြောရတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်းက သိမှတ်နားလည်မှုနဲ့ လုံးဝဆက်စပ် နားလည်ခံစားကြည့်ဖို့ မဖြစ်နိုင်တဲ့ ကဗျာ အလုပ်လုပ်ပုံတွေ တွေ့ရလို့ပဲ) ကဗျာ ဖြစ်မြောက်မှု ကဗျာဓာတ်တစ်ခုခုကို ထုတ်လုပ်နေသလို စရေးဖွဲ့ကတည်းက ကဗျာတစ်ပုဒ်ချင်းအလိုက် စေ့စေပ်သေချာစွာ ဆင်ခြင်တုံတရားရှိစွာ စီရင်ထားတဲ့ တက္ကနိပိုင်းကိုပါ သတိပြုခံစားမိနိုင်ပါတယ်”

           “တီဗီဖန်သားပြင်ကြီး ဖွင့်လျှက်”ထဲက ကဗျာတွေဟာ နားလည်ရခက်ခဲစေအောင် စကားလုံး ဆော့ကစား ထားမှုတွေ၊ ပုံသဏ္ဌာန် ဆိုင်ရာ အဆန်းအပြားပြုလုပ်မှုတွေ မပါရှိဘဲ ကဗျာစာသားလိုင်းဖြတ်ပုံ၊ ကဗျာဖတ်သူကို မေးခွန်း ထုတ်ပုံ၊ ကဗျာနဲ့ ကဗျာဖတ်သူကို အတူတကွပူးတွဲတည်ရှိနေအောင် ရေးဖွဲ့ထားပုံ၊ ကဗျာထဲမှာ ကဗျာဖတ်သူကိုပါ ဝင်ရောက်ပတ်သက်ခွင့် ပေးထားပုံနဲ့ ခေတ်ပေါ်ကဗျာနဲ့ ကွဲပြားခြားနားတဲ့ ကဗျာဖွဲ့စည်းပုံမျိုးတွေကို သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။ နားလည်ခြင်း နားမလည်ခြင်း ဆိုတာကတော့ ကဗျာဖတ်သူရဲ့ အတွေ့အကြုံ၊ ကဗျာဖတ်ကျင့်နဲ့ ကဗျာနဲ့ ဖတ်သူအကွာအဝေး စတာတွေအပေါ်မှာ မူတည်တဲ့အတွက် နားလည်ရ လွယ်ခြင်း၊ မလွယ်ခြင်းဟာ တီဗီ ဖန်သားပြင်ကြီးနဲ့ တိုက်ရိုက်သက်ဆိုင်မယ်လို့တော့ မထင်မိပါဘူး။ ပထမကဗျာ စာအုပ်မှာ မောင်ယုပိုင်အပေါ် လွှမ်းမိုးခဲ့တဲ့ ကော်လာ့ဂ်ျကတွေဟာ ဒုတိယကဗျာစာအုပ်မှာ စကားပြေကဗျာတွေအဖြစ်  ပြောင်းလဲသွားပါတယ်။ ခေတ်ပေါ် ခေတ်ပြိုင် စပ်ကူးမတ်ကူးကာလတွေဖြစ်တဲ့ ၂၀၀၇ ကနေ ၂၀၀၉ မှာ မောင်ယုပိုင်လက်တွေ့ခဲ့တဲ့ ကော်လာ့ဂ်ျကဗျာတွေဟာ စကားပြေကဗျာတွေအဖြစ် ပြောင်းလဲသွားတဲ့အပြင် ၂၀၁၃၊ ဇန်နဝါရီမှာတော့ စကားပြောကဗျာ စာအုပ်ထွက်ဖို့ ဖြစ်ပေါ် လာတဲ့အထိ မောင်ယုပိုင်အပေါ် စကားပြေကဗျာပြုလုပ်ဖန်တီးမှုတွေက လွှမ်းမိုးခဲ့တယ်လို့ ပြောရ မလားပါပဲ။
