ကြယ်ကြွေဆုတောင်း လွမ်း၏ မလွမ်း၏
(၁)
လရောင်ကို
ညအမှောင်နဲ့ မျှားတဲ့ည
အိပ်မက်တံခါးဝမှာ
ပန်းဘီလူးများ
ကကြပါစေ။
(၂)
တကယ်ပါ 
ရီဝေမှိုင်းညို့
မျက်ရည်စို့လက် 
ချစ်ခြင်းရဲ့
လမ်းတစ်ဝက်မှာ 
အလွမ်းလွန်မူးလဲ 
အသည်းလဲ
ကွဲခဲ့ဖူးပြီ
မိုးစက်လွင့်ကြွေ
ပန်းခရေမြေလူး 
အရူးအမူးလည်းချစ်ခဲ့ပြီးပြီ
ငါ့အတွက်
ဘာတစ်ခုမှ ပြန်မရခဲ့တာတောင်မှ 
ပြည်စုံလွန်းခဲ့ပါပြီ
ချစ်သူ။
(၃)
ပြန်မပြောချင်တော့ပါဘူး
လွမ်းလွမ်းဆွတ်ဆွတ်
လွင့်ပျံ့လာတဲ့ 
ဟိုးအဝေးက
ခြောက်ကြိုးကသံတွေဟာ
ရင်ကိုလာမှန်တဲ့
မြားအစင်းစင်းဆိုတာ
ပြန်မပြောချင်တော့ပါဘူး
သံယောဇဉ်နဲ့
နှောင်တင်းရင်း 
ရင်ကိုစူးနစ်ခဲ့တဲ့
မြားတစ်စင်းအတွက် 
လေးတင်းခဲ့သူဟာ
ကိုယ် ကိုယ်တိုင်ပဲဆိုတာ
ပြန်မပြောချင်တော့ပါဘူး                                         
လိပ်ပြာ မလှတဲ့
ညမို့ 
ဆေးအထပ်ထပ် သနေလဲ
ထူးပြီး မလှတော့ပါဘူးဆိုတာ
ပြန်မပြောချင်တော့ပါဘူး
ဆိုပေမဲ့
ဖြေမရ ဖျောက်မရ 
ငါကိုယ်တိုင်တောင်
လက်မခံချင်တဲ့ သတိရခြင်းမျိုးမို့ 
နှင်းမြူနဲ့ချက်ထားတဲ့
အရက်တစ်အိုး 
သူမသိအောင်
ခိုးသောက်ရင်း 
တိတ်တိတ်လေးပဲ
လွမ်းဦးမယ်။
(၄)
 ဒီလိုနဲ့ မမြင်မတွေ့ကြတော့ရင် 
နေက လကို
မေ့နေသလိုမျိုး ငါကိုမေ့လိုက်ပါ
နွေဦးက
နှင်းစက်ကို မေ့နေသလိုမျိုး ငါ့ကို မေ့လိုက်ပါ
ပန်းပွင့်က
ပင်စည်ကို မေ့နေသလိုမျိုး ငါ့ကို မေ့သွားလိုက်ပါ
မြေဆွဲ အားက
ရုန်းထနေတဲ့တောင်ကုန်းတွေလိုမျိုး 
ချစ်ခြင်းတရားက
ရုန်းမထမိတဲ့ ငါကတော့ 
အရှုံးကိုပဲ
ပြန်တူးဖော်မယ်။
(၅)
သန်းခေါင်ထက်
နက်နက်သွားတဲ့ ညတိုင်း
နားထဲ ကြားမိတဲ့
နာရီသံချောင်းခေါက်သံဟာ 
တစ္ဆေတစ်ကောင်ရဲ့
စောင်းကြိုးခတ်သံလိုမျိုး 
ငါ့ကို ညှို့ငင်
ခြောက်လှန့်လို့
ရင်ခုန်သံတဒိတ်ဒိတ်နဲ့
အိပ်မရတဲ့ညတွေမှာတောင်
ငါဟာ
မင်းပါတဲ့အိပ်မက်ကို မက်ချင်နေတုန်းပါပဲ ချစ်သူ 
ငါ့အချစ်တွေ
အတုန်းအရုန်းကျဆုံးခဲ့လည်း 
အခုထက်ထိ
အပြုံးမပျက်တဲ့ 
ငါ့ကိုယ် ငါ
နောင်တမရချင်ပါဘူး။
(၆)
စိတ်ကူးနဲ့ပဲ
ရူးတယ်ပြောပြော
ဒီထက်ပိုဝေးလဲ
