Monday, April 29, 2013

ဘုရားသခင်နဲ့ အတူခရီးသွားခြင်း



ဘုရားသခင်နဲ့ အတူခရီးသွားခြင်း

ကာလနဂါးတစ်ကောင်ရဲ့ နှာမှုတ်သံရှည်ရှည်ကြီးတစ်ခုလိုပဲ
ရထားက သူ့ဥသြကို ပျင်းပျင်းတွဲ့တွဲ့ ဆွဲလိုက်တယ်
ခရီးစတင်ပါပြီ မိတ်ဆွေ
ခင်ဗျားနံဘေးကလူဟာ ခင်ဗျားနဲ့ မတူညီသော ဖိနပ်အမျိုးအစားကို စီးထားနိုင်ပြီး
ခင်ဗျားရှေ့တည့်တည့်က လူဟာလဲ ခင်ဗျားထက် အရပ်ရှည်ချင်ရှည်နေပါလိမ့်မယ်
ခင်ဗျားရဲ့ တဖက်တခြားကလူဟာ မကြာခဏ သမ်းဝေနေနိုင်ပြီး
ခင်ဗျားရဲ့ အခြားတဖက်ကလူဟာလဲ စကားတွေ ဟောင်ဖွာဟောင်ဖွာပြောချင်ပြောနေပါလိမ့်မယ်
ခင်ဗျားအိပ်ကပ်ထဲက ပိုက်ဆံတစ်ချို့ဟာစားသောက်တွဲမှာ ပါတဲ့ ဘီယာတစ်လုံးဖိုးစာ ဖြစ်သွားနိုင်ပြီး
ဘီယာတစ်လုံးစာ ခင်ဗျားအိပ်ကပ်ထဲက ပိုက်ဆံတစ်ချို့ဟာ
ခါးပိုက်နှိုက်တစ်ယောက်အတွက် ဖူလုံတဲ့ညစာတစ်နပ်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ခင်ဗျားထိုင်ခုံအောက်မှာ သွေးဆာနေတဲ့ ကြမ်းပိုးအမြောက်အမြားရှိနေနိုင်ပြီး
ခင်ဗျားခေါင်မိုးပေါ်က ခရီးဆောင်အိတ်တွေထဲမှာလဲ
ဘဏ်ကထုတ်လာတဲ့ ယူရိုဒေါ်လာအမြောက်အမြား ပါချင်ပါလာနိုင်ပါတယ်
ဘာမဆိုဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပေါ့ မိတ်ဆွေ
အသားအရောင်မတူ /ဘာသာစကားမတူ/ယဉ်ကျေးမှုချင်းမတူ/ဦးတည်ချက်ချင်းမတူ
ကျွန်တော်တို့အားလုံး မတူညီတာတွေ တူညီစွာ ၀တ်ဆင်ထားပြီး
မကွဲမပြားနဲ့ တကွဲတပြားခရီးသွားတွေပဲပေါ့
ဘယ်တုန်းကမှ မထူးဆန်းခဲ့သလို
ဘယ်တော့မှလဲ မထူးဆန်းတော့မယ့် ကိစ္စ
ရထားကတော့ တစ်ဘူတာပြီး တစ်ဘူတာဖြတ်နေဆဲ
တစ်ချို့က ဘူတာတွေမဆုံးခင် ခရီးတွေဆုံးသွားကြပြီး
တစ်ချို့ကတော့ ဘူတာတွေဆုံးတာတောင် ခရီးတွေမဆုံးကြ
တစ်ချို့က ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းပြီး
တစ်ချို့က ကိုယ်မနိုင်တဲ့ဝန် သူများထမ်းခိုင်းကြတယ်
ခက်ပြီ ဒီအတိုင်းပဲ လိုက်ပါလာခဲ့ကြ
ကိုယ့်ဖိနပ်ကိုယ်စီး ကိုယ့်ခရီးကိုယ်ဆက်
ကံကြမ္မာက ခင်ဗျားတို့ ကျွန်တော်တို့အားလုံးအတွက်
လက်မှတ်တစ်စောင်စီ ဖြတ်ထားပေးပြီးသား
ကဲ ပြော ကောင်းကင်ဘုံလား ငရဲလမ်းလား
ဘုရားသခင်ကတော့ စကားတစ်ခွန်းကိုပဲ ခွင့်ပြုတယ်။
                                                           
