Friday, April 12, 2013

ကြောင်စုန်း



ကြောင်စုန်း

                                  အဖြစ်အပျက်က အရမ်းမြန်ဆန်လွန်းသည်။ ဖျတ်ကနဲ တွေ့လိုက်ရပြီး ဖျတ်ကနဲ ပျောက်သွား သည်။ သူ့မျက်လုံးတွေက ရဲရဲတောက်နီမြန်းလို့။ အကြည့်ကလည်း စူးရဲလွန်းသည်။ အကြည့်ချင်းဆုံလိုက်ရသည့် ခဏတာ အချိန်လေးအတွင်းမှာပင် ကြက်သီးများ တဖျန်းဖျန်းထသွားသလို ခံစားလိုက်ရသည်။ သေချာအောင် ထပ်မံ ကြည့်လိုက်တော့ ထိုသတ္တဝါ သည် မရှိတော့။ အနီးပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက ကြီးစိုးနေသည်။ အချိန်က  ညသန်းခေါင်၊ ကောင်းကင်မှာ အနက်ရောင်လတစ်စင်းက အမှောင်တွေသာ ထွန်းလင်းနေသည်။ အိပ်ရာဝင်ချိန်တိုင်း လွယ်လွယ်ကူကူ အိပ်မရတတ်သည့်အကျင့်ကြောင့် အိမ်တံခါးပေါက်မှာ ထိုင်နေရင်း လှုပ်ရှားမှုရေးရေး မြင်တွေ့မိလိုက် သဖြင့် လက်နှိပ်ဓါတ်မီးဖြင့်လှမ်းထိုးလိုက်မိသည်။ လက်နှိပ်ဓါတ်မီးရှေ့ ရောက်လာချိန်လေးမှာ တွေ့လိုက်ရသော်လည်း အိပ်ယာထဲပြန်ဝင်ချိန်အထိ ထိုသတ္တဝါက သူ့အတွေးကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ထိုသတ္တဝါသည် ကြောင်တစ်ကောင် ဖြစ်နိုင် သည်။ သို့သော် သာမန်အိမ်မွေး ကြောင်တစ်ကောင်တော့မဟုတ်။ ကျွန်တော် ကလေးဘ၀က အမေခြောက်လှန့်ခဲ့ သည့် ကြောင်စုန်းတစ်ကောင်လား၊ ဒါမှမဟုတ် ကျွန်တော့်သမီးကို ကျွန်တော် ခြောက်လှန့်ခဲ့ဖူးသည့် ကြောင်စုန်း တစ်ကောင်လား။ ဒါမှမဟုတ် သမီးက ကျွန်တော့်ကို သတိပေးသွားခဲ့တဲ့ ကြောင်စုန်းတစ်ကောင်များလား။ ဒါမှမဟုတ် အခြားအမျိုးအမည်မသိ သတ္တဝါ တစ်ကောင်လည်း ဖြစ်နိုင်သည်။ အတွေးများနှင့် ထိတ်လန့် ခြောက်ခြားစွာ မွန်းကျပ် လှိုက်မော ပြီးသည့်နောက် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။
