Thursday, April 11, 2013
ဟယ်လို အသံကြားလား ကျွန်တော် အေဒီ ၄၅၄၅ ကနေဖုန်းခေါ်နေပါတယ်( ကဗျာစာအုပ်ခံစားမှု)
ဟယ်လို အသံကြားလား ကျွန်တော် အေဒီ ၄၅၄၅ ကနေဖုန်းခေါ်နေပါတယ်
စာအုပ်အမည်                 အေဒီ ၄၅၄၅ ( ခေတ်ပေါ်ကဗျာစုစည်းမှု)               
ရေးသူ                         မောင်စိုးသစ်( မန္တလေး)
ထုတ်ဝေသည့် ကာလ        ၂၀၁၂ ၊ အောက်တိုဘာ
ထုတ်ဝေသည့် တိုက်         ဆောင်းစုရတီ
        ၂၀၁၂ သည် ကဗျာစာအုပ်များနှစ်လို့ ပြောရလောက်အောင်ကို ကဗျာစာအုပ်တွေ အပြိုင်း အရိုင်းဖူးပွင့်လာသည်။ သို့သော် ကဗျာစာအုပ်ဈေးကွက်အနေဖြင့် မက်လောက်စရာမရှိ။ သို့ပေမဲ့ ကဗျာဆရာတွေက သတ္တိရှိသည်။ ကိုယ်တိုင်ထုတ် ကိုယ်တိုင်ဝေ ထုတ်ဝေသူအဖြစ် ရဲရင့်စွာ ကဗျာ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်သည်။ ကဗျာစာအုပ်တစ်အုပ်သည် ရေးသူကဗျာဆရာ၏ သမိုင်း ဖြစ်သလို မြန်မာကဗျာလောက၏ သမိုင်းတစ်စိတ်တစ်ပိုင်းဖြစ်သည်။ တော်လှန်ကဗျာ သည် သမိုင်းဖြစ်သည်။ သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတသည် သမိုင်းဖြစ်သည်။ ဂန္တ၀င်မမ သည် သမိုင်းဖြစ်သည်။ ထင်းရှုးပင်ရိပ်သည် သမိုင်းဖြစ်သည်။ ယခု ဆရာ မောင်စိုးသစ် ( မန္တလေး)သည် သမိုင်းတစ်ခုကို ထုဆစ်လိုက်သည်။ အေဒီ ၄၅၄၅
          အေဒီ ၄၅၄၅ သည် မောင်စိုးသစ်( မန္တလေး) ၏ ပထမဆုံးကဗျာလုံးချင်းဖြစ်သည်။ ၁၉၉၉ ခုနှစ် ဇူလိုင်တွင် သာဇော်၊ မင်းညိမ်းသော်၊ သင်းသက်ခိုင်တို့နှင့် သိင်္ဂါရကောင်းကင် အချစ်ကဗျာ စာအုပ်၊ ၂၀၀၃ ခုနှစ် ဒီဇင်ဘာတွင် အမေကဗျာနှင့် စကားပြေများ စုစည်း၍ အမေ့မေတ္တာ စာအုပ် နှစ်အုပ်ထွက်ခဲ့သော်လည်း ခေတ်ပေါ်ကဗျာစုစည်းမှုအနေဖြင့် အေဒီ ၄၅၄၅ သည် ပထမဆုံး စာအုပ် ဖြစ်သည်။ ဆရာ မောင်စိုးသစ်သည် အနေအေးသည်။ အပြောအဆို ရိုးသားသည်။ ပင်ကိုယ်စကား နည်းသည်။ အားနာတတ်လွန်းသည်။ အမေ့ကို အရမ်းချစ်သော