            ၂၀၀၉၊ သြဂုတ်လဆီက ဆရာ ဇေယျာလင်းရဲ့ “တကယ့်ဘဝ” စကားပြေကဗျာများ စာအုပ်ထွက်လာတော့ ကဗျာရေးသူ၊ ဖတ်သူတော်တော်များများ ရှော့ခ်ရသွားခဲ့မလားတော့ မသိပါဘူး။ ကျွန်တော်သိရ ကြားရသလောက်တော့ စကားပြေကဗျာနဲ့ မရင်းနှီးအသားမကျသေးတဲ့သူတွေ တော်တော်များများကတော့ ဒါကဗျာမဟုတ်ပါဘူးလို့ စွပ်စွဲခဲ့တဲ့အထိ အသံထွက်ခဲ့ပါတယ်။ အဲဒီလို ကဗျာမဟုတ်ဘူးဆိုတော့ စကားပြေလားလို့ ပြန်မေးကြည့်တော့လည်း စကားပြေလောက် ထိလည်း မပြေပြစ်တာကို တွေ့ရပါတယ်။ ကဗျာဖတ်သူအများစုဟာ Prose Poem နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါ အငိုက်မိသလို ဖြစ်သွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ ငြင်းဆန်ရမှာလိုလို၊ လက်ခံရမှာလိုလိုနဲ့ သို့လော သို့လော ဖြစ်ခဲ့ ပါတယ်။ ၂၀၁၃၊ ဇန်နဝါရီမှာတော့ ကဗျာဖတ်သူတစ်ချို့ဟာ စကားပြေကဗျာတွေနဲ့ အသားကျစပြုနေပြီ။ စကားပြေကဗျာ ဖတ်ကျင့်ရနေပြီလို့ ပြောရမလားပါပဲ။ ဒါပေမယ့် လူများစုမဟုတ်ဘဲ လူနည်းစုသာဖြစ်တဲ့အတွက် မောင်ယုပိုင်ရဲ့ ရှေ့က ကဗျာစာအုပ် နှစ်အုပ်လောက် အသံမထွက်ခဲ့ဘူးလို့ ပြောရမယ် ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း ဖတ်စက တော်တော် အီလည်လည် ဖြစ်ရပါတယ်။ ကဗျာစာအုပ်တစ်အုပ်လုံးကို မဆိုထားနဲ့။ ကဗျာတစ်ပုဒ် ပြီးဆုံးအောင်၊ ကဗျာလိုင်းတွေ ကျော်မသွားအောင်ကို သေချာ အားစိုက်ဖတ်ရပါတယ်။ ပထမဆုံး ကဗျာလို့ သိထားတဲ့ လိုင်းစီပုံနဲ့ စကားပြေပုံစံ လိုင်းစီဟန် အကွဲအပြားမှာ ကဗျာလို့သိစိတ်နဲ့ ဖတ်နေရင်း စကားပြေတစ်ပုဒ်လို ဖြစ်သွားလိုက်၊ စကားပြေတစ်ပုဒ်လို ဖတ်နေရင်းနဲ့ ကဗျာအခြေပြုစကားလုံးအသုံးအနှုန်းနဲ့ စာသားပိုင်းဖြတ်ပုံ စတာတွေမှာ ကဗျာအဖြစ်ပြန်ရောက်သွားလိုက်နဲ့ တော်တော်အားစိုက်ထုတ်ရပါတယ်။ စာသားတွေ ပြည့်သိပ်နေတဲ့ ကဗျာ အစုအဝေး ကြီး တစ်ခုကို ချက်ချင်းကဗျာအဖြစ်လက်မခံချင်တာက တစ်ပိုင်း၊ စကားပြေကဗျာနဲ့ ရင်းနှီးစပြုလာတာ မှန်ပေမယ့် ကဗျာစာအုပ်တစ်အုပ်အဖြစ် စုစည်းလိုက်တဲ့အခါမှာ အိုင်သွားလေ့ရှိတာက တစ်ပိုင်း။ အဲဒီလိုနဲ့ တော်တော်လေး ဖတ်ယူခဲ့ရ ပါတယ်။