                                    ထို့နောက် ကျွန်တော်အိပ်မက်တစ်ခုမက်သည်။ ဘာကြောင့်အိပ်မက်ဟု အတိအကျ ပြောနိုင် မှန်း ကျွန်တော်မသိသော်လည်း ထိုအဖြစ်အပျက်များသည် အိပ်မက်ဖြစ်သည်မှာ သေချာသည်။ အဖြူရောင် ဇာခြင်ထောင် လေး အတွင်းမှာ ဘာကိုအလိုမကျမှန်းမသိဘဲ စူးစူးဝါးဝါး အော်ဟစ်ငိုယိုနေသည့် တစ်နှစ်သားအရွယ် ကလေးလေး တစ်ယောက်ကို အမေက ချီပွေ့ ထားသည်။ ထိုကလေးလေးမှာလည်း ကျွန်တော်ဖြစ်သည်ဟု ခံစားသိဖြင့် သိလိုက်သည်။ နံဘေးတွင် အဖေရှိမရှိ စူးစမ်းကြည့်သည့်အခါ အမေနှင့် ထိုကလေးလေးမှလွဲ၍ မည်သူတစ်ဦး တစ်ယောက်မှ မတွေ့။ ဖြစ်နိုင်ချေရှိသည်မှာ အဖေ ခရီးဝေးတစ်ခုခုသွားနေစဉ် ဖြစ်နိုင်သည်။ ကျွန်တော်မွေးပြီး နောက်ပိုင်း အဖေခရီးတွေ မကြာခဏထွက်ရသည်ဟု အမေပြောသံ ကြားဖူးသည်။ မည်သို့ပင်ဖြစ်စေ အဖေက အမေနှင့် ကျွန်တော့်ကို အရမ်း ချစ်သည်ကိုတော့ အကြွင်းမဲ့ ယုံကြည်ပါသည်။ ကျွန်တော်အဖေ့အကြောင်း စဉ်းစားနေစဉ်မှာပင် ကလေးငိုသံတိတ် သွားသည်။ အမေက ကလေးလေးကို စကားတွေပြောနေသည်။ ဝိုးတိုးဝါးတား မပီမသ။ သေချာ စူးစိုက်နားထောင်ကြည့် လိုက်တော့ ကြောင်စုန်းကြီးလာနေပြီ ၊ကိုက်လိမ့်မယ်၊ ကြောင်စုန်းကြီးဟု ကြားလိုက်ရသည်။ သားကြောက်တယ် မေမေ၊ သားကြောက်တယ်၊ အဲဒီကြောင်စုန်းကြီးကိုသားကြောက်တယ်။ ကလေးငယ်က အမေ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ ကလေးငယ်၏ မျက်ဝန်းမှာတော့ မျက်ရည်တွေ ရွှဲလို့ နစ်လို့။
                                    အိပ်မက်နိုးတော့ ကျွန်တော့်တစ်ကိုယ်လုံးချွေးစေးများနှင့် ရွှဲနစ်လို့။ နာရီကြည့်လိုက်တော့ မနက်လင်းလုလု ငါးနာရီ။ အိပ်ချင်စိတ်မရှိတော့တာနဲ့ ဘုရားသောက်တော် ရေလဲ။ မေတ္တာပို့အမျှဝေ။ လမ်းထိပ် ဘုံဆွမ်း လောင်းအသင်းမှ မနက်တိုင်းဖွင့်တတ်သည့် တရားသံကြားရသည်။ ကျက်သရေရှိလိုက်တာ။ ကျန်းမာရေး အတွက် လမ်းမလျှောက်ဖြစ်တာ ကြာပြီဟု သတိရမိသည်။ လွန်ခဲ့သောနှစ်များ၊ လွန်ခဲ့သောနှစ်သုံးဆယ်နီးပါးက ဟု ပြောလျှင် ပိုမှန် ပါလိမ့်မည်၊ ထိုစဉ်က မနက်လေးနာရီအိပ်ယာထပြီး ကျုံးနံဘေးလမ်းလျှောက်၊ လေ့ကျင့်ခန်း နည်းနည်း လုပ်၊ လမ်းလျှောက်ရင်းဘုရားဂုဏ်တော်ပွားများ၊ လမ်းတစ်လျှောက်မေတ္တာပို့ စသည်ဖြင့် မနက်တိုင်းနီးပါး လုပ်ဖြစ်သည်။  ကိုယ်နှင့် သက်တူရွယ်တူ လူကြီးများ၊ တစ်ခါတလေ ကိုယ့်ထက် အသက်ကြီးသည့် အဘိုးကြီးများနှင့် စကားလက်စုံကျ တတ်သည့်နေ့များဆိုလျှင် နေအတော်မြင့်မှ အိမ်ပြန်ရောက်သည်။ ထိုစဉ်တုန်းကတော့ အိမ်မှာ မိန်းမနှင့် သမီးက မနက်စာ အဆင်သင့် လုပ်ထားပြီးပြီ။ မနက်စာ စားပြီးတာနဲ့ သမီးက လုပ်ငန်းခွင်သွား၊ အမေကြီးက နေ့လည်စာချက်၊ ကျွန်တော် ကတော့ ခြံထဲ တံမြက်စည်းလှည်း၊ သန့်ရှင်းရေးလုပ်၊ သရက်ပျိုးပင်လေးတွေ စိုက်၊ ရေချိုး ထမင်းစား၊ ညနေခင်း သစ်ပင်ရေလောင်း၊ ညနေစောင်းတော့ လုပ်ငန်းခွင်က ပြန်လာမယ့် သမီးကို ခြံတံခါးက စောင့်မျှော်၊ လုပ်ငန်းအပြန် အိမ်အတွက် စားစရာတစ်ခုမဟုတ် တစ်ခုဝယ်လာတတ်သည့် သမီးလေးနဲ့အတူ ညစာ အတူစား၊ ကော်ဖီအတူသောက်။ အမေကြီးနဲ့ သမီးလေးက တီဗွီကလာတဲ့ ဇာတ်လမ်းတွဲတွေ တစ်ခုပြီးတစ်ခု ကြည့်နေချိန် ကျွန်တော်က ဒရင်းဘက်ပေါ် စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့ အိပ်ပျော်၊ သမီးမခေါ်မချင်း မနိုးတတ်တဲ့ ကျွန်တော့်ကို မိန်းမက ဒီအဖေကြီးတော့လေ ဆိုပြီး ဟန်ဆောင်စိတ်ဆိုးပြ။ သမားရိုးကျမိသားစုဘဝလေးတစ်ခုပေမဲ့ ပျော်စရာကောင်းခဲ့သည့် အချိန်များ ဖြစ်သည်။ ဘယ်အချိန်ပြန်တွေးကြည့်ကြည့် ကြည်နူးမှုများ၊ ပီတိများဖြင့် ရုပ်ရှင် အနှေးပြကွက်တစ်ခုလို ပျော်ရွှင်စရာကောင်းလွန်း ခဲ့သည်။ သို့သော် ဝမ်းနည်းစရာကောင်းလွန်းခဲ့ သည့် နေ့လေးတစ်နေ့လည်း ရှိခဲ့ဖူးသည်။ သမီးလေးငါးနှစ်သမီး အရွယ်က ဖြစ်သည်။ ထိုနေ့က သမီးလေးမှာ ကိုယ်တွေအရမ်းပူပြီး ဖျားနေသည်။ သမီးက အမေဖြစ်သူထက် ကျွန်တော့်ကို ပိုပြီး တွယ်တာသည်။ သမီးလေးနေမကောင်းဖြစ်တိုင်း ကျွန်တော်ကပဲ ချီပိုးချော့မြူ ရသည်။ သူအိပ်ပျော် သွားလျှင်တောင်မှ သူ့လက်ကလေးနှင့် ကျွန်တော့်ပုခုံးက ထိထားပြီးမှ အိပ်တတ်သည်။ ထိုနေ့က သမီးကလည်း ဖျား၊ ကျွန်တော်ကလည်း အလုပ် ပင်ပန်းတာနဲ့ အိပ်ရေးပျက်ညတွေများတာနဲ့ စိတ်ပင်ပန်းနေချိန်။ သမီးလေးက အဖျားတက်ပြီး အာခေါင်ခြစ်ငိုသည်။ ဘယ်လိုမှ ချော့လို့မရ။ ဒါနှင့် ကျွန်တော်က သမီး တိတ်တော့နော် ၊ သမီးငိုနေရင် ကြောင်စုန်းကိုက်လိမ့်မယ်နော် လို့လဲ ပြောအပြီး တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့အိမ်ကမွေးထားတဲ့ ကြောင်အနက်ကြီး တစ်ကောင်က သမီးရှေ့ကို ခုန်ချလာခဲ့သည်။ သမီးလေးခမျာ အရမ်းကြောက်လန့်ပြီး သတိလစ် သွားသည်။ နောက်ပိုင်း သမီးသတိပြန်ရလာပြီး
