Thursday, April 11, 2013

ပိုးပိုး



ပိုးပိုး

ချစ်ခြင်းတရား အသွေးအသားနဲ့ ဆက်စပ်ဖွဲ့တည်ထားတဲ့သမီးလေး
ကမ္ဘာမြေအတွက် အသစ်ရေးစပ်လိုက်တဲ့ ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ဖြစ်သလို
မိသားစုကွက်လပ်ကို ကာရန်နဲ့ဖြည့်ဆည်းပေးလိုက်တဲ့ ကဗျာလေးတစ်ပုဒ်လည်းဖြစ်ရဲ့
သမီးလေးပိုးပိုးရေ
အဖေ့နဖူးက ကျလာမယ့် ချွေးတစ်စက်ဟာ
သမီးလေးရင်ကို အေးမြစေတဲ့ ကျောက်စက်ရေတစ်စက်ဖြစ်ပါစေ
အဖေ့ပခုံးပေါ်က ပွန်းပဲ့ ဒဏ်ရာတွေဟာ
သမီးလေးလျှောက်မယ့်လမ်းပေါ်က ပန်းပွင့်တစ်ရာဖြစ်ပါစေ
အဖေ့ရဲ့ ဖိစီးမွန်းကျပ် အိပ်ပျက်ညတွေဟာ
သမီးလေး အစားထိုးပြန်ရမယ့် အိပ်မက်လှလှနဲ့ ကြယ်စုံညများဖြစ်ပါစေ
သမီးလေးပိုင်ဆိုင်တဲ့ကမ္ဘာဟာ
သမီးလေးနမ်းလိုက်တိုင်းပွင့်လာမယ့် ပန်းတွေနဲ့
သမီးလေး ပြုံးလိုက်တိုင်း ကြည်လင်လာမယ့် ကောင်းကင်နဲ့
သမီးလေး လက်နဲ့ထိလိုက်တိုင်း ဖြစ်လာမယ့် ကြည်နူးမှုတွေနဲ့
ကမ္ဘာမှာ ကျရောက်မယ့် ဘေးအန္တာရယ်တွေဟာ
သမီးလေးရှေ့မှောက်မှာ လေပြေလေညှင်းကလေးတွေဖြစ်လို့
ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ နျူးကလိယားနဲ့ ဇီဝလက်နက်တွေဟာ
သမီးလေးဆော့ကစားတဲ့ အရုပ်လှလှကလေးတွေ ဖြစ်လို့
အရာရာဟာ သမီးလေးစိတ်ဆန္ဒရဲ့ အလိုတော်အတိုင်းပေါ့
သမီးလေးဟာ
မေတ္တာတရားနဲ့ အစာရေစာငတ်မွတ်ခေါင်းပါးနေသူတိုင်းအတွက်မာသာထရီဇာ
ကပ်ရောဂါအမျိုးမျိုးနဲ့ဒဏ်ရာအနာတရဖြစ်နေသူတိုင်းအတွက် ဖလောရင့်နိုက်တင်ဂေး
နိုင်ငံနဲ့လူမျိုးအတွက်အသက်ပေးဖို့အဆင်သင့်ဖြစ်နေတဲ့ ဘနာဇီယာဘူတို
သမီးလေးပိုးပိုးရေ
ဖေဖေမေမေတို့အတွက် ဘာတစ်ခုမှ ပြန်ပေးစရာမလိုပါဘူး
ငိုသံတွေ ဆိတ်သုဉ်း လက်နက်ကိုင်အနိုင်ကျင့်ဝါဒတွေ ကျဆုံးပြီး
စိမ်းလန်းတဲ့ သစ်ပင်တွေနဲ့ သန့်စင်တဲ့ လေထုတွေနဲ့
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ
သမီးလေး သက်တော်ရာကျော်ရှည်ပါစေသတည်း
သမီးလေး သက်တော်ရာကျော်ရှည်ပါစေသတည်း။ 

မင်းနဒီခ
ရုပ်ရှင်တေးကဗျာ ၊ ဇန်န၀ါရီ၊၂၀၁၂

No comments:

Post a Comment