            မောင်ယုပိုင်ဟာ ခေတ်ပေါ်ကနေ ခေတ်ပြိုင်ကာလအကြားမှာ တောက်လျှောက် စမ်းသပ်ကဗျာတွေ၊ ဟိုက်ဘရစ် ကဗျာ တွေ၊ အယ်လ်ပီနွယ်တဲ့ ကဗျာတွေ၊ ပို့စ်မော်ဒန်အခြေပြုကဗျာတွေ ရေးဖွဲ့လာပြီးတဲ့နောက် ၂၀၁၃ မှာတော့ ကဗျာကို စကားပြေ နယ်ပယ်ထဲအထိ တိုးဝင်ဖြန့်ကျက်ရေးဖွဲ့လာပါတော့တယ်။ ကဗျာတစ်ပုဒ်ကို စကားပြေဖွဲ့စည်းမှုအလှနဲ့ ဖုံးအုပ် သိုဝှက်ပြီး ကဗျာဖတ်သူ၊ စကားပြေဖတ်သူကို ပြန်ရှာခိုင်းပါတယ်။ စကားပြေထဲမှာ ကဗျာရဲ့ အသံကိုထည့်ဖွက်ပြီး ကဗျာဖတ်သူကို နားထောင်ခိုင်းပါတယ်။ ခေတ်ပေါ်တုန်းဆီက ကဗျာအလှဓာတ်နဲ့ စမ်းသပ်ကဗျာ၊ ဟိုက်ဘရစ် ကဗျာတွေ ဆီမှာ အသုံးပြုခဲ့တဲ့ ကဗျာနည်းနာတက္ကနိတွေဟာ စကားပြေကဗျာရဲ့  ရိုးစင်းပြေပြစ်သော အလှဓာတ်အောက်မှာ သိုသိပ် ဝှက်ကွယ်စွာ လိုက်ပါပြီး စကားပြေကဗျာဖတ်သူကို ကျီစယ်လန့်နိုးလိုက်ပါတယ်။ ဘယ်လို အကြောင်းအရာလဲ။ ဘယ်လို တင်ပြမလဲ။ ဘယ်လိုကွယ်ဝှက်ထားမလဲ။ ဘယ်လို သဲလွန်စချန်ပေးမလဲ ဆိုတာတွေဟာ စကားပြေ ကဗျာရဲ့ အသက်ပါပဲ။

“ ရိုးရှင်းပါတယ်။ ဘဝဟာ ရိုးရှင်းစွာ နေထိုင်ရပါတယ်။ ရိုးရှင်းတဲ့ ဘဝမှာ နေထိုင်ပါတယ်။ ပြာလွင်လွင် ကောင်းကင်ကြီးအောက်မှာ ကွင်းပြင်ကျယ်နေရာလွတ်ကြီးတစ်ခုနဲ့ ဘဝဟာ ပြောင်သလင်းခါ၊ လေယူရာ ယိမ်းပါ လောက်အောင် ပေါ့ပေါ့ပါးပါးပေါ့။ ဘဝမှာ ရိုးတယ်မဟုတ်လား။ ရိုးရိုးပဲ။ တောသူတောင်သားများ သဘာဝ၊ ကမ်းထရီး စတိုင်လ်လို့လည်း ခေါ်နိုင်၊ ဂနိုင်ကျကျလည်း ပြောလို့ရ၊ ရှယ် မဟုတ်ဘူး။ နေရာက နယ်လို့ ခေါ်မယ်ဆိုလည်း ခေါ်နိုင် ပါတယ်။ ရှင်းပါတယ်။ ဒီဘဝကိုပဲကြည့် ၊ မွန်းတည့်မှ အိပ်ရာက ထ၊ တဝတပြဲစား၊ တရေးတမောပြန်အိပ်၊ စာအုပ်ကလေးတွေ ကိုယ်တိုင်ထိုင်ချုပ်၊ ပလတ်စတစ်အဖုံးတပ်၊ ရေမချိုးခင် ဒိုက်အကြိမ် နှစ်ဆယ်ထိုး၊ ကာ့ဖ်ကာထဲက လူပျိုကြီးလို အားအားရှိတိုင်း နဖူးကို လက်ဖဝါးနဲ့ ရိုက်နေရုံပဲပေါ့။ နောက်ပြီးတော့ သွေးအယားဖြေ၊ ပြီးတော့ သွေးသားအယားဖြေ၊ ပြီးတော့မှ ဘယ်တိုက်ကို စာမူပို့ရမလဲစဉ်းစား”
( ဘဝထက် ရှင်းတာတောင် ဘဝလောက် မရှင်းဘူး ကဗျာမှ/ စကားပြောကဗျာ စာအုပ်)

