ချုပ်ရိုးဖြေလိုက်တော့
ညဟာ အမှောင်မှ အမှောင်သက်သက်
ဒီလိုနေ့တိုင်း
ငါ့အကြောင်း ငါပြောရင်း တိတ်တိတ်ဆိတ်ဆိတ်
မနက်ဖြန်ကို
တရွတ်ဆွဲလို့ ညဟာ အိပ်ချင်စိတ်မရှိလည်း ရောက်ရောက်လာတယ်
အော်ခေါ်လည်း
ပြန်ထူးသံမကြားရတဲ့ ပျော်ရွှင်ခြင်းမှာ
လိုချင်တဲ့
အိပ်မက်ဟာ ကမ္ဘာ ကမ္ဘာခြားလေသလား
ငါဟာ
ဓူဝံကြယ်ဖြစ်တယ် ငါဟာ လမ်းပြဖြစ်တယ် ငါဟာ လမ်းဖြစ်တယ်
ငါဟာ
မိုးကောင်းကင်ဖြစ်တယ် ငါဟာ အမှောင်ဖြစ်တယ် ငါဟာအလင်းဖြစ်တယ်
ငါများစွာနဲ့
မနေ့က လင်းတဲ့ ကြယ်ဟာ အခုလည်း တလက်လက်နေတုန်း
မှေးမှိန်ဖျော့တော့
အနိုင်မရလည်း ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ စကား
တောက်ခေါက်သံတစ်ချက်ဟာ
ဖိနပ်နောက်မြီးပါးအောက်ကနေ ထွက်လာတယ်
တချက်ချက်
တချက်ချက် တချက်ချက် တချက်ချက်
ခက်ပြီ
မီးဟာ ကျောက်တစ်ချက်မခတ်ဘဲ တဖျစ်ဖျစ်ဆွဲလောင်လိုက်ပေါ့
နောက်ကြောင်းမရှင်းတဲ့
ရယ်သံတွေ ထစ်ထစ်အအ
ထိချက်ကျရင်
အသံမထွက်တဲ့ ဖားလည်း သေရတာပါပဲ
အဆုံးမှာ
ကြေကြေကွဲကွဲ ကြယ်တွေ ကြွေတာပဲ ငေးကြည့်နေတုန်း
ကြယ်တွေ
လင်းနေတာ မမြင်လိုက်တော့ဘူးမဟုတ်လား ညီမလေးရေ
မာယာတွေ
ရစ်သိုင်းထားတဲ့ ကျောက်ထွင်းပြက္ခဒိန်တစ်ချပ်မှာ
နှင်းတွေလည်း
ဝေနေဆဲ မိုးတွေလည်း ရွာနေဆဲ ကမ္ဘာမပျက်ခင် ကဗျာပျက်ခဲ့ပေါ့
ငါတွေးတယ်
ဒါကြောင့် ငါ အဝေးမှာ စိတ်ရဲ့ လက်ဖျစ်တတွက်မှာ ငါရဲ့ ရောက်ရှိမှု
သိမှုဆိုင်ရာဗေဒနဲ့
တုတ်ထိုးအိုးပေါက် ရွာရိုးကိုးပေါက် ဒါလည်းနောက်ကောက်ကျတာပါပဲ
မဆိုင်ဘူးလို့
ဘယ်လိုပြောပြော ပြောင်းနေတဲ့အကြောင်းတရားမှာ
သူ့အထွာဟာ
ကိုယ့်အထွာထက် အမြဲကြီးနေခဲ့တာပဲ မဟုတ်လား
နောက်ဆုတ်လိုက်တော့လည်း
ချောက်ကမ်းပါး ရှေ့တိုးတော့လည်း မဟားတရား
ဖျောက်ထားတဲ့
ဇာတ်လမ်းမှာ ညဟာ သူရဲကောင်းဆန်ဆန်ဗီလိန်ဇာတ်ရုပ်နဲ့
မဟုတ်တရုတ်
ကလေးကုလား ပထွေးနဲ့ ညားလည်း အဖေခေါ်ခဲ့ရတဲ့သားလို
ငါဟာ
ငါ့အကြောင်းငါတွေးရင်း တိတ်တိတ်ဆိတ်ဆိတ်
ည
ည ဒီနေ့ကို မပျော်လို့ အိပ်လိုက်တယ်။
မင်းနဒီခ
၃.၁၂.၁၂
No comments:
Post a Comment