ဒီထက်ပိုမဝေးတော့ပါဘူးဆိုတဲ့ 
မောင်သိန်းဇော်ရဲ့
ကဗျာလေးထဲကလို 
ကိုယ့်ကိုယ်ကိုယ်
ပြန်အားတင်းရင်း 
ကိုယ့်ရင်ကို
ကိုယ်ပြန်သစ် ဆက်ချစ်နေဦးမယ် 
နွေဦးရဲ့
သစ်ရွက်ကြွေတွေလို 
ပင်လယ်ဆီ
စီးဆင်းသွားတဲ့ မိုးရေစက်တွေလို 
ဆောင်းနှောင်းရဲ့
ပွင့်ဖတ်တွေပေါ်က 
လက်ကျန်နှင်းစက်လေးတစ်ပွင့်လို
ငါ့ကို သတိရပေးပါ
အချစ်ဆိုတာ 
မင်းဖတ်ပြီး
နားမလည်လိုက်တဲ့ ကဗျာတစ်ပုဒ်လိုပါပဲ  
ငါ့ကို သတိရပေးပါ
ငါဟာ 
မျှော်လင့်ခြင်းသေတ္တာလေးကိုမှဖွင့်ကြည့်မိတဲ့
ကမ္ဘာဦးရဲ့
နောက်ဆုံးပန်းသီးလေးတစ်လုံးပါ 
အဲဒီအတွက် ငါ့ကို
သတိရပေးပါ
ငါဟာ
မျှော်လင့်စရာဆိုလို့ 
မျှော်လင့်ခြင်းလေးတစ်ခုတောင်မှ
မရှိတော့တဲ့ 
လေနှင်ရာတိမ်မျောလေးတစ်ခုပါ
ငါ့ကို သတိရ
ပေးပါ
နောက်ဆုံး
သတိရစရာမကျန်တော့ဘူးဆိုရင်တောင် 
ငါဆိုတဲ့
ကောင်ကို မေ့ပစ်လိုက်ဖို့ ခဏ လေး 
ငါ့ကို
သတိရပေးပါ  
ငါ့ကို
သတိရပေးလိုက်ပါ။
(၇)
ဒီလိုအပူ
ဒီလိုအလွမ်းနဲ့ 
မုတ်သုန်ဘယ်နှခုတိုင်အောင်
ငါ့ညတွေကို
လွှတ်တင်တမ်းတနေရဦးမှာလဲ
ညလိုလို
မနက်လိုလို အချိန်အထိ 
သတိတရတမ်းတနေခဲ့ပေမဲ့
ငါ့ရင်ဘတ်က 
အလွမ်းနက္ခတ်မှာပဲ
ရောက်ရောက်နေတာ ခက်တယ် 
ထားလိုက်ပါ 
မလွတ်မြောက်ရင်လဲ
နေပါစေတော့ 
နောက်ကြောင်း
ပြန်လှည့်ထွက်လာတဲ့ မြေခွေးတစ်ကောင်လို 
ဒီအပင်က စပျစ်သီး
ချဉ်တယ်လို့ 
ဘယ်တော့မှ
ငါမပြောပါဘူး
ရွှေရောင်
ကောင်းကင်တစ်ခုလုံး ညွတ်ကျဖို့ 
မုဆိုးတစ်ယောက်လိုလဲ
ဒူးထောက်ပြီး
မတောင်းပန်ချင်တော့ပါဘူး။  
(၈)
ငါ့ကိုလွမ်းရင်
ကြယ်ကို ကြည့် 
ငါကလွမ်းရင် ကြယ်လိုကြွေမယ်
လရောင်ပြယ်
ဝေးလွင့်ပါး
ရင်ခုန်သံစကားကိုနားဆင်
ကြယ်ကြွေပင့်သက် လင်း လက် မှိန် ဖျော့
ကြယ်ကြွေပင့်သက် လင်း လက် မှိန် ဖျော့
မျက်ရည်တွေ
ပုတ်ခတ်တားဖို့
မင်းမသိအောင်
ခေါင်းမော့ဆုတောင်းရင်း
ဘ၀ဆက်တိုင်း
မင်းပန်မယ့်
ပန်းတိုင်းပွင့်ပါစေ
မင်းနမ်းတဲ့
ပန်းတိုင်းမွှေးပါစေ
မင်းပျော်စံရာ နန်းဆောင်အသစ်သစ်နဲ့
ဘုံအဆင့်ဆင့်မှာ
မြင့်သထက် မြင့်ပါစေ/
မင်းနဒီခ
 
No comments:
Post a Comment