သားတစ်ယောက်ဖြစ်ပြီး ကဗျာအပေါ် တွင် အနွံအတာခံနိုင်သော ကဗျာဆရာ တစ်ယောက်ဖြစ်သည်။ ကဗျာသည် သူနှင့် ဝေးလိုက် နီးလိုက် ၊ ကဗျာနှင့် သူ့အကြားတွင် ဘောလုံးဆောင်းပါးများ၊ လုပ်ငန်းကိစ္စများ၊ ကျန်းမာရေး စသည်  စသည် ဖြင့် အနှောက်အယှက်ခံနေရသော်လည်း နောက်ဆုံးကဗျာနှင့် သူ့ကြား ဆက်ဆံရေးကတော့ ပျက်စီး မသွား။ ယခု အေဒီ ၄၅၄၅ တွင် ကဗျာ (၈၂) ပုဒ်၊ ဆုရ အမေကဗျာရှည် (၁) ပုဒ် ပါဝင်သည်။ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့် ဆရာမောင်ကြည်သာ(တောင်တွင်း)တို့မှ မုဒိတာအမှာ ရေးဖွဲ့ ပေးထား သည်။ စုစုပေါင်းကဗျာ (၈၃) ပုဒ်တွင် အမေကဗျာ၊ မိသားစုကဗျာ၊ အချစ်ကဗျာ၊ ခေတ်ပေါ် ကဗျာနှင့် ခေတ်ပေါ်ဟန် စကားပြေကဗျာများ စသည်ဖြင့် မဂ္ဂဇင်းပုံနှိပ်ကဗျာလက်ရာများကို စုံလင်စွာ တွေ့ရ သည်။ ထို့ပြင် ၁၉၉၉ ခုနှစ်ဝန်းကျင်က Eagle စာပေ၀ိုင်း၊ ၂၀၀၆ ကနေ ယနေ့လက်ရှိ အချိန်ထိ ဖြတ်သန်းနေသော နန်းရှေ့ Anyway၊ မိသားစုကဖေး၊ ရွှေစွန်မင်းကဖေး စသော စာပေ၀ိုင်းများမှ ခေါင်းစဉ်ပေးရေးလေ့ရှိသည့် ကဗျာအများစုကိုလည်း အေဒီ ၄၅၄၅ တွင် အများဆုံးပါဝင်သည် ကိုလည်းတွေ့ရသည်။
ဆရာမောင်စိုးသစ်( မန္တလေး) ၏ ကဗျာများသည် ရိုးရှင်းသည်။ ဖတ်ရလွယ်ကူသည်။ အနက် အဓိပ္ပာယ်သိုဝှက်မှုနည်းပါးသည်။ ကဗျာဖတ်သူနှင့်တတ်နိုင်သမျှနီးအောင် ကြိုးစားအားထုတ် ရေးလေ့ ရှိသည်။ သို့သော် ဆရာ့ကဗျာတွေကို ဖတ်ရသည်မှာ ဖတ်ပြီးမှ အတွေးက ပြန်စသည်။ မိမိအဇ္ဈတ္တကို ရေးဖွဲ့နေရာမှ ပြင်ပ ဗဟိဒ္ဓကို လှမ်းချိတ်ဆက်သွားသည်။ ` သေချာတဲ့ မြားချက်များ´ တွင် ဇာတ်ပွဲ တစ်ပွဲကို ကြည့်နေရာမှ  လက်တွေ့အရှိတရား ဘ၀ကြီးထဲလိုက်ပါသွားသည့် လူတစ်ယောက်ကို တွေ့ရ သည်။
`မနေ့ညက ကျွန်တော် ဘယ်နေရာက သရုပ်ဆောင်ခဲ့သလဲ
 အဲဒါကျွန်တော်မသိဘူး
 ဇာတ်ကားကြီးပေါ်ကျွန်တော်ပြေးတက်လိုက်တယ်
 ဘယ်သွားကြမှာလဲ
 ပွဲကူးနီးသလား ဝေးသလား ဘယ်သူ့ကို မေးရမှာလဲ
 ........
