Thursday, April 11, 2013

အချစ်တေးကို နားစွင့်ခြင်း



အချစ်တေးကို နားစွင့်ခြင်း

လာ အချစ် ကိုယ့်လက်ကို ရဲရဲတွဲ
မင်နီတွေ ကျဲပက်ထားတဲ့ စာမျက်နှာ အလွတ်တစ်ရွက်ထဲ
ခေါင်းဝင်တိုးလိုက် လက်ဝင်လျိုလိုက် အဲဒီလို
လူ့အလို နတ်အလို ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ရှိတယ်ဆိုလား
အရေးကြီးတာက မှတ်ပုံတင် လိုင်စင် ဘဏ်ချက်လက်မှတ်နဲ့ အခြား
ပြီးရင် အိမ်ထောင်စုဇယားမှာ ကိုယ့်နာမည်ကို ထပ်ဖြည့်လိုက်
ရှေ့သွားနောက်လိုက်ဟာ ရွှေသွားနောက်ကိုပဲ လိုက်နေတယ်ပြော ပြော
မောရင် ရပ်သွားလိမ့်မယ် ဟေ့ ကားဆရာ ရှေ့မှတ်တိုင်ပါတယ်
ဘတ်စ်ကားကျပ်ကျပ် ထမင်းနှစ်နပ်စာ လူ့အဖြစ်ရဲ့ သာယာမှုဟာ
ကဗျာထဲမှာတောင် ရှာမတွေ့နိုင်တဲ့ အရာ
ခေတ်က မင်္ဂလာဆောင်နဲ့ ဗလာမပါကံစမ်းမဲ
ဟုတ်ပ ဒုက္ခကို လှလှပပ ထုပ်ပိုးပြီး လက်ဖွဲ့ ပို့ပေးလိုက်ပါမယ်
သုံးစွဲရ အဆင်ပြေကြောင်း အထောက်အထားအာမခံ
ရရန်ရှိနဲ့ ပေးရန်ရှိ မနက်ဖြန်အတွက် ခွင့်တစ်ရက် နောက် ရက်ဆက်
ကျွန်တော် ကျွန်မတို့မှ မပျက်မကွက်တက်ရောက်ကြပါရန်
ရက်စက်စွာ ဖိတ်ကြားလိုက်ပါတယ်ဆိုတဲ့ သတင်း
အတင်းအဖျင်းတွေ အတင်းအဖျင်းတွေ
မနာလိုကြားစကား အိုကေ နားထား
စည်းတစ်ဖက်မခြားခင်
လာ အချစ် ကိုယ့်လက်ကို ရဲရဲတွဲ
သီတင်းကျွတ်ပွဲလေး စလိုက်ရအောင်။

မင်းနဒီခ

No comments:

Post a Comment