Friday, April 19, 2013

ရောက်ရောက်လာတယ် ဒီနေ့


ရောက်ရောက်လာတယ် ဒီနေ့

ချိန်းဆိုမထားဘဲ ရောက်ရောက်လာတယ်
ဒီနေ့ဟာ အလျင်စလို
မနေ့ကထက် ဒီနေ့ဟာ အသက်ကို တစ်နှစ်ပိုကြီးသွားသလို
ကိတ်မုန့်လေးလှီး ဖယောင်းတိုင်လေးထွန်း
နေခဲ့ပြီးတဲ့ သက်တမ်းအတွင်းမှာ အရောင်တွေက ပိုပိုစွန်းလာသလို
ကဗျာတွေရေးရတာ ကဗျာတွေဖတ်ရတာပဲ ပျော်သလိုလို မပျော်တော့သလိုလို
ငလျင် ဆူနာမီ မုန်တိုင်းနဲ့ ၀င်ရိုးစွန်းရေခဲတောင်များအရည်ပျော်နှုန်းမြန်ဆန်လာခြင်း
သဘာဝပတ်ဝန်းကျင်ဆုံးရှုံးခြင်းနဲ့ နှုန်းတင်မြေနုကျွန်းများပျက်စီးမှုဖြစ်စဉ်
ရိုးတွင်းချင်ဆီအတွင်းကနေ လှိုက်တက်လာတဲ့ ချစ်ခြင်းမုန်းခြင်းများ
တရားတာလဲ မတရားတော့သလို မတရားတာလဲ တားမရတော့သလိုလို
အခုဒီမှာ ခေတ်စားနေတာက ဟေ့ရှူး တဲ့ တစ်သျှူးလို အလိပ်လိုက် အလိပ်လိုက်
ဖြည်ချလိုက်ရင် ပြေကျသွားတော့မလိုလို အဆုံးကိုပဲ ရောက်တော့မလိုလိုနဲ့ အစကပြန်စ
ငါ့အသက်ကလည်း သုံးဆယ်ပြည့်ပြီ ကမ္ဘာမှာ အိပ်အိုင်ဗွီပိုး စတွေ့တာလဲ သုံးဆယ်ပြည့်ပြီ
အိပ်အိုင်ဗွီအတွက်လည်းဆေးမတွေ့သေးသလို ငါ့အတွက်လည်း ဆေးမတွေ့သေး
ဟစ်တလာ ဘင်လာဒင် သေပြီ ကဒါဖီမသေသေး စစ်ပွဲတွေ မသေသေး
အကြမ်းဖက်မှုတွေမသေသေး မေးခွန်းတွေနဲ့ ကမ္ဘာ
ဘာလိုဖြစ်ဖြစ် ငါ့ကိုငါသနားတာထက် ဆရာသခင်ကိုယ်တော်မှိုင်းကို ပိုသနားတယ်
လူထုဒေါ်အမာကို ပိုသနားတယ် ဒေါက်တာသန်းထွန်းကိုပိုသနားတယ်
ဆရာ ဒဂုန်တာရာကို ပိုသနားတယ် ကိုးလအရွယ်ငါ့သမီးလေးကို သနားတယ်
ပျော်ရွှင်ခြင်းဟာ ထုထားတဲ့ ပန်းပုရုပ်တစ်ရုပ်ပဲ
ငြိမ်းချမ်းရေးဟာ မဆွဲရသေးတဲ့ ပန်းချီကားတစ်ချပ်ပဲ
ဒီလိုပဲ မဖွဲ့ရသေးတဲ့ ကဗျာ သံစဉ်စာသားမပါတဲ့သီချင်း
ဒီလိုပဲ တစ်နေ့ပြီး တစ်နေ့အလိုမတူဘဲ မိုးလင်းခဲ့တယ်

                                                                        မင်းနဒီခ

No comments:

Post a Comment