Thursday, April 11, 2013

ခေါင်းစဉ်ကို ခေါင်းထဲမှာပဲ ထည့်ထားလိုက် ကဗျာအကြောင်းဆက်ရအောင် ( ကဗျာစာအုပ်ခံစားမှု)



ခေါင်းစဉ်ကို ခေါင်းထဲမှာပဲ ထည့်ထားလိုက် ကဗျာအကြောင်းဆက်ရအောင်

စာအုပ်အမည်                 ခေါင်းစဉ်ကို ခေါင်းထဲမှာပဲ ထည့်ထားလိုက်
ရေးသူ                         သော်ဇင်အုန်း
ထုတ်ဝေသည့် ကာလ        ၂၀၁၂ ၊ ဒီဇင်ဘာ
ထုတ်ဝေသည့် တိုက်         ရေကြည်ရေစီးစာပေ

        ` ကျွန်တော်တို့ဆီမှာ ပန်းချီပြပွဲတွေ ကြည့်ကြ၊ ကဗျာတွေ ဖတ်ကြနဲ့ ယဉ်ကျေးမှုအဆင့်မြင့်ကြသူတွေ များပါတယ်။ ပန်းချီပြပွဲတွေမှာကျတော့ အရုပ်မပါ ဒြပ်မပါတဲ့ Abstract ကားတွေကို စိမ်ပြေနပြေကြည့်ပြီး ခံစားကြသူတွေ ခံတွင်းတွေ့ကြသူတွေ များစွာ အဲ သူတို့တွေ ကဗျာဖတ်ကြတော့ စကားလုံးအသစ် အဖြတ်အတောက်ပုံသဏ္ဍာန်အသစ် အယူအဆအသစ်တွေနဲ့ ကဗျာတွေ ဆိုရင် အို ဘာတွေလဲ ဟာ၊ နားကို မလည်နိုင်ဘူး လို့ မျက်မှောင်ကြုတ်တတ်ကြပါရဲ့´ လို့ ဆရာမောင်ပြည့်မင်းအမှာ ဖြစ်တဲ့ ပြောချင်တာတစ်ချို့ကို ဖတ်လိုက်ရင်ပဲ ဒီကဗျာစာအုပ်လေးထဲက ကဗျာတွေဟာ ကျွန်တော်တို့ကို ခေါင်းစားတော့မယ်ဆိုတာ ကြိုတွေးမိပါရဲ့။
ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့ရတဲ့ စာပေရေစီးကြောင်းမှာ ကဗျာဟာ ပြောင်းလဲမှုအမြန်ဆုံး အဝေဖန်ခံရဆုံး အနုပညာပစ္စည်းထဲက တစ်ခုအပါအ၀င်ပါပဲ။  အဲဒီလိုမျိုး အတိုက်အခိုက်တွေ၊ ကဲ့ရဲ့ရှုံ့ချမှုတွေ။ နားလည်ခြင်းမလည်ခြင်း ပြဿနာတွေ၊ ခေတ်စနစ်ရဲ့ပိတ်ပင်တားဆီးမှုတွေ၊ ခေတ်ပေါ်ခေတ်ပြိုင်နဲ့ဆင့်ကဲပြောင်းလဲမှုပုံသဏ္ဍာန်အယူအဆတွေ ကြားကနေ ခေတ်ပြိုင်ကဗျာခေတ်လို့ ကျွန်တော်တို့အကြမ်းဖျင်းသတ်မှတ်လို့ရနိုင်တဲ့ ဒီနေ့ကဗျာဟာလည်းေ၀၀ါးရှုပ်ထွေး မှုတွေ၊ သိမှုဆိုင်ရာခက်ခဲမှုတွေ၊ ပုံသဏ္ဍာန်ဝါဒတည်ဆောက်မှုတွေနဲ့အတူ ခက်ခက်ခဲခဲထိုးဖောက်နေရာယူဖို့ ကြိုးစား နေကြတုန်းပါပဲ။ အခု အဲဒီလို အနေအထားမှာ ကဗျာဆရာ သော်ဇင်အုန်းက ခေါင်းစဉ်ကို ခေါင်းထဲမှာပဲ ထည့်ထားလိုက် ဆိုတဲ့ ကဗျာစာအုပ်လေး ကို ကဗျာဖတ်သူဆီ ပို့ပေးလိုက် ပါတယ်။
          ဆရာမောင်ပြည့်မင်းရဲ့ ပြောချင်တာတစ်ချို့အမှာ၊ ကဗျာဆရာ သော်ဇင်အုန်းရဲ့ ကိုယ်တိုင်ရေးအမှာစာနဲ့အတူ ကဗျာ( ၄၈) ပုဒ်ပါဝင်ပါတယ်။ ပုံနှိပ်မှတ်တမ်းအရ ကဗျာအများစုဟာ ၂၀၁၀ နဲ့ ၂၀၁၁ အတွင်းရေးဖွဲ့ခဲ့တဲ့ ကဗျာတွေဖြစ်ပြီး ကဗျာဆရာရဲ့ သီးသန့်ရွေးချယ်မှု စိတ်ကူးဖြစ်ပုံရပါတယ်။ ၂၀၁၀ ရှေ့ပိုင်းက မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြထားတဲ့ ကဗျာတစ်ချို့ပါမလာတာကတော့ စိတ်မကောင်းစွာပဲ နှမြောမိပါတယ်။ ခေါင်းစဉ်ကို ခေါင်းထဲမှာပဲ ထည့်ထား လိုက်ဖို့ အတွက် ကျွန်တော် ခေါင်းစဉ်တွေပဲ အရင်ဖတ်မိတဲ့အခါ တစ်ချို့ခေါင်းစဉ်တွေကတော့ သာမန်ပေးရိုး ပေးစဉ် ပေးလိုက်ပုံ ရပြီး တစ်ချို့ကဗျာတွေကတော့ ခေါင်းစဉ်ကိုယ်တိုင်ကပါ ကဗျာရဲ့ စာကြောင်းတစ်ကြောင်းအဖြစ် ပါဝင် ပတ်သက်နေကို တွေ့ရပါတယ်။ အခုနောက်ပိုင်း LP နွယ်ရေးဟန်တစ်ချို့မှာ တစ်ချို့ကဗျာဆရာများအားထုတ်တင်ပြ ခေါင်းစဉ်တပ်လေ့ ရှိတာကိုလည်း သတိထားမိပါတယ်။ 
ခေါင်းစဉ်ကို ခေါင်းထဲမှာ ထည့်ထားလိုက်ပြီးတဲ့နောက် ကျွန်တော်ခေါင်းထဲကို ထပ်ရောက်လာတဲ့ ကဗျာက ကစားစရာ ကစားပါ နဲ့ ငွေကြေးလဂ်(လ) မရှိသော ကဗျာဆရာအတွက် တစ်သက်တာ ကဗျာနှစ်ပုဒ်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီကဗျာနှစ်ပုဒ်မှာ စကားလုံးသာမကဘဲ ပုံတွေ စက်ဝိုင်းတွေ မျဉ်းကြောင်းတွေနဲ့ပါ ဖော်ပြထားတာကို တွေ့လိုက်ရလို့ပါပဲ။ ကဗျာဆရာတစ်ယောက်မှာ အခြားအနုပညာပစ္စည်းတွေလို ပေါင်းစပ်တင်ပြစရာ အဖြည့်ခံပစ္စည်းဆိုလို့ စကားလုံးတွေပဲ ရှိတာပါ။ အခု ဆရာသော်ဇင်အုန်းက ကဗျာကို ဖော်ပြဖို့ စကားလုံးတွေနဲ့ မလုံလောက်တဲ့အခါ ပုံတွေ စက်ဝိုင်းတွေ မျဉ်းကြောင်းတွေကို သုံးစွဲလိုက်တဲ့ သဘောပါပဲ။ ဒါပေမဲ့ မော်ဒန် ကဗျာ ခေတ်ဦးကာလတုန်းက သစ်ပင်ပုံ ၊ ဆနွင်းမကင်းပုံ၊ ကြေးစည်ပုံ၊ နာရီချိန်သီးပုံ စသဖြင့် ပုံသဏ္ဍာန်အသားပေးကဗျာတွေ ဖော်ပြခဲ့သလိုမျိုးမဟုတ်ဘဲ ကဗျာကို သီးခြားထောက်ပံ့အားဖြည့်ပေးဖို့ ထည့်ဆွဲထားတဲ့ ပုံတွေ ဖြစ်တာပါပဲ။  ကျွန်တော့်အထင်ပြောရရင် အဲလိုမျိုး ကဗျာအရေး အသားမျိုးတွေကိုတော့ ကွန်ဆက်ချူရယ်ကဗျာသဘောတရားတွေမှာ ပိုမိုတွေ့ရှိရလေ့ရှိပြီး အယ်လ်ပီနဲ့ နီယိုမှာ မတွေ့ရသလောက်ပါပဲ။ ခေတ်ပြိုင်လောကထဲက ကဗျာဆရာတစ်ယောက်အနေနဲ့ ခေတ်ပြိုင်ကဗျာကို ကြိုးစားအားထုတ် စမ်းသပ်ထားတဲ့ ကဗျာနှစ်ပုဒ်အဖြစ် အသိအမှတ်ပြုရမှာပါ။
နောက်တစ်ခုကတော့ ကိုသော်ဇင်အုန်းကို ဒီဘက်နှစ်တွေမှာ အွန်လိုင်းပေါ်မှာ အများဆုံးရှိနေတဲ့ ကဗျာဆရာ တစ်ယောက်အဖြစ်တွေ့ရပေမယ့် ကဗျာအရေးအသားပိုင်းမှာတော့ လက်ရှိအားကောင်းမောင်းသန်ရေးနေကြတဲ့ အွန်လိုင်း ကဗျာဆရာတစ်ချို့ရဲ့ ကဗျာတွေနဲ့ မတူတာကို တွေ့ရပြီး အစဉ်အလာခေတ်ပေါ်ကဗျာကနေ တဆင့် ပြောင်းလဲစမ်းသပ် ထားတဲ့ ကဗျာတွေ အဖြစ်ပဲတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစဉ်အလာခေတ်ပေါ်ဟန်ကနေ ပုံသဏ္ဍာန်အရ  တင်ပြပုံအရ အဖွဲ့အနွဲ့အရ သိသိသာသာခွဲထွက်လာတာဖြစ်ပေမယ့် ဖတ်သူကို တိုက်ရိုက်နားလည်ခံစားမှုပေးစွမ်းနိုင်ပြီး ကဗျာအများစုရဲ့ အသက်ဟာ နောက်ဆုံးတစ်ကြောင်းအဖြစ် ရေးဖွဲ့ထားတာ တွေ့ရှိရလို့ပါပဲ။ ဒါပေမဲ့ အဲဒီအကြောင်းအရာ တွေကပဲ ကဗျာဖတ်သူကို ဆွဲခေါ်လှိုက်မောစေပြီး ကဗျာပြီးမှ တသသပြန်တွေးရတဲ့ ကဗျာတွေ ဖြစ်နေတာကိုက ကိုသော်ဇင်အုန်း ကို ကျေးဇူးတင်မိပါတယ်။

