Thursday, April 11, 2013

ရေလိုက်ငါးလိုက်



ရေလိုက်ငါးလိုက်
ကသုတ်ကယက် လမ်းမပေါ်တက်ပြီး လက်ပြတားတယ်
ဘယ်လိုကားတစ်စီးမှ ငါ့ရှေ့ထိုးရပ်မလာခဲ့
ဂလိုဘယ် ကျည်ဆံရထားနဲ့ မြန်နှုန်းမြှင့်သွားနေတဲ့ ကမ္ဘာကြီး
ကိုယ့်မြင်းကိုယ်စိုင်း အထီးအမ သိစရာမလိုဘူး
ခရီးရောက်ဖို့ပဲ လိုတယ် အမြန်လိုက် အမြန်လိုက်
ခေတ်ပေါ်ကဗျာက ခေတ်ရှေ့မှာပြေးနေပြီ
ကဗျာဆရာက အခုမှ ခေတ်ကို စာလုံးပေါင်းဖို့ ကြိုးစားနေတုန်းလား
အမြန်လိုက် အမြန်လိုက်
အိပ်ထောင်ထဲက ပိုက်ဆံနဲ့ လိုချင်တဲ့ အိပ်မက်ကို ၀ယ်လို့ရနေပြီလား
နတ်ပြည်ခြောက်ထပ်ထက် Hyper Market က ပိုမြင့်နေပြီလား
ဘယ်အခြေအနေမှာ ဘယ်လိုဖြစ်ဖြစ်အံ့သြစရာမရှိတော့ဘူးမဟုတ်လား
ငေးမောကြည့်နေတုန်းမှာပဲ  အဆင့်ဆင့်ပြောင်းလဲနေပြီ
ဥပမာ တိုယိုတာ မော်တော်ကားကြော်ငြာကိုပဲ ကြည့်
အခု အိန္ဒိယက လူတစ်ယောက် ဟန်းဖုန်းတစ်လုံးနဲ့ စတိုင်ကျလို့
တောင်အာဖရိကလူရိုင်းတွေက ကမ္ဘာဖလားဘောလုံးပွဲကို အိမ်ရှင်လုပ်ပြီး ကျင်းပလို့
ခေတ်က ခင်ဗျားကို သယ်ဆောင်သွားတာတောင်
ခင်ဗျားက ခေါင်းမူးပျောက်ဆေးတွေသောက်ပြီး
မှတ်တိုင်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ကျန်နေခဲ့ဦးမှာလား
ဘေးထိုင်ဘိုင်ကျပြီး ဘုတွေပဲ ဆက်တောနေမယ်ဆိုရင်တော့
ရွာပြန် ဂွေပဲလှိမ့်နေတော့
အချိန်နဲ့ ဒီရေက စောင့်ခိုင်းလို့ ရချင် ရမယ်
အတတ်ပညာက ခင်ဗျားကို မစောင့်ဘူး
အသိပညာက ခင်ဗျားကို မစောင့်ဘူး
ကုန်ကုန်ပြောမယ် အနုပညာကတောင် ခင်ဗျားကို မစောင့်ဘူး
ခင်ဗျား ဒီတစ်ခုကို နားလည်ဖို့ ကြိုးစားနေတုန်းမှာ
ခင်ဗျား နားမလည်နိုင်တဲ့ အခြားတစ်ခုက ခင်ဗျားရှေ့မှာ ရောက်နေပြီ
အမြန်လိုက် အမြန်လိုက်
ဂဏန်းတစ်ကောင်လို ဘေးတိုက်ကန့်လန့်ပြေးနေတဲ့ ခြေထောက်များ
ကြွက်တစ်ကောင်လို ကိုယ့်တွင်းကိုယ်အောင်းရင်း အစာနံ့ရမှ ထွက်လာချင်တဲ့ စိတ်များ
ဇီးကွက်တစ်ကောင်လို လင်းလင်းချင်းချင်းအိပ်ပျော်နေတဲ့ စိတ်ကူးများ
အမြန်လိုက် အမြန်လိုက် မယုံရင်
တောင်ပြေးကြည့်လိုက် မြောက်ပြေးကြည့်လိုက်
စက်ရုပ်တစ်ရုပ်က ခင်ဗျား အဇ္ဈတ္တကို ပုံတူ ဆွဲနေပြီ။   

မင်းနဒီခ                                                                       

No comments:

Post a Comment