သံသရာ ဇာတ်ခေါင်းမကွဲသရွေ့ ကျွန်တော် ဇာတ်ဆောင်တစ်ယောက်ဖြစ်နေဦးမှာ။´
( သေချာတဲ့ မြားချက်များ)
          ဆရာမောင်စိုးသစ်၏ စကားလုံးသုံးစွဲမှုကို ဂရုစိုက်သည်။ စကားလုံးတစ်လုံးချင်းစီ၏ အားကို အပြည့်အ၀အသုံးချသည်။ ခေတ်ပေါ်ကဗျာ၏ အလှဓါတ်ဖြစ်သည့် ပြေပြစ်စီးဆင်းမှုကို ကဗျာတိုင်းတွင် တွေ့ရသည်။
` ဥသြတံဆိပ်တွေမပါ
  ရွက်ဝါစွန်လွတ်ပွဲတွေလည်း မမြင်လိုက်ရဘဲ
  ပြက္ခဒိန်ထဲက လိပ်စာအတိုင်း
  နွေဦးက ခုနှစ်လွှာတိုက်ခန်းပေါ် ပြေးတက်လာခဲ့ ´ ( မြို့ကြီးသားနွေ)
` ရင်ခုန်နေကျ ရယ်သံလွင်လွင်လေးတွေ မိုးခေါင်နေတဲ့ ငါ့ဥတုမှာ
  နွေဦးကြိုးတန်းပေါ် ကဆုန်ပေါက် လမ်းလျှောက်နေတဲ့ သစ်ရွက်တွေလို
  ကြွေချင်ရက်လက်တို့
   ရင်တစ်ခင်းလုံး အလွမ်းနင့်အောင် ၀ါတယ်´ ( တိတ်တခိုး)
` အဖေ့လယ်ယာမြေမှာ အဖေစိုက်ပျိုးခဲ့တဲ့ ဂျုံခင်းလေးဟာ ကျွန်တော်ပါ
   အခုတော့ မြို့ပြမီးတောက်မီးလျှံထဲမှာ ကိတ်မုန့်တစ်လုံးဖြစ်လာလိမ့်နိုးနိုးနဲ့
   အဖေမဆိုဖြစ်ခဲ့တဲ့ သီချင်းတွေ လူဖြစ်အောင် ဆက်ဆိုနေခဲ့မိတယ်´ ( အဖေ)
` ပေါက်ကွဲတယ် ဆိုတာ ကွဲပေါက်သွားတဲ့ ဒဏ်ရာတစ်ခုလား
                    ဆရာမောင်စိုးသစ်သည်အပတ်စဉ်ထုတ် မန္တလေးဂျာနယ်တစ်စောင်တွင် အားကစား ဆောင်းပါးများ အပတ်စဉ်ရေးသားခဲ့သည်။ ဆရာ့ဆောင်းပါးများသည် ဘောလုံးကို အခြေခံရေးသား သော်လည်း ဆောင်းပါးအသိမ်းတိုင်းတွင် လူ့လောကသဘာဝနဲ့ လောကဓံကို နှိုင်းယှဉ်ချပြသွားသည်။ မင်နီအတားခံရသော ကဗျာခေတ်တွင် ဆရာသည် ဘောလုံးအားကစားနဲ့ လောကအမြင်၊ ရွေ့လျား နေသာ နိုင်ငံရေးအခြေအနေ၊ ခေတ်ရဲ့ရိုက်ခတ်မှု၊ လောကဓံများကို ယှဉ်တွဲချိတ်ဆက်ကာ ကဗျာများ ရေးသားခဲ့သည်။
`တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့တဲ့ဂန်းနားတွေလည်း  ဒီနှစ်တော့ရာသီလက်ကျန်တ၀က်လုံးဖိအားတွေအောက်နွံနစ်တော့မှာလား(မိသားစုဘောလုံးအသင်း)