“ ရန်ကုန် စရောက်တဲ့နေ့ကလိုပဲ ၊ ရှော့ခ်အကြီးကြီးနဲ့ မြို့ထဲ ဝင်လာတယ်။ ရုတ်တရက် တိတ်ဆိတ်၊ အဆောက်အဦတွေ ရုတ်ချည်းနိမ့်ဆင်း၊ ခြောက်ကပ်သွားသယောင်နဲ့ ဟွန်ဒါဆိုင်ကယ်တွေကျတော့ အံ့ဖွယ်သဘောကျစရာ ပလူပျံ၊ ငါ့ကို တင်ခေါ် သွားဖို့အသင့်။ လူကတော့ လူသားတစ်ယောက် ဟိုမှာ ခွေးလေခွေးလွင့်ဖြစ်ခဲ့တဲ့ ငါဆိုတဲ့ လူသားတန်ဖိုးတစ်ယောက်ကတော့ ချက်ချင်းပဲ ကြီးထွား၊ တဖန်ပြန် ရှင်သန်ထမြောက်၊ ငါ့ကိုယ် ငါ အခုမှ ပြန်တွေ့။ ငါ့ ‘ ကျေးဇူးကြီးပေ တို့ဖေဖေ’ ကို ငါ အခုမှ (စာတွေ့မဟုတ်ဘဲ) လူတွေ့ ပြန်တွေ့၊ ငါ့ ‘ အမေ့အိမ်’ ကို သူမရဲ့ အရင်လို လောဘရှေ့ထားလျက် အဆိုးမြင် အပြစ်တင် ရေရွတ်သံများကြားက ပြန်တွေ့။ နားပူတာလောက်တော့ ‘သား’ ပျော်ပျော်ကြီးခံနိုင်သွားပြီ၊ ဟိုမှာ မတရား ကျောပူခဲ့တာကိုး၊ ဒီမှာ ဆိုက်ကားဆရာအဆုံး ပေါ့ပါးပြုံးပျော်လျှက်။ သိပ်အဆင်မပြေဘူးဗျကို  လက်ဖက်ရည်ဆိုင်မှာ စီးကရက်လေးခဲပြီး အေးအေးလူလူ ညည်းညူလျှက်။”
(မြိတ်ပြန်ရောက်ပြီး သုံးနာရီ ကဗျာမှ/ စကားပြေကဗျာ ကဗျာစာအုပ်)

            မောင်ယုပိုင်ဟာ ဒီလောက်နဲ့ ရပ်မနေပါဘူး။ ကဗျာကို သူဘယ်လို ချဲ့ထွင်ရမလဲဆိုတာ အမြဲစဉ်းစားနေတဲ့ ကဗျာဆရာ တစ်ယောက်ပါ။ ၂၀၁၄၊ ဒီဇင်ဘာမှာ နေဝိုင်ဝိုင်၊ လင်းဇင်ယော်၊ နိုင်ဝေတို့နဲ့အတူ “ပင်လယ်စာ” ကဗျာစာအုပ်၊ ၂၀၁၅၊ ဖေဖော်ဝါရီမှာ မောင်ယုပိုင် + ကဗျာဆရာ ၄၄ ယောက်နဲ့ နှစ်ယောက်တွဲကဗျာ (၄၀)၊ သုံးယောက်တွဲကဗျာ (၂)ပုဒ် ပါဝင်တဲ့ Double Poetry Project ကဗျာစာအုပ် ဆက်လက်ထွက်ရှိခဲ့ပါတယ်။ ဒီလိုနှစ်ယောက်တွဲ၊ သုံးယောက်တွဲ ကဗျာတွေ ခေတ်ပေါ်ကဗျာ ခေတ်ဦး ကတည်းက ရှိခဲ့ပေမယ့် ဒီနေ့လို ခေတ်ကြီးထဲမှာ ပိုမိုလွယ်ကူစွာ၊ ပိုမိုလွတ်လပ်စွာ၊ ပိုမို စုပေါင်းရေးဖွဲ့လာကြပါတယ်။ အဲဒီလို စုပေါင်း ရေးဖွဲ့တဲ့ကဗျာတွေထဲမှာ မန္တလေးလူငယ်ကဗျာဆရာ (၁၀)ဦးစုထုတ်တဲ့ “ ဒါကဗျာလား ဒါလား ကဗျာ” ကဗျာစာအုပ်နဲ့ မောင်ယုပိုင် တို့ရဲ့  “Double Poetry Project” ကဗျာစာအုပ်တို့ဟာ ထင်ရှားပါတယ်။ တစ်ခုကွဲပြားတာက “ ဒါကဗျာလား ဒါလား ကဗျာ” ကဗျာ စာအုပ်ထဲက စုပေါင်းကဗျာတွေဟာ လက်ဖက်ရည်ဆိုင် စားပွဲဝိုင်းတစ်ခုမှာ တွေ့ဆုံပြီး တစ်လှည့်စီရေးဖြစ်တဲ့ ကဗျာ တွေ များပေမယ့်  DPP ကိုတော့ မောင်ယုပိုင်က ဦးဆောင်ပြီး Close Group တစ်ခုဖွင့်၊ ကိုယ်ရွေးချယ်ထားတဲ့ လူငယ်ကဗျာဆရာ တွေနဲ့ တစ်ယောက်စီကို နှစ်ယောက်တွဲကဗျာတစ်ပုဒ်ရေး၊ သမ္ဘာရင့်ကဗျာဆရာများဆီက ခေါင်းစဉ်တောင်းပြီး အွန်လိုင်းဂရုပေါ် မှာတင် အဆုံးသတ် ရေးဖွဲ့ထားတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ဟာ ကဗျာဆရာနှစ်ယောက်ဆီက လာတဲ့ မတူညီတဲ့ အတွေး၊ မတူညီတဲ့ စကားလုံးတည်ဆောက်ပုံ၊ မတူညီတဲ့ရေးဟန်တွေနဲ့ အချိုးကျကျ ကဗျာမြောက်သွားအောင် ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ အကယ်၍ ကဗျာမြောက်လှတဲ့ကဗျာတစ်ပုဒ်အဖြစ် ရောက်ရှိ သွားပြီ ဆိုရင်လည်း မတူညီတဲ့ အလှတရားကိုယ်စီနဲ့ နောက်ထပ်အလှတရားအသစ်တစ်ခုကို ရရှိလိုက်တာမို့ ထူးခြားဆန်းသစ်တဲ့ ကဗျာတစ်ပုဒ် အဖြစ် ရှင်သန်ကျန်ရစ်မှာပဲ ဖြစ်ပါတယ်။ DPP ဟာ အောင်မြင်တဲ့ တွဲဖက်မှုတစ်ခုလို့ပဲ ဆိုလိုက်ပါရစေ။ ကဗျာတွေ ကောက်နှုတ်ပြတာထက် ကဗျာစာအုပ်တစ်အုပ် အမြန်ပြေးဝယ်လိုက်တာ ပိုကောင်းမယ်လို့ပဲ အကြံပြုချင်ပါတယ်။ မကြာခင်မှာ ဒရာမာ ဇာတ်လမ်းတွဲ လာတော့မယ်လေ။
            မေလ၊ ၂၀၁၆ ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ ကဗျာဆရာ မောင်ယုပိုင်ရဲ့ ဒရာမာ ကဗျာစာအုပ် နှင်းဆီဖြူ စာအုပ်တိုက်ကနေ ထွက်ရှိလာပါတယ်။ ဒရမ်မာကဗျာတွဲအဖြစ် ၁ ကနေ ၇၀ အထိ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကဗျာ စာအုပ်ထဲက တစ်ချို့ကဗျာတွေကိုတော့ အွန်လိုင်းဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ မောင်ယုပိုင်ရေးတင်နေကတည်းက ဖတ်ပြီး သား ဖြစ်နေပေမယ့် အစဉ်လိုက်တော့ မဟုတ်ခဲ့ဘူး။ အခု ၁ ကနေ ၇၀ အထိ အစဉ်လိုက် တစုတစည်းတည်း ပြန်ဖတ် လိုက်ရတော့ ကဗျာတွေဟာ အသစ်တဖန်ပြန်မွေးဖွားလာသလို လတ်ဆတ်သစ်လွင်နေတဲ့အပြင် ဘဝအသစ်တစ်ခု တည် ဆောက်မှု၊ မိသားစုတစ်စုအစပြုမှု၊ အိမ်ထောင်သည်ဘဝဖြတ်သန်းမှု စတာတွေအပြင် မိသားစုဘဝ၊ အိမ်ထောင်သည် တစ်ယောက်ရဲ့ လောကအမြင်၊ ဘဝနေနည်း တွေကိုပါ ကဗျာထဲမှာ ပါးပါးလှပ်လှပ်ကလေး ထည့်ပြသွားတာတွေကို သတိထားမိလိုက်ပါတယ်။

“လက်ထက်ပွဲ ခန်းမငှားဖို့ ကြိုတင်စာရင်းပေးသွင်းရတယ်