ယာဉ်မောင်းရဲ့ လီဗာအောက်မှာ ပြေးနေတဲ့ကား
ခရီးသွားတွေအဖို့မှာတော့
လေတိုက်နေတာကိုပဲ ကျေနပ်နေရတာ
( ခရီးသွားတွေနဲ့ ခရီးသွားနေတဲ့ ခရီးသည်ကား ကဗျာမှ)

ရယ်မိတယ်
ပျော်လို့ရယ်တာ မဟုတ်ပါဘူး
ရယ်လို့လည်း ပျော်မှာမဟုတ်ပါဘူး
ရယ်မိတယ်
( တစ်နေ့တစ်ခါ ရယ်ပါ ကဗျာမှ)

ဥပေဒေကို လေးစားကိုးကွယ်သော တရားသူကြီးမင်း ခင်ဗျား
ရိုသေလေးစားစွာ ဦးညွတ်တောင်းပန်ပါတယ်
ကျွန်တော်တို့ လောကထဲကို လာခဲ့ပါ
(နှလုံးလှ လုမိုက်ရဲ့ အစ်ကို တရားသူကြီးကို ကျွန်တော်တို့ လိုအပ်တယ် ကဗျာမှ)

          ဒီနေ့ ခေတ်ပြိုင်ကဗျာရဲ့ လက်ရှိအနေအထားမှာ မဂ္ဂဇင်းစာမျက်နှာများပေါ်က ပရင့်ကဗျာတွေထက်စာရင် အွန်လိုင်းပေါ်က ကဗျာတွေက ပိုမိုအားကောင်းမြိုင်ဆိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါဟာလည်း အွန်လိုင်းကဗျာ အနေ အထားရဲ့ ပွင့်လင်းမြင်သာမှု၊ ပုဂ္ဂလအတ္တကင်းရှင်းမှုနဲ့ လွတ်လပ်စွာ တင်ပြနိုင်မှု စတဲ့ အားသာချက်တွေကြောင့်ပဲ ဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ ကဗျာတစ်ပုဒ်ကို ဖတ်ခွင့်ရဖို့ Time and Space ကျဉ်းမြောင်းမှုပဲ ဖြစ်ပါတယ်။ အခုလည်း ဆရာသော်ဇင်အုန်းရဲ့ ကဗျာအများစုဟာ ပုံနှိပ်ဖော်ပြခံကဗျာတွေထက် ပုံနှိပ်ဖော်ပြခြင်းမရသေးဘဲ အွန်လိုင်းပေါ် ချပြဖူး ခဲ့တဲ့ ကဗျာအချို့က ပိုမိုအားကောင်းနေတာကို တွေ့ရပါတယ်။  အားထားစရာ သားသားလာ၊ စကားလုံးများကို စာသားအဖြစ် ပြောင်းလဲခြင်း၊ မည်သည့်အရပ်သို့ ပို့ဆောင်သင့်ပါသလဲ၊ ရာသီစာ၊ အချစ်မှာ ချစ်ရာတွေ အထပ်ထပ်နဲ့ ရပ်မနေတဲ့ ဘ၀မှာ ချစ်တယ်ဆိုတာ ကြီးကိုလေ စတဲ့ ကဗျာတွေကတော့ လက်ရှိအနေအထားကို ခေတ်ပြိုင် အရေး အသားနဲ့ တင်ပြထားတဲ့ ကဗျာတွေအဖြစ် ခေတ်ပြိုင်ကဗျာမျှော်လင့်သူတွေကို ကျေနပ်စေပါလိမ့်မယ်။
          နောက်ထပ် နှစ်သက်မိတဲ့ကဗျာတွေကတော့ ကဗျာဆရာတစ်ယောက်ရဲ့ ကိုယ်တွေ့ မိသားစုဘ၀ထဲက ကဗျာ တွေ ဖြစ်တဲ့ ကျွန်တော့်အဖေရဲ့အကြောင်း၊ အမေနဲ့ စကားပြောခဲ့တဲ့ နေ့က၊ အဖေ့မျက်နှာပြင်ပေါ်က ချိုင့်ခွက်များ ၊ တနင်္ဂနွေကျောင်း၊ အသက် ၄၀ မှာ ကဗျာရေး၂၅ တစ်ခုခုတော့ ချန်ထားခဲ့ချင်တယ် စတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ဖတ်နေရင်းနဲ့ အကြည်ဓါတ်တစ်ခုက ကူးစက်လာသလို ကဗျာဖတ်သူကို တစ်စုံတရာသော ခံစားမှုအခိုက်ဓါတ်ကို ပေးစွမ်း နိုင်တယ်လို့လဲ ထင်မိပါတယ်။
ဆပ်ပြာတုံး ပရုပ်လုံးလို ဘ၀က ပါးပါးသွား
အစိမ်းရောင်မပီတော့တဲ့ ကျောင်းစိမ်းလုံချည်မှာ
မြေဖြူတွေ ပေနေတာကို
ရယ်ရယ်မောမောပျော်ရွှင်ကျေနပ်လို့
( ကျွန်တော့် အဖေအကြောင်း ကဗျာမှ)

