Friday, June 9, 2017

မင်းနဲ့ ဝေးတဲ့ ဇန်နဝါရီ

မင်းနဲ့ ဝေးတဲ့ ဇန်နဝါရီ

ဆောင်းရာသီဟာ ငါ့ကို ပူလောင်စေတယ်
အလွမ်းဟာ မီးစွဲနေတဲ့ ထင်းခြောက်လို တဖျစ်ဖျစ်မြည်လို့
နှင်းဟာလည်း နှင်းမဟုတ်တော့သလို
မြူဟာလည်း မီးခိုးလို တငွေ့ငွေ့ အူလို့
မင်းအရိပ် မင်းအရောင်ဟာ
မနက်ခင်းအရုဏ်ဦးမှာ တံလျှပ်လို ဖြားယောင်းလို့
ကြေကွဲစိတ်ဟာ မြက်ဖျားပေါ်က နှင်းစက်လို တွဲလဲခိုလို့
ငါတို့ တစ်ယောက်ကို တစ်ယောက်လွမ်းရတဲ့ ဇန်နဝါရီ
ရာသီမသိလို့ ပန်းနဲ့ညှိဖို့ လိုဦးမလား
မတတ်နိုင်တော့ဘူး
လွမ်းစိတ်မှာ ပန်းတွေ အားလုံးနွမ်းကြေနှုတ်ဆိတ်လို့
ပန်းမြို့တော်ဟာ တိတ်တိတ်ကလေးဆွေးတယ်
ခြောက်ထပ်ကွေ့ဟာ သူပြန်လာမယ့် လမ်းကို မျှော်လို့ ငေးတယ်
ချစ်သူရေ
ဂန္ဓမာပန်းများ ပြည်ချစ်ဘုရားမှာ ကပ်လှူဆုတောင်းခဲ့ပါ
သုံးဆင့်ရေတံခွန်နဲ့ ကန်တော်ကြီးဥယျာဉ်မှာ ပျော်ရွှင်ကြည်နူးခဲ့ပါ
မင်းရှိနေတဲ့ နေရာမှာ ငါရှိနေသလို စိတ်ကိုတွေးလို့
ချစ်ခြင်းတရားကို ဝတ်မှုံကူးပါ
မင်းပျော်ရွှင်မှုဟာ ငါ့ပျော်ရွှင်မှုပါပဲဆိုတာ
ကဗျာအဖြစ်ရေးတဲ့ စာသားသက်သက်မဟုတ်ပါဘူး
ငါစောင့်နေမယ်
မင်းပိတ်မသွားတဲ့ အိမ်ရှေ့တံခါးလေးမှာ ရပ်စောင့်ရင်း
မင်းပြန်လာမယ့် တောင်ပေါ်အဆင်းလမ်းလေးကို ငေးရင်း
ဆောင်းရနံ့သင်းတဲ့ ညဆီက မင်းကိုယ်ငွေ့နွေးနွေးကို ပြန်တွေးရင်း
ငါစောင့်နေမယ်
ပြန်လာမယ်ဆို ဖုန်းကြိုမဆက်ပါနဲ့
မျှော်လင့်ခြင်းရဲ့ စက္ကန့်တစ်ချက်ချက်သံကြားမှာ
ငါ
အံ့သြပျော်ရွှင်ပါရစေ။

မင်းနဒီခ
၈ ဇန်နဝါရီ ၂၀၁၄



No comments:

Post a Comment