Thursday, April 11, 2013

ဘယ်ဈေးဟာ သင့်အမေးလဲ



ဘယ်ဈေးဟာ သင့်အမေးလဲ

ဘာလိုလဲ ညီလေး ဈေးမေးကြည့်လိုက်လေက အစ။ ပုံတူမျိုးပွားကလုံးနဲ့ ဖန်ပြွန် သန္ဓေသားအဆုံး။ တစ်နေရာတည်းမှာ လိုချင်တာအကုန်လုံးရယူနိုင်ပါပြီ ဆိုလား။ ၀န်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင်ယူ စနစ်။  အဆင်သင့်စားသုံးနိုင်ကြောင်း အာမခံ ကဗျာ။ နားလည်ခြင်း မလည်ခြင်း ပြဿနာခပ်ပါးပါး တစ်ဆယ်သား။ ဒုက္ခဖြင့် လှလှ ပပ ထုပ်ပိုးထားသော တာရှည်ခံသစ်သီးများ။ ဒဏ်ရာကင်းစင်နေသော ဘောလုံး သမားနဲ့ အောင်မြင်မှုများလိုသလောက်ရရှိနိုင်ကြောင်း ကြော်ငြာ။ လုံခြုံရေးအတွက် ၀င်ပေါက်မှာ စစ်ဆေးမှုခံယူပါ။ တတီတီမမြည်ရင် တဟီတီသွားလို့ရပြီပေါ့။ ဟုတ်ကဲ့ မင်္ဂလာပါ။ အခု အချိန်ကစပြီး လူကြီးမင်းတို့ အသက်ကို သက်တမ်းတိုးလို့ ရပါပြီ ခင်ဗျာ။ သင်ကြိုက်နှစ်သက်ရာ ရာသီဥတုပိုင်ဆိုင်လိုကြောင်းအမှာစာ။ တင်ပို့ပါ။
လျှောက်ထားပါ။ တန်းစီပါ။ အဆင်ပြေပြေ ဦးရာလူစနစ်။ လူလစ်ရင် လစ်သလို အပိုထပ်ဆောင်းထားချင်သူများ။ဒီမှာ နောက်ဆုံးလက်ကျန်ကာင်းကင်ဘုံသွားကြိုးတံတား။ ယခုအသစ်ထပ်မံထုတ်လုပ်လိုက်သော ငရဲပြည်သွား ဓါတ်လှေကား။ စီးရတာ သက်တောင့် သက်သာ။ အင်္ဂါဂြိုဟ်နဲ့ လကမ္ဘာပေါ်က ရေအရင်းအမြစ်နဲ့ နောက်ဆုံးမြေ
နေရာ။ ဘာစားစား အရသာကောင်းမွန်စေသော လျှာများ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ကင်းစင်သော စကားလုံး များ။ ရေနည်းရာ ရွာသောမိုးများ။ ဒီထက်ပိုလိုချင်သေးလား။ ကမ္ဘာဖျက်လက်နက်နဲ့ ဘုရားသခင် လက်မှတ်မိတ္တူ၊ ဟီရိုရှီးမား အနုမြူဗုံးနဲ့ ဟယ်ရီပေါ်တာတံမြက်စည်း။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ။ အမြဲတမ်းဆယ့်ရှစ်နှစ်နဲ့ အိုစမာဘင်လာဒင်လက်သစ်။ သူ့ခေတ်နဲ့ တို့ခေတ်စီးတီးအက်ဖ်အမ်။ ပရီးမီးယား လိဂ် ချန်ပီယံနဲ့ အင်္ဂလန်ဘောလုံးပွဲများ။ ဘာသာစကားနဲ့ ပြည်တွင်းဖြစ် အိတ်စပို့်စ်ကဗျာ။ မာသာထရီဇာနဲ့ ပေါ်လီယာနာ။ နယ်ဆင်မင်ဒဲလားနဲ့ ချေဂွေဗားရား။ တစ်ယောက် စကား တစ်ယောက် နားနဲ့ အတွေးမှားပြီး ဈေးမသွားနဲ့။ အမေတို့ ငယ်ငယ်တုန်းက သုံးတာ ဘာပဲဖြစ်ဖြစ်။ အားလုံးက သူ့ဈေးနဲ့သူ။ သူ့တန်ဖိုးနဲ့သူ။ လိုချင်တဲ့ ဈေး နဲ့
ရောင်းနိုင်မယ့်ဈေး။ တန်ရာတန်ကြေးနဲ့ မတန်တဆဈေး။ အသေအချာတွေး။ အသေအချာရွေး။ ဘယ်ဈေးဟာ သင့်အမေးလဲ။

မင်းနဒီခ

No comments:

Post a Comment