စစ်ဆိုတာ မကောင်းပါဘူးကွာ သားလေးရာ
စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်များစွာထဲက သေးသေးမွှားမွှားလေး
ပကတိရှိပြီးသား မျက်နှာကို စစ်အချိုင့်အခွက်တွေနဲ့
အလှဆင်ပေးခဲ့တာ
( အဖေ့မျက်နှာပြင်ပေါ်က ချိုင့်ခွက်များ ကဗျာမှ)

ကဗျာလေး ဖတ်ဖို့တောင်မှ မိန်းမကို မနည်းစည်းရုံးရ
သားငယ်လေးကို ချော့ပြီး ရွတ်ပြရ
အနားမှာ ခေတ်ကြီးကလည်း ရှိနေ ၊ ခေတ်ကြီးထဲမှာနေ
ခေတ်ကြီးနဲ့အတူ အသက်ရှင်နေ
( အသက် ၄၀ မှာ ကဗျာရေး ၂၅ တစ်ခုခုတော့ ချန်ထားခဲ့ချင်တယ် မှ)

          ကဗျာဆရာကတော့ သူ့ရဲ့ လက်ရှိဖြတ်သန်းနေရတဲ့ ကာလကြီးအပေါ်ကို သူ့အမြင် သူ့အနုပညာနဲ့ စကားလုံး အားကို အသုံးပြုပြီး ကဗျာအဖြစ် တင်ဆက်လိုက်တာပါပဲ။ အင်္ဂလိပ်ကဗျာဆရာအကျော်အမော် ရှယ်လီပြောသလို `ကဗျာဆရာဆိုတာ အသိအမှတ်ပြုခြင်းမခံရတဲ့ ဥပဒေပြဌာန်းသူတွေ ´ အဖြစ် တခါတလေတိုက်ဆိုင်လို့ သတိရမိရင်ပဲ ကျွန်တော်တို့ ကျေနပ်ရမှာပါ။ ဆရာ သော်ဇင်အုန်းကလည်း သူ့ကဗျာစာအုပ်ထဲက သူဖြတ်သန်းနေတဲ့ ခေတ်ကာလရဲ့ အဆိုးအကောင်းအကျိုးအကြောင်း၊ သူ့ရဲ့ နာကျင်မှု၊ သူ့ရဲ့လှောင်ရယ်မှု၊  သူအားမတန်လို့ အလျော့ပေးလိုက်ရတဲ့ ခေတ်ကြီးရဲ့ နှိပ်စက်အနိုင်ကျင့်ခံရမှုတွေကို စကားလုံးတွေနဲ့ ကဗျာအဖြစ် လှလှပပခင်းကျင်း ပြဌာန်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ။ ခေါင်းစဉ်ကို ခေါင်းထဲမှာပဲ ထည့်ထားလိုက်ပါ။ ကျွန်တော်တို့ ကဗျာအကြောင်းဆက်ရအောင်။

မင်းနဒီခ



No comments:

Post a Comment