Thursday, April 11, 2013

စိမ်းဖန့်နေတဲ့ လင်းခါးရဲ့ ကျွန်တော်တို့အပေါ်စိမ်းကားရက်စက်မှု ( ကဗျာစာအုပ်ခံစားမှု)



စိမ်းဖန့်နေတဲ့ လင်းခါးရဲ့ ကျွန်တော်တို့အပေါ်စိမ်းကားရက်စက်မှု

စာအုပ်အမည်                 စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု
ရေးသူ                         လင်းခါး
ထုတ်ဝေသည့် ကာလ        ၂၀၁၂ ၊ ဇူလိုင်
ထုတ်ဝေသည့် တိုက်         AN စာပေ

၂၀၁၁ နှစ်လယ်လောက်က ဖြစ်မည်ထင်သည်။ ကဗျာဆရာများသမဂ္ဂဖွဲ့စည်းရေးအတွက် ဆရာ မောင်စိမ်းနီ၊ ခရမ်းပြာထက်လူ၊ မောင်ဖီလာတို့နှင့် မန္တလေးကဗျာဆရာများ တွေ့ဆုံဆွေးနွေးပွဲလေးတစ်ခု မင်းသီဟကိတ်အပေါ်ထပ်တွင် ပြုလုပ်ခဲ့ကြသည်။ ထိုပွဲလေးတွင် လင်းခါးနှင့် စတင်ဆုံဆည်းမိတ်ဖွဲ့ဖြစ်သည်။ ထိုအချိန်က သူ၏ ပထမဆုံး ကဗျာလုံးချင်း စာအုပ် ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ ထွက်ထားပြီးသည့်အချိန်ဖြစ်သည်။ အမှန်အတိုင်းဝန်ခံရလျှင် ထိုစာအုပ်ထွက်စတုန်းက မ၀ယ်ဖြစ်ခဲ့။ စရဏမဂ္ဂဇင်းတွင် ဆရာသစ္စာနီ၏ ထိုစာအုပ်အပေါ် ကဗျာဝေဖန်ရေးဆောင်းပါးပါလာမှ ပိုစိတ်ဝင်စားပြီး ၀ယ်ဖြစ်ခဲ့သည်။ ထို့နောက် ရန်ကုန် ယုဒဿန်ခန်းမတွင် ကဗျာဆရာများသမဂ္ဂမှ ပထမဆုံးအကြိမ်ကျင်းပသည့် ၂၀၁၂ ကမ္ဘာ့ကဗျာနေ့တွင် လင်းခါးနှင့် ထပ်မံဆုံဖြစ်သည်။ ရန်ကုန်တွင် ခဏနေဖြစ်ခဲ့သည့် သုံးရက်အတွင်း လင်းခါး၏ အတွင်းစိတ်ကို ပိုမိုရင်းနှီးခွင့်ရခဲ့သည်။ အသက်အရွယ်က ကျွန်တော့်ထက် ငယ်သေးပေမယ့် ကဗျာပုံနှိပ်မှတ်တမ်းအရ ကျွန်တော်ထက်ဝါရင့်နေသည့် လူငယ်စစ်စစ်ကဗျာဆရာတစ်ယောက်ဖြစ်သည်။ လူငယ်ဆိုတော့ စိတ်ဓာတ်တက်ကြွသည်။ ဆုံးဖြတ်ချက်မြန်သည်။ တရွတ်ထိုးဆန်သည်။ အမှန်တရားကို ဆုပ်ကိုင်ရင်း ကဗျာမာနကြီးသည်။ ကဗျာအကြောင်း ပြောသည့်အခါတိုင်း သူ့၏ စိတ်အားထက်သန်မှုနှင့် ကဗျာတွင် နစ်မြှုပ်ထားသည့် သူ့စိတ်ကို မြင်နိုင်သည်။ ၂၀၁၂ ဇွန်လတွင် ဆရာသစ္စာနီ ၏ ရေတံခွန်တစ်ခုရဲ့လမ်း ကဗျာဝေဖန်ရေးဆောင်းပါးပေါင်းချုပ်စာအုပ်ထွက်လာသည်။ ထိုစာအုပ် အမှာတွင် လင်းခါးအပေါ်  သူ့ရေရှည်ကောင်းကျိုးကို မျှော်တွေးက ဆန်ရင်းနာနာ ဖွတ်လိုက်သည်ဟု ဆိုထား ပါသည်။ ထိုဆောင်းပါးကို စဖတ်ကာစတွင် လင်းခါးအပေါ် ဆရာသစ္စာနီဝေဖန်တာ ကြမ်းလွန်းသည်ဟု ထင်မိသော်လည်း ယခု လင်းခါး၏ ဒုတိယမြောက် ကဗျာလုံးချင်းစာအုပ်လေးထွက်လာသောအခါ ဆရာသစ္စာနီ၏ ထိုဆောင်းပါးကို လင်းခါး အတွက် ကျေးဇူးတင်မိသည်။
          ၂၀၁၂ ဇူလိုင်တွင် လင်းခါး စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒုတိယမြောက်ကဗျာ လုံးချင်းစာအုပ်လေး ထွက်လာသည်။ ဆရာမောင်အောင်ပွင့်၏ အမှာစာနှင့်အတူ ကဗျာ (၅၁)ပုဒ်ပါဝင်ပြီး စာအုပ် နောက် ဆုံးတွင် ပထမစာအုပ်ဖြစ်သည့် ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီအတွက် ရေးသားထားသည့် ဆရာသားအေးည၏ ယှဉ်ရုန်းမယ့် လင်းခါး ကဗျာခံစားမှုဆောင်းပါးတစ်ပုဒ်ကိုပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ `ရေးဟန်ပုံသဏ္ဍာန်က ဘယ် တိုင်းပြည်က ယူယူရတယ်။ စိတ်ကူးစိတ်သန်းနဲ့ ကမ္ဘာပတ်လို့ရတယ်။ အကြောင်းခြင်းရာ စာအနှစ်သာရကတော့ ကိုယ့် တိုင်းပြည် ကိုယ့်ပြည်သူ ကိုယ့်ဝန်းကျင်ကပဲ ရတာများတယ်။ အခု အနီးကပ်ကာလ ကဗျာရေးဖွဲ့အားကောင်းတဲ့ လူငယ် ကဗျာဆရာတွေထဲမှာ လင်းခါးလည်းပါတယ်´ ` အတွေးသစ် ခံစားမှုအသစ်များနဲ့ ရေးဖွဲ့ထားတဲ့ သူကဗျာတွေကို ဖတ်ရှု ခံစားရတဲ့အခါ လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့ သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို မြင်ရတယ်´ လို့ ဆရာ မောင်အောင်ပွင့် အမှာ ကဗျာချစ်သူသို့ တစ်ခုတည်းနဲ့တင် ယခုဒီကဗျာစာအုပ်အပေါ်ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုဒီရေကို မြင့်တက်စေခဲ့သည်။ လင်းခါးသည် နှစ်တစ်နှစ်အတွင်း ဘာတွေ ပြောင်းလဲခဲ့ပါသလဲ။ သူ့အားနည်းချက်တွေကို သူပြန်မြင်ခဲ့သလား။ သူစိတ်ဆိုး နေတုန်းပဲလား။ ကဗျာတွေအပေါ် သူစိတ်မနာဘူးဆိုတာကတော့ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ဆက်တိုက်ဖော်ပြခံနေရသည့် သူ့ကဗျာတွေက သက်သေဖြစ်သည်။
          ကဗျာတွေ မဖတ်ခင် ပထမဆုံးသိသိသာပြောင်းလဲမှုက ကဗျာခေါင်းစဉ်များဖြစ်သည်။` အသေးအဖွဲအလုပ်ရဲ့ အကျိုးကို အကြောင်းနဲ့ ဆီလျော်အောင်၊ အပေါက်တစ်ပေါက်ဟာ နှုတ်ဆိတ်နေလည်း ဟောင်းလောင်းပဲ၊ ဦးနှောက် ကြီး ကြီးနဲ့ မိန်းမ၊ မူလအဓိပ္ပာယ်ဆီ ပြန်သွားဖို့ ခဲယဉ်းတဲ့ အကြောင်းအရာတွေ၊ အပျက်အပျက်နဲ့ မုတ်ဆိတ်ပျားဆွဲခြင်း စားရကံ ကြုံတော့ နှာခေါင်းသွေးထက်ခြင်း၊  အိုးထရက်ဖို့ဒ် ဆန်တီယာဂို ဘာနေဗျူး နူးကမ့် ပရင်စင်၊ နေရာလွတ်ဖြည့်ရန် နေရာ ပေးရန် စသည့်ဖြင့် ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်များကို ကြိုးစားအားထုတ်ထားသည်ကို မြင်