နေကောင်းသွားတဲ့အထိ သမီးလေးက မငိုတော့။ ကြောင်စုန်း အကြောင်း လဲ မပြောတော့။ ကျွန်တော်တို့လည်း သမီးလေးရှေ့မှာ ကြောင်စုန်းအကြောင်းမပြောမိအောင် သတိထားခဲ့ကြသည်။
         ဒီလိုနဲ့သမီးလေး အရွယ်ရောက်လာသည်။ ပျိုဖော်ဝင်လာသည်။ အိမ်ထောင်ပြုရမည့် အချိန်ရောက်လာသည်။ သီးချိန် တန် သီး ပွင့်ချိန်တန် ပွင့်ရမည်ကို နားလည်သော်လည်း သမီးလေးနှင့် ခွဲရမှာတွေးပြီး မျက်ရည်တွေက အလိုလို ကျလာသည်။ အစာစားချင် စိတ်လည်းမရှိ ၊ ညဘက်လည်း အိပ်မပျော်၊ နှစ်ရက် သုံးရက်ကျော်လာတော့ အမေလုပ်သူက သမီးရေ ညည်းအဖေကြီးက အရမ်းစိတ်ထိခိုက်နေတာ။ သမီးနဲ့ ခွဲရမှာတွေးပြီး ညတိုင်းမျက်ရည်တွေ ကျလို့။ အဖေကြီး ကို ချော့လိုက်ပါဦးကွယ် ဟု  သူ့သမီးကိုပြောသည်။ သမီးက ကျွန်တော့်ဘေးနားမှာ လာထိုင်သည်။ ပြီးတော့ သူ့အမေ မကြားအောင် တိုးတိုးလေး ပြောသည်။ ဖေကြီး သမီးစိတ်မကောင်းဖြစ်ရအောင် မငိုပါနဲ့တော့နော်၊ ဖေကြီး ငိုရင် ဖေကြီးကို ကြောင်စုန်းကြီးကိုက်လိမ့်မယ် သိလားဟု ကျွန်တော့်ကို ကျီစယ်သည်။ ကျွန်တော် ဝမ်းနည်းနေရင်းမှပင် ရယ်ချင်စိတ် လေးဖြစ်သွားသည်။ သမီးစိတ်ထဲမှာ ကြောင်စုန်းကြီးဆိုတဲ့ အသိစိတ်လေးရှိနေပေမဲ့ ထိုကြောင်စုန်းကိစ္စမှာ ယခုအချိန် တွင် ကျီစယ်စရာတစ်ခုအဖြစ် သမီးနားလည်သွားတာကို စိတ်ကျေနပ်ရသည်။ ထိုသို့မဟုတ်ရင် သမီးလေးစိတ်ကို ဒဏ်ရာရအောင်လုပ်မိသလိုဖြစ်သွားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် နောင်တရလို့မဆုံးတော့။ ကျွန်တော် သမီးလေး စိတ်ကျေနပ်အောင်ပြန်ဖြေလိုက်ပါသည်။ အေးပါ သမီးရယ် ဖေကြီးမငိုတော့ ပါဘူး။ ဖေကြီးလည်း ကြောင်စုန်း ကြီးကို
ကြောက်တယ်လေ ။
            

 မင်းနဒီခ 
Fashion Time Magazine ဒီဇင်ဘာ ၂၀၁၂      

No comments:

Post a Comment