Thursday, April 11, 2013

ဘယ်လိုဖြည့်ဖြည့် မပြည့်ဘူးလား ကိုပြည့်


ဘယ်လိုဖြည့်ဖြည့် မပြည့်ဘူးလား ကိုပြည့်

တစ်နေ့ပြီး တစ်နေ၀င်တစ်နေထွက်နဲ့ ကမ္ဘာမပျက်ခင် ကဗျာပျက်ပြီဆိုလား ကဗျာပြားပြီဆိုလားနဲ့ ကောလဟာလနဲ့ ငါ့မှာ ဒေါသပါရ မောဟပါရနဲ့ ဟေ့သာလှ ဗျာ့ဗျာဗျနဲ့ အလှူထမင်း အလှူဟင်းနဲ့ ကဗျာဆရာအချင်းချင်းတွေ့တာနဲ့ ကဗျာ မျက်နှာလုပ်ရတာနဲ့ ကဗျာသတင်းကဗျာအတင်းနဲ့ကမ္ဘာ့ကဗျာနေ့အခင်းအကျင်းမှာ ကဗျာတစ်ပုဒ်လောက် အွန်လိုင်းတင်ချင်မိတာနဲ့ ကိုယ်ရေးတဲ့ ကဗျာကိုယ် အလွတ် မရွတ် နိုင်တာနဲ့ ကဗျာဆရာမပီသဘူးဆိုတာနဲ့ ဒီနေ့ခေတ် အပြောင်းအလဲနဲ့ ကိုယ်ကဗျာကိုယ် တာဝန်ယူကြောင်း နဲ့ ကြွက်မြင်မှ လက်ခမောင်းထခတ်တတ် တဲ့ ခြင်ထောင်ထဲက ကြောင်တစ်ကောင်နဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့ ကြွက် တစ်ကောင်အကြောင်းနဲ့ မနေ့က တိရိစ္ဆာန်ဥယျာဉ်မှာကျားလေးနှစ်ကောင်ပေါက်တဲ့ အကြောင်းနဲ့ ကျားပေါက်ရဲ့ ကြောင်တက်နင်းသွားတဲ့ စန္ဒယားခလုတ်များစာအုပ် အမှာစာ နဲ့ ခင်အောင် အေးရဲ့ ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှုစာကြောင်းရေ ငါးဆယ့်လေးနဲ့ ကိုယ်ရေးချင်တဲ့ကဗျာမှာ ကိုယ်ပါချင်တဲ့စကားလုံးကရေးလို့မရဘူး
ဖြစ်နေတာနဲ့ ကဗျာဆိုတာပြုလုပ်ခြင်းနဲ့ စိတ်လိုလက်ရ အိပ်ပစ် လိုက်မိတာနဲ့ မနက်ကိုးနာရီ ရုံးတက်ချိန်မမှီတာနဲ့ ယူနီစန်ကဖေးရဲ့ အထက်စားပွဲ အောက်စားပွဲ
ပေါင်းစည်း ရေးနဲ့ ဆိုးတခါကောင်းတလှည့်နဲ့တစ်နှစ်အတွင်း တစ်လအတွင်းရေးဖြစ် ရမယ့် ကဗျာအပုဒ်ရေ ဘယ်လောက် နဲ့ ကဗျာအရေးအခင်းက ကမ္ဘာ့အရေးအခင်း ထက်ပိုအရေးကြီးကြောင်းနဲ့ သဘာဝ ပတ်ဝန်း ကျင်စိမ်းလန်း စိုပြေရေးနဲ့ စိမ်းစိမ်း ကားကားစိုက်ကြည့်တတ်တဲ့ မမစိမ်းနဲ့ မရောက်ဖြစ်သေးတဲ့ သစ်ပင် စိုက် ပျိုးရေး လှုပ်ရှားမှုနဲ့ မရေးဖြစ်သေးတဲ့အစိမ်းရောင်ကဗျာတစ်ပုဒ် အကြောင်း နဲ့ ငွေစက္ကူ အစိမ်းဈေးကျတာနဲ့ အိုစမာ ဘင်လာဒင်သေပြီဆိုတာနဲ့ အကြမ်းဖက်ခေါင်းဆောင် အသစ် ဘယ်သူဖြစ်မလဲနဲ့ ဒီတစ်ခါလာမယ့်ငလျင်နဲ့ မုန်တိုင်းကနာမည်အသစ်နဲ့ ငါ့နာမည်မဖြစ်ပြီးတာပဲနဲ့ ရှေ့ဆက်ခေတ်ပေါ် ခေတ်ပြိုင်ကဗျာကွဲပြားရေးနဲ့ အရွယ် မရောက်ခင်ပြောရေးဆိုခွင့်နဲ့ အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူများ ကိုသာ
ရောင်းချခွင့်နဲ့ ကျန်ရှိ တဲ့ အရာအားလုံး ဒီကဗျာထဲမှာပဲ ထပ်ဖြည့်လိုက်တယ်။

မင်းနဒီခ

No comments:

Post a Comment