Tuesday, April 23, 2013

ကဗျာကို ဘယ်လိုရေး



ကဗျာကို ဘယ်လိုရေး

ရေးလိုက်တာပဲလို့ ကဗျာ ဘယ်နေရာမှာ ဘယ်လို ဘယ်ပုံခံစားချက်ကို ဖွင့်ဆိုဖို့ စကားလုံး
သတ်ပုံကျမ်းနဲ့ သီအိုရီအဆင့်ဆင့် စိတ်ထဲ ရေအလျင်စီးဆင်းလာသလို
အလင်းပွင့်သလို မီးလေးဖွင့်လိုက် ခလုတ်ကလေးကို နှိပ်လိုက်
ပထမတစ်ကြောင်းစပြီးရင် နောက်တစ်ကြောင်းက အလိုလိုလိုက်လာ
သူခိုး ရဲဖမ်းသလိုလား မုဆိုး ကျားဖမ်းသလိုလား
တရစပ် အကြားအလပ်အဆပ်အစပ်မဲ့ လက်နဲ့ ဖောင်တိန်နဲ့ စာရွက်နဲ့ အဆက်မပြတ်
နီယို အယ်လ်ပီ ကွန်ဆက်ကျူရယ် ဆာရီရယ်လစ် ဘယ်လိုတက္ကနစ်နဲ့ မဖြစ်ညစ်ကျယ်
အဖတ်မလွယ်သလို အရေးလဲ မလွယ် ကဗျာမှာ မလွယ်ပေါက်ရှိလားမေးခွန်း
ဒရွတ်ဆွဲ တွန်းတင် မနက်ဖြန်မှာ ကဗျာဆရာတွေ အင်တာဗျူးရှိရင်ပြောပါ
ကဗျာကို ဘယ်လိုရေး ကဗျာကို ဘယ်လိုတွေး ကဗျာဆိုင်ရာ မေးခွန်းလေးတွေ ဖြေပါ
ကဗျာအသက် ဘယ်နှရက်နဲ့ ကဗျာကို အသက်လို ဖက်တွယ်
ဒီမှာ လူကြီးမင်းရဲ့ ကဗျာစားဝတ်နေရေး အာဖရိကန်ကလေးမွေးသလို
အသေလေးပဲရရ အရှင်လေးပဲရရ ကဗျာများများရပေမဲ့ ကဗျာပါးက ဝ ဝမလာခဲ့
ကဗျာတစ်နေ့ရွှေ ကဗျာတစ်နေ့ငွေ ကဗျာစာမူခတစ်ပုဒ်ကို ရေသန့်ဘယ်နှပုလင်း
ကဗျာဆရာ မကျန်းမာရင် ကဗျာနဲ့ ဒရစ်(drip) သွင်းပါ
မဂ္ဂဇင်းပါတဲ့ကဗျာ ကိုယ့်ကဗျာမဟုတ်ရင်တောင် သူများကဗျာ
မနက်တစ်ကြိမ် ညနေတစ်ကြိမ် သောက်ပါ အရည်နည်းနည်း အဖတ်များများ
အချိန်ရရင် ရသလို ကဗျာစကားများများ ကဗျာရွတ်သံလေးများကြားရင်
ကဗျာရေးချင်တဲ့ စိတ်ကလေးတားမရဘူးနဲ့
ကဗျာတောမှာ ကဗျာစိတ်ကလေးမောသွားရင်
ကဗျာလေးပဲ ရေးလိုက်ချင်တယ်နဲ့ ခင်ဗျားလဲ ကဗျာကို ဘယ်လိုရေး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ပြေငြိမ်းရေး
စာမတတ်သူပပျောက်ရေးနဲ့ အနာကြီးရောဂါတိုက်ဖျက်ရေး
ဖန်လုံအိမ်ဓါတ်ငွေ့လျော့ချရေးနဲ့ အင်္ဂါဂြိုလ်ပေါ်က ရေအရင်းအမြစ်ရှာဖွေရေး
ဘယ်အကျိုး ဘယ်အကြောင်းနဲ့ ဖြစ်ဖြစ် သစ်တစ်ပင်အောက်မှာ ဝါးတစ်ပင်အောက်မှာ
မျက်စိတစ်မှိတ် လက်တစ်ဖျစ် ကွေးသောလက်မဆန့်မှီနဲ့ ဆန့်သောလက်မကွေးမှီမှာ
ကဗျာဘယ်လိုရေး ကဗျာဘယ်လိုတွေး
ကဗျာမဆုံးခင် ကဗျာမေးခွန်းလေးတွေ ဖြေပါ
                                                                                   
မင်းနဒီခ
ပြုံးစရာ မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၁၂

No comments:

Post a Comment