` ခင်ဗျား နောက်ကျောက ချပ်ဝတ်တန်ဆာတွေ စုတ်ပြဲသွားတဲ့အခါ ခင်ဗျားနောက်ကျောက နံရံဟာ ဘယ်လို တံတိုင်းလဲ စဉ်းစား´ (ကျွန်တော်နဲ့ ခင်ဗျားရဲ့ ကလပ်မှာ)
          အေဒီ ၄၅၄၅ တွင် ဆရာမောင်စိုးသစ်သည် သူ၏ခေတ်ပြိုင်အာရုံခံစားမှုကို ခေတ်ပေါ်ဟန်ဖြင့် ရေးဖွဲ့ခဲ့သလို ခေတ်ပြိုင်ကဗျာဆရာတွေ အသုံးများသော ပုံစံတစ်ခုဖြစ်သည့် စကားပြေကဗျာ များဖြင့် လည်း ရေးသားဖွဲ့နွဲ့ခဲ့သည်။ `ဒီနေ့ခေါင်းစဉ်က ရုပ်ရှင်၊ သူပဲမေး သူပဲဖြေ ပြီးတော့၊ ဖြတ်သွားဖြတ်လာ၊ အမည်ပေးမထား၊ ကျွန်တော်နှင့် အခြားသောကလပ်များ၊ ဟိုလိုလိုဒီလိုလို သူလိုလိုကိုယ်လိုလို ပြီးတော့လည်း ခင်ဗျား၊ ကျွန်တော်နဲ့ ခင်ဗျားရဲ့ ကလပ်မှာ၊ ရောင်းရန်မဟုတ်ပါ´ စသည့်ကဗျာများသည် စကားပြေဟန်ဖြင့် ရေးသားထားသော ခေတ်ပေါ်ကဗျာများဖြစ်သည်။ ဒီနေရာမှာ ခေတ်ပေါ် စကားပြေ ကဗျာများလို့ ကျွန်တော်သုံးစွဲလိုက်ရတာကတော့ အစဉ်အလာ ပင်မကဗျာ ရေးဟန်ကနေ ပုံသဏ္ဍာန် အရသာ ခွဲထွက်လာခဲ့ပေမယ့် အနှစ်သာရနဲ့ စကားလုံးသုံးစွဲပုံနည်းနာတွေကတော့ ခေတ်ပြိုင် ကဗျာရဲ့ ရနံ့ဖြာမှုနည်းသေးသည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ခေတ်ပေါ်ဖြစ်စေ၊ ခေတ်ပြိုင်ဖြစ်စေ ကဗျာဆရာတစ်ယောက်အတွက် ကဗျာဆိုသည်မှာ စက်ရုံထုတ်ကုန်ပစ္စည်းမဟုတ်၊ ဘယ်ကဗျာ ဘယ် အမျိုးအစား၊ ဘယ်လိုတက္ကနစ်နည်းနာတွေပဲ တံဆိပ်ကပ်ကပ် ကဗျာတစ်ပုဒ်သည် ကဗျာဓါတ် ကြွယ်ဝခြင်းများစွာနှင့် ကဗျာမြောက်နေဖို့သည် အရေးအကြီးဆုံးသာဖြစ်သည်။ `ရုပ်တု၊ ငြိမ်းချမ်းရေး၊ မဆိုင်တဲ့ကဗျာ´ များအတွက် ဆရာ မောင်စိုးသစ် ( မန္တလေး)ကို ကျေးဇူးစကားဆိုရင်း ကျွန်တော် အေဒီ ၄၅၄၅ ကနေ ကမ္ဘာကြီးကို ဖုန်းလှမ်းဆက်လိုက်သည်။
ဟယ်လို ။အသံကြားလား။ ကျွန်တော် အေဒီ ၄၅၄၅ ကနေ ဖုန်းခေါ်နေပါတယ်။
မင်းနဒီခ
No comments:
Post a Comment