စာရေးမလေးက ငါ့နာမည်မေးပြီး သူ့ဘေးက ပြက္ခဒိန်ပေါ်မှာ
မင်နီနဲ့ တေးမှတ်လိုက်တယ်
သူ့အတွက်တော့ ကားလက်မှတ်ရောင်းသလောက်ပါပဲ
ကိုယ့်အတွက်က ပြန်လမ်းမဲ့ ခရီး။”
                                                (ဒရာမာ ၁)

“ နှစ်ယောက်သုံး ဗီရိုကြီးမှာ သော့အိမ်ပျက်ချင်လာတယ်
မီးချောင်းတွေက ဖျော့တော့လာ
ပြက္ခဒိန်ဟာ မြန်ဆန်စွာပဲ ဟောင်းနွမ်းသွားတယ်
မင်္ဂလာဦးတုန်းက ငါတို့ဝယ်ခဲ့တဲ့ ပရုပ်လုံးတွေ ကုန်ပြီပေါ့ကွာ

ဒါတွေဟာ တခါတပ်ဆင်နေရာချထားရုံနဲ့ မပြီး
အကြိမ်ကြိမ် ပြုရပြင်ရဦးမှာ ငါတို့မေ့လျော့ခဲ့ပုံ”
                                                (ဒရာမာ ၁၆)

မနက်ကအထိ ကလေးခေါင်းအုံးထွက်ဝယ်ဖို့ စဉ်းစားတုန်း
သူမ တစ်နာရီအတွင်း ဆေးခန်းကုတင်ပေါ်ရောက်လာ
ခွဲစိတ်မီးဖွားဖို့ နှာခေါင်းပိုက်တန်းလန်းနဲ့ ထိုင်စောင့်ရင်းအတွေးထဲ
သွေးတွေ တိုးဝင်လာ
ဘဝဟာ ငါ့ဟမ်းဖုန်းပြက္ခဒိန်ထဲ ဆွဲထားတဲ့ ဇယားအတိုင်းမဟုတ်
အားလုံးပြင်ဆင်စုဆောင်းထားပြီးမှ နီးရာလက်နက်ကိုင်စွဲရပြန်တဲ့ ချုံခိုတိုက်ခိုက်မှု
                                                            (ဒရာမာ ၆၂)
            ဒရာမာ အစကို ဖတ်ရင်းနဲ့ တစ်ပုဒ်ပြီး တစ်ပုဒ် လက်ကမချချင်တော့။ ဒရာမာ တွေဟာ မောင်ယုပိုင်ရဲ့ နေ့စဉ် မှတ်တမ်းပဲ ဖြစ်တယ်။ မင်္ဂလာဆောင်ဖို့ ရက်ရွေး၊ ဖိတ်စာရွေး၊ အဝတ်အစားရွေး၊ မိတ်ကပ်ပြင်၊ မင်္ဂလာဆောင်၊ မင်္ဂလာဆောင်ပြီးတော့ နေရထိုင်ရ အသားမကျပုံ၊ ပျားရည်ဆမ်းခရီး၊ အိမ်ထောင်သည်ဘဝ ဆရာနဲ့တကွ နည်းလမ်းတကျ ဖြစ်ချင်ပုံ၊ လင်နဲ့မယားလျှာနဲ့သွားဖြစ်ရပုံ၊ အဆင်မပြေမှုများ၊ ဒီလိုနဲ့ ကိုယ်ဝန်ရှိလာပုံ၊ သားတစ်ယောက်ဘဝကနေ မိဘ ဘဝစတင်အကူးအပြောင်းကာလ။ ကျွန်တော်ဟာ ဒရမ်မာဇာတ်လမ်းတွဲက တစ်နေ့တည်း တစ်ထိုင်တည်း ကြည့်ပစ်လိုက် မိပါတယ်။ မောင်ယုပိုင်ရဲ့ ကဗျာတည်ဆောက်မှုမှာ အဲဒီကျွန်းမြို့လေးကနေ အခုစာအုပ် ဒရာမာ အထိ ကဗျာဆိုင်ရာ စာအုပ်တွေပြီးရင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေဟာ သူ့အပေါ် အများဆုံးလွှမ်းမိုးနေရာယူထားပါတယ်။ သူ့ကဗျာစာအုပ် တိုင်းမှာ တီဗီဖန်သားပြင်တွေ၊ တီဗီချယ်နယ်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေဟာ သိသိသာသာ ပါဝင်ပတ်သက်နေလေ့ ရှိပါတယ်။ ဒါဟာ ကဗျာနည်းနာတွေ၊ မော်ဒန်၊ ပို့စ်မော်ဒန်တွေနဲ့ မဆိုင်ဘဲ ကဗျာတည်ဆောက်မှု၊ ကဗျာပြုလုပ်မှုမှာ ကဗျာဆရာအပေါ် လွှမ်းမိုးလေ့ရှိတဲ့ ပြင်ပရိုက်ခတ်မှုတစ်ခုကို ပြောတာပဲဖြစ်တယ်။ အခု ဒရာမာ ဇာတ်လမ်းတွေကျတော့ မောင်ယုပိုင်ဟာ သူ့ဘဝတစ်ခုလုံးကို တီဗီဖန်သားပြင်ကြီးထဲ ဆွဲသွင်းလိုက်တယ်။ သူဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သည်ဘဝ နေ့ရက်တွေဟာ ဒရာမာ ဇာတ်လမ်းတွဲတွေအဖြစ် တစ်ပိုင်းပြီး တစ်ပိုင်း တင်ဆက်ပြသလာခဲ့တယ်။ ဒရာမာ ၄၈၊ ဒရာမာ ၅၀၊ ဒရာမာ ၅၂၊ ဒရာမာ ၆ဝ၊ ၆၁ တဖြည်းဖြည်း ဇာတ်ရှိန်မြင့်သွား၊ ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာဆိုရင် ဇာတ်ရှိန် အမြင့်ဆုံးအခန်း( Climax Sence) တွေဖြစ်မယ့် ဒရာမာ ၆၈၊ ဒရာမာ ၆၉၊ ဒရာမာ ၇၀ (Track 1)၊ ဒရာမာ ၇၀ (Track 2)။ အားလုံးပြီးမှ အသက်ကို ဝဝပြန်ရှူရတယ်။ ဒရာမာ ဟာ ဒရာမာ ဆိုတဲ့အတိုင်း ကြည်နူးမှု၊ ဝမ်းနည်းမှု၊ စိတ်ပျက် အားငယ်မှု၊ အလိုမကျမှု၊ ပျော်ရွှင်မှုတွေနဲ့ တခန်းပြီး တခန်း၊ ဇာတ်လမ်းတစ်ပိုင်းပြီး တစ်ပိုင်း ကဗျာဖတ်သူကို အရသာရှိရှိ ထိုင်ရာမထစေဘဲ ဆွဲဆောင်သွားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ နေ့စဉ်ကြည့်နေရတဲ့ Super Hero တွေ၊ Avengers တွေ၊ Political Corruption တွေကြားထဲမှာတော့  ဒရာမာ ဟာ အောင်မြင်တဲ့ဇာတ်လမ်းတွဲ၊ နှစ်သက်ဖွယ်ကောင်းတဲ့ ကဗျာစီးရီး တစ်ခုပါပဲ။ မောင်ယုပိုင်ဟာ အရိုးရှင်းဆုံးအရေးအသားနဲ့၊ သူကျွမ်းကျင်ပိုင်နိုင်တဲ့ စကားပြေကဗျာဆန်တဲ့ အဖွဲ့တွေနဲ့၊ သူ့အပေါ်လွှမ်းမိုးထားတဲ့ ပြင်ပရိုက်ခတ်မှုက အတွေ့အကြုံတွေနဲ့၊ သူ့ရဲ့ ရင့်ကျင်မှုတွေ၊ သူရဲရင့်ခဲ့ပုံတွေ၊ သူရင်ဆိုင်ခဲ့ပုံ တွေကို ဒရာမာမှာ ပုံအောခဲ့ပါတယ်။ ဒရာမာ အောင်မြင်ပါစေ။ မောင်ယုပိုင်လည်း နေ့ရက်တိုင်းမှာ ပိုမိုပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မင်းနဒီခ
၂၆၊ ၅၊ ၂၀၁