Friday, April 19, 2013

ခင်ဗျားပြောပြောနေတဲ့ မိုးကီးလေကီး


ခင်ဗျားပြောပြောနေတဲ့ မိုးကီးလေကီး

တလိပ်လိပ်နဲ့ လှိမ့်လှိမ့် ပြီးတက်လာတယ်
ပင်လယ်တစ်ခုစာ ထမ်းပိုးသယ်ဆောင်လာတဲ့
ရေခိုးရေငွေ့များ တိမ်များ မိုးသားများ
စစ်သည်အလုံးအရင်းနဲ့  ခေါမတပ်ကြီးချီလာသလို
ဖမ်းဆုပ်ကိုင်တွယ်မရ ကိုယ်ထည်ဒြပ်မရှိ
အခြေအမြစ်မရှိတဲ့ ကောင်းကင်အနှံ့ မြင်ကွင်းတဆုံး
မှောင်မှောင်မည်းမည်းသိမ်းပိုက်လိုက်တယ်
ခင်ဗျားပြောပြောနေတဲ့ မိုးကီးလေကီးလာလေပြီပေါ့
တစ်ချို့ဆန္ဒတွေ အလိုကျ
အဲဒီလိုမဟုတ်ရင် တစ်ချို့ဆန္ဒတွေကို ဆန့်ကျင်ပြီး
ရာသီတစ်ခုကနေ နောက်ရာသီတစ်ခုနဲ့ ချိတ်ဆက်
ဒါမှမဟုတ် ရာသီတစ်ခုက နောက်ရာသီတစ်ခုထဲ အတင်းတိုးဝင်
တစ်ယောက်ရဲ့ စိတ်ထဲကို နောက်တစ်ယောက်က ၀င်ကူးသလိုမျိုး
နင့်နင့်နဲနဲ စွတ်စွတ်စိုစို
ခင်ဗျားပြောပြောနေတဲ့ မိုးကီးလေကီးလာလေပြီပေါ့
ခြောက်သွေ့အက်ကွဲနေတဲ့ မြေသား
အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ပြန့်ကျဲလေလွင့်စက္ကူများ
ငါးရံ့မင်းပရိတ်ရွတ်ပြီး လွန်ဆွဲနေတဲ့ တောင်သူဦးကြီးတစ်ယောက်ရဲ့အပြုံးများ
ဗွက်မခြောက်သေးတဲ့ မြို့သစ်ကလေးရဲ့မြေနီလမ်းများ
ကိုယ့်အကြောင်းနဲ့ ကိုယ် မိုးမျှော်နေတဲ့ အထပ်မြင့်မြင့် အဆောက်အဦများ
အဲဒါတွေအားလုံးကို ဂရုမစိုက်ဘဲ
ထမီတိုတိုဝတ်ပြီး လယ်ထဲပြေးဆင်းလာတဲ့ လယ်သူမလေးတစ်ယောက်လို
မိုးဟာ တဟုန်ထိုးရွာချပစ်လိုက်ခဲ့ပေါ့
ခင်ဗျားကတော့
အခုထိ မိုးကီးလေကီးလာလေပြီပြော ပြောလို့ကောင်းတုန်း။

မင်းနဒီခ
ရနံ့သစ်၊ ဇူလိုင်၊ ၂၀၁၀

No comments:

Post a Comment