Thursday, April 11, 2013

ရောက်တတ်ရာရာ ဘာလဲ တစ်ခုခု


ရောက်တတ်ရာရာ ဘာလဲ တစ်ခုခု

စိတ်တိုင်းမကျတဲ့ နေ့များဆို
ဖြတ်တိုက်လာတဲ့ လေတောင် မလတ်ဆတ်ဘူး
ဒီအတိုင်း ဒီစိတ်ထဲကူးနေတဲ့ ဒီလက်ပစ်တွေ
ဒီပင်လယ်ထဲ မူးနေတဲ့ ဒီလှိုင်းလုံးတွေ
တ၀ုန်းဝုန်းနဲ့ ရုန်းရင်းဆန်ခတ်
မေးဖျားတွေ တဖျတ်ဖျတ်နဲ့ နေလို့မကောင်း ထိုင်လို့မကောင်း
လမ်းထလျှောက်တော့ ခြေထောက်ညောင်းတယ်
ထိုင်နေတော့ ခါးညောင်းတယ်
စာအုပ်အဟောင်းတွေ ပြန်ဖတ်တော့ ခဏခဏနောက်ကျောတက်
အင်တာနက်ဝင်ချက်တော့ ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာချည်း
ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပူနွေးလာလို့ ညကြီးမင်းကြီး ရေထချိုး
ဆောင်းရာသီနဲ့မှ တည့်တည့်တိုးတယ် ဘယ်လိုလုပ်မလဲ
အဲဒီလိုနဲ့ ပန်းချီပြပွဲလည်း မသွားဖြစ် မော်ဒယ်ရှိုးလည်း မသွားဖြစ်
အဲဒီလိုနဲ့ နာရေးလည်း မမေးဖြစ် အလှူ့အိမ်လည်း မတက်ဖြစ်
ထိုင်နေကျ လက်ဖက်ရည်ဆိုင်တောင် မရောက်တာကြာလို့ မမှတ်မိတော့တဲ့အဖြစ်
စိတ်ညစ်တယ် လိပ်ဖြစ်တာအခွံထူလို့ ဆိုပြီး ငိုပြရင် ကဗျာဖြစ်မလား
ပလက်ဖောင်းပေါ်ထိုင်ပြီးငုတ်တုတ်မေ့ပြရင်
ဒက်ရွှန့်ရဲ့ အိမ်သာခွက်ကြီးလို ပါဖော့မန့်ဖြစ်မလား
နေ့နေ့ညည ပြောပြီးသားစကားတွေပဲ ပြန်ပြန်ပြောခဲ့ရ ရယ်ပြီးသား ပြက်လုံးတွေပဲ ပြန်ပြန်ပြက်ခဲ့ရ
ဒေါင်းယောင်ဆောင်လည်းကျီး ကျီးယောင်ဆောင်လည်း ကျီး
အခုစီးတဲ့ မြင်း ဘယ်ဟာ အထီးလည်း အမ။

မင်းနဒီခ

No comments:

Post a Comment