မင်းနဒီခ
Family မဂ္ဂဇင်း၊ မေ၊၂၀၀၇

ဖေဖော်ဝါရီ ၁၄ လမ်း



ဖေဖော်ဝါရီ ၁၄ လမ်း

တယုတယထုပ်ပိုးထားတဲ့ ချောကလက်တစ်ထောင့်မှာ
ချစ်ခြင်းတရားက ဘယ်လိုအရသာနဲ့ ပျော်ဝင်နေသလဲ
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ငါ့အခန်းထဲ
ပြန့်ကျဲနေတဲ့ ပိုင်ရှင်မဲ့ ပို့စကဒ်တွေ
အကြိမ်ကြိမ် ချိန်းဆိုပြီး အကြိမ်ကြိမ် လွဲချော်ထားတဲ့နေ့စွဲတွေ
နွေကြိုတေးနဲ့ ချော့သိပ်လိုက်ရတဲ့ အိပ်မက်တွေ
အဲဒီလို နေ့စဉ်ရက်ဆက် ကြေကွဲခြင်းများ
ငါ့ရဲ့ဗုဒ္ဓဟူးနံလေးရေ
အနမ်းဆိုတာ
သတိရတိုင်းခြောက်တတ်တဲ့ တစ္ဆေတစ်မျိုးပဲပေါ့
နီးနီးဝေးဝေး ငါ့နှလုံးသားကို ဖုန်းခေါ်ပါ
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး
                                               
မင်းနဒီခ
Empress မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊၂၀၀၇

သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း



သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း

ဝေးဝေးလံလံအရပ်ကနေ ရောက်ရှိလာမယ့် အရာတစ်ခုခုကို ရပ်စောင့်
အဲဒီအရာဟာ တစ်ခုခုနဲ့ ခုပြီး ခိုးလို့ခုလုဖြစ်နေတဲ့အခါ
ခေါင်းတခါခါ လည်တခါခါ တမျှော်တခေါ်စာဝေးဝေး
ငေးတယ် မြူခြေဆိုင်းဆိုင်း မှိုင်းမှိုင်းညှို့ညှို့
ကဗျာဆရာ ကဲနစ်တ်ကို့ခ်ရဲ့လေသံအတိုင်းပြောရရင်
လမ်းတစ်လမ်းက နောက်လမ်းတစ်လမ်းကို ကွယ်ရင် ကွယ်နေလိမ့်မယ်
တောင်တစ်လုံးက နောက်တောင်တစ်လုံးကိုကွယ်ရင် ကွယ်နေလိမ့်မယ်
မြို့တစ်မြို့က နောက်မြို့တစ်မြို့ကို ကွယ်ရင် ကွယ်နေလိမ့်မယ်
သစ်ပင်တစ်ပင်က နောက်သစ်ပင်တစ်ပင်ကို ကွယ်ရင်ကွယ်နေလိမ့်မယ်
ကွယ်နေတဲ့သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း
အရိပ်တစ်ခုက အရိပ်တစ်ခုကို ကွယ်နေတဲ့ အရိပ်များအောက်မှာ
စောင့်နေတဲ့ အရာတစ်ခုဟာ သူ့ဆီကို ရောက်မလာမချင်း
တောင်ကို အထပ်ထပ်ရစ် မြွေလိမ်မြွေကောက်မြှင့်တက်လာသော လမ်းမများ
ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး
တဖြည်းဖြည်းနဲ့ ဆက်တက်သွား လေဖိအားက မြေပြင်ထက်ပိုများနေသလား
အချိန်တိုင်းအနွေးထည်ထူထူတစ်ထည်ကို ကိုယ်နဲ့ မကွာဆောင်ထားရတယ်
ရှမ်းမလေးတွေ အချောတွေ ပေါတယ် ချမ်းအေးလှတဲ့ ဌာနီဝယ်
နောက်တစ်ခါ ထပ်ဆို အသံကို နည်းနည်းမြှင့်လိုက်
အခုပင်လယ်ရေမျက်နှာပြင်အထက်ဘယ်လောက်အမြင့်ကို ရောက်နေပြီလဲ
အဖြစ်အပျက်က ရိုလာကိုစတာစီးရသလို နိမ့်သွားလိုက် မြင့်သွားလိုက်
ကြိုက်တတ်ရင် တောကောင်စစ်စစ်ရမယ် ဆန်အရက်ကောင်းကောင်းရမယ်
ခင်ဗျားက အခု ဘာကိုစောင့်နေတာလဲ ခင်ဗျားကို ဘယ်သူက စောင့်ခိုင်းနေလို့လဲ
ရွေ့လျားနေတဲ့ တိမ်တွေကြားမှာ တောင်တန်းတွေက တိတ်ဆိတ်ငြိမ်သက်လို့
လှုပ်ယမ်းနေတဲ့ သစ်ပင်တွေကြားမှာ စောင့်ဆိုင်းနေတဲ့ အရိပ်တစ်ခုဟာ ငြိမ်သက်တိတ်ဆိတ်လို့
ခက်တယ် တစ်ခုခုဟာ တစ်ခုခုနဲ့ ခုပြီး ခိုးလို့ခုလုဖြစ်နေတတ်တဲ့အခါ
ရပ်စောင့်နေတဲ့ အရာတစ်ခုဟာ ဝေးဝေးလံလံအရပ်ကနေ ရောက်ရှိလာနိုင်ပါဦးမလား
သစ်ပင်များကြားမှ စောင့်ကြည့်ခြင်းအခြေအနေအချိန်အခါအရ
အရိပ်တစ်ခုဟာ နောက်အရိပ်တစ်ခုကို ကွယ်ရင်ကွယ်နေပါလိမ့်မယ်။

မင်းနဒီခ
ရယ်စရာ မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၂

ဧရာဝတီပေါ်မှ သမုဒ္ဒရာများ



ဧရာဝတီပေါ်မှ သမုဒ္ဒရာများ

ဘာပဲဖြစ်ဖြစ် မြစ်ကို ပင်လယ်ဆီခေါ်သွားရမယ်
နှင်းတစ်ပွင့်၊ မိုးတစ်စက်၊ နွေရာသီရဲ့ အမြင့်ဆုံးအပူချိန်စသည်
စိုးရိမ်ရေမှတ်ဘယ်လောက်တိုင်းတာချက်အရ
ဘယ်တုန်းကမှ သဘာဝကျကျစဉ်းစားတွေးခေါ်ခြင်းမရှိခဲ့တဲ့ သဘာဝတရား
ဝင်ရိုးစွန်းဒေသရဲ့ ရေခဲမြစ်များ အရည်ပျော်စီးဆင်းမှုမြန်ဆန်လာခြင်းဖြစ်စဉ်
နုန်းတင်မြေနုကျွန်းများပျောက်ဆုံးခြင်းပြဿနာအရပ်ရပ်နှင့်
ရေစီးအတိုင်းမြောက်မှ တောင်သို့ မျောပါသွားသော ကူးတို့လှေများ
ရွေ့ပြောင်းနိုင်သော ပစ္စည်းများ မရွေ့ပြောင်းနိုင်သော ပစ္စည်းများစာရင်းပြုစုခြင်း
လပြည့်လကွယ် ဒီရေအတက်အကျ အယူအဆခိုင်မာသော သက်သေ
ရာသီဥတုအပြောင်းအလဲနဲ့ မုန်တိုင်းများဖြစ်ပေါ်မှုအကျိုးဆက်
အထူးသတင်းကြေညာချက် မနက်ဖြန် မုတ်သုန်လေ အားကောင်းမည်
ဂျွန် ငါတို့  ပင်လယ်ဆီသွားကြစို့လို့
တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်မိသလို/ ကြားလိုက်မိသေးလား
မျှော်လင့်ထားတဲ့ တစ်စုံတစ်ရာအား နောက်ကနေ တကောက်ကောက်လိုက်ကြည့်
ဝမ်းနည်းပါတယ် အိုင်တီဟာ ဧရာဝတီကို ဘောင်ကျဉ်းအောင် မလုပ်နိုင်ခဲ့
ဟေရာကလိုက်တပ်စ်ရဲ့ မြစ်ရေမှာ ဘယ်သူမှ ရေနှစ်ခါ မချိုးနိုင်ခဲ့
ကံ ကံ၏ အကျိုးနဲ့ ပေါက်ထွက်သွားတဲ့ ပိုက်ကွန်မှာ
ဆုံးရှုံးခြင်းဟာ ငါးတစ်ကောင်နဲ့ ပင်လယ်တစ်ခုသာ ဖြစ်တယ်
ဆိုလိုတဲ့ အဓိပ္ပာယ်က
ရေပတ်လည်ဝိုင်းနေသော ကုန်းမြေဟာ ခင်ဗျားလို့ သိလိုက်ရချိန်
ကမ်းပါးအထပ်ထပ်ဟာ အလဲလဲအပြိုပြိုနဲ့ ရေတိုက်စားခံလိုက်ရချိန်
အချက်ပေးခေါင်းလောင်းသံဟာ တစီစီနဲပ စူးစူးဝါးဝါးအော်မြည်လာတဲ့အချိန်
သမုဒ္ဒရာများဟာ မြစ်ကို လွတ်ချပြီး
လက်ချည်းသက်သက် ပင်လယ်ဆီ ထွက်လာခဲ့တော့တယ်။

မင်းနဒီခ
ပိတောက်ပွင့်သစ်၊ စက်တင်ဘာ၊ ၂၀၁၁

ချောင်းဆိုးခြင်း



ချောင်းဆိုးခြင်း

ယုံကြည်မှုမှာ စွန်ပစ်ခံလိုက်ရတဲ့ တိမ်တိုက်တွေ
တစ်မိုးသားလုံးအုံ့မှိုင်းလို့ ( မဟုတ်ဘူး) အုံ့ဆိုင်းလို့ (အတူတူတူပဲ)
ကဲ ရှေ့ဆက်/နောက်ပြန်ပြီး ငြင်းခုံကြမယ့် အကြောင်းအရာ
ကဗျာအဖြစ်မှ စကားပြေသို့ လျောကျ/မြှင့်တက်သွားခြင်းအဆင့်ဆင့်
နောက်တစ်ဆင့်မှာ ထပ်မံမြင့်တက်လာဦးမယ့် ဘာသာစကား
အတိုက်အခိုက်ကိုပြောတာလား။ ဝေဖန်ရေးကို ပြောတာလား
ကြားလိုက်မိသေးလား။ ဒါမှမဟုတ် ကျားအလိုက်ခံရသေးလား
အခု အရေးအသားဟာ
အသေးအမွှားကို အလေးမထားကြောင်း သိလိုက်ရပြီ
နဝေတိမ်တောင် တောသုံးတောင် တောင်သုံးတောင်
တောင်မရောက် မြောက်မရောက် တောပြော တောင်ပြော တည့်တည့်ပြော
မြို့ပြမှာ ကဗျာတစ်ပုဒ်နောက် အမဲလိုက်သလို လိုက်နေတဲ့ မုဆိုးတွေ
နားမလည်ရင် ရှေ့ခုနှစ်ဘ၀ နောက်ခုနှစ်ဘဝ
ကိုယ့်ကိုယ်ကိုယ်သာ လက်ညှိုးထိုးပြီး အန်ချပစ်လိုက်
ရှေ့ကိုက်တစ်ရာမှာ ရထားလမ်းကူးရှိသည် သတိပေးချက်
လေအဝှေ့မှာ စို့ထွက်လာတဲ့ ချွေးတစ်စက်ရဲ့ အေးမြခြင်း
မိုးရေတွေနဲ့ လေးလံကွေးညွတ်နေတဲ့ သစ်ပင်တစ်ပင်ရဲ့ စိမ်းလန်းခြင်း
အစဉ်အလာကင်းရှင်းကြောင်း ကာရန်ကင်းရှင်းကြောင်း ပြဿနာ
ဟာ ဒီကောင်မဟုတ်တာက စပြောပြန်ပြီ။ ပြောပြော
သစ်ပင်က စတယ်ပြောပြော။ သစ်စေ့က စတယ်ပြောပြော
ပြောနေတာက ကြက်ဥနဲ့ ကြက်မ ဘယ်သူအရင် ဘယ်သူနောက်
ခေတ်ရဲ့ ပြောင်းလဲစီးဆင်းမှုမှာ
နောက်ပေါက်ကလေးတွေ အကုန်ကံကောင်းကြတယ်ဆိုတဲ့ စကားလိုမျိုး
အုတ်အော်သောင်းနင်းယောရောင်နောက်လိုက် ထွက်ကျလာတဲ့ကဗျာ
ဘယ်ဟာအတု ဘယ်ဟာအစစ် ဝေဖန်ပိုင်းခြားခြင်း ကဏ္ဍ
ယခုတဖန် နောက်ဆုံးတူးဖော်တွေ့ရှိချက်အရ
ဆွေစစ်စစ်မျိုးစစ်စစ် အစစ်အမှန်တန်ဖိုးစစ်စစ်ဖြစ်ကြောင်း
နားထဲမဆန့်မပြဲ တိုးဝင်လာတဲ့အသံ
ကြားရ ကြားရ နားဝမှာ ဆို့နေတယ် တစ်နေတယ်
လက်ရှိအရေးအသားဟာ အနည်းငယ်ပျို့နေတယ် တစ်နေတယ် ထစ်နေတယ်
အခုတော့ ဆောမျူ့စ်ကြောင့် အားလုံးအဆင်ပြေချောမွေ့သွားပြီပေါ့
ဆောမျူ့စ်ရှိတယ်လေ ။ ဆောမျူ့စ်။

မင်းနဒီခ 
ပိတောက်ပွင့်သစ်၊ ဇူလိုင်၊ ၂၀၁၁