Friday, June 9, 2017

အချစ်အကြောင်းပြောတဲ့ည

အချစ်အကြောင်းပြောတဲ့ည

ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
မြင်နိုင်တဲ့ အရပ်မှာပဲ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်နေရာစီ
ညီမလေးက နေထွက်ရာအရပ်ကို မျက်နှာမူပြီး
ကိုယ်က နေ၀င်ရာအရပ်ကို မျက်နှာမူတယ်
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဒီလိုအချိန်ဆို ညီမလေးရဲ့ ရယ်သံလွင်လွင်လေးကို ကြားနေကျ
ဒီလိုအချိန်ဆို ညီမလေးရဲ့ နှုတ်ခမ်းဖျားက နှင်းဆီရနံ့တွေကို ဖျားယောင်းခိုးယူနေကျ
နက်မှောင်ရှည်လျားတဲ့ ညီမလေးရဲ့ ဆံနွယ်ချောင်းချောင်းတွေကြားမှာ
ကိုယ့်လက်ချောင်းတွေ ထိုးဖွဆော့ကစားမိတဲ့အခါ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ရ
ပြောသင့်တာအတွက် ပြောချင်တာကို မျိုသိပ်ကျိတ်မှိတ်ပေးခဲ့ရ
အချစ်နဲ့ ဘ၀ကို ညီမျှခြင်းချပြဖို့ သတ္တိမရှိခဲ့ရုံလေးနဲ့
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ညီမလေးအတွက်ရေးတဲ့ကဗျာ ကိုယ်ဘယ်သူ့ကို ဖတ်ပြရမလဲ
ညီမလေးကို ပြောချင်တဲ့စကား ကိုယ်ဘယ်သူ့ကို ကြားစေရမလဲ
တစ်ယောက်တစ်ကမ္ဘာစီ ဝေးနေရတာထက်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝေးနေရတာ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး


မင်းနဒီခ

No comments:

Post a Comment