ပျော်စရာ
ရွှင်စရာ ကမ္ဘာ
ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ
အရှေ့မှ အနောက် တောင်မှ မြောက်သို့
ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို
လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး
တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ
မေးခွန်းများအတွက် ငါတို့ဟာ ဘယ်တော့မှ
အဆင်သင့်ရှိမနေခဲ့ကြ
ဒါကြောင့်သာ
ကလေးတွေဆီကမေးခွန်းတွေထွက်လာတဲ့အခါ
ငါတို့တုန်လှုပ်ချောက်ချားကြရစမြဲ
တံခါးတွေ ဖွင့်ပါ နားတွေ စွင့်ပါ ညဟာ
အိပ်မက်ကိုသယ်ဆောင်လာတိုင်း
မနက်ဖန်ဟာ ကျွန်တော်နဲ့
တံတိုင်းအထပ်ထပ်ခြားနေဆဲ
မလွဲဘူး မမှားဘူး မှန်လည်းမမှန်ဘူး
အဆံမပါတဲ့အိပ်မက်ဟာ
ကမ္ဘာကိုသပ်လျှိုသွေးခွဲဖို့အချိန်တိုင်းကြံဆ
လူကလူကိုမွေးသလို ကမ္ဘာက
ကမ္ဘာကိုမွေးလို့မရဘူးဆိုတာ
ခဏဆင်းသွားမိတဲ့သရဖူအလံကြီးထဲ
အလင်းတွေကမဲမဲတစ္ဆေတစ်ကောင်သာသာ
တိမ်ညိုတစ်ချက်အလွင့်ပင့်ရှိုက်သံတစ်ချက်
သန်းခေါင်ဟာ ညထက်နက်နက်သွားတဲ့ အချိန်တိုင်း
ကမ္ဘာဟာ အရိုင်းအစိုင်းတို့ရဲ့ ဗုံသံမှာ
မြူးခုန်ကလို့။
မင်းနဒီခ၊
မောင်နိုင်လင်း၊ လွမ်းနောင်၊ အဂ္ဂလင်း၊ လူလန်း
၁၆၊၁၀၊
၂၀၁၂
No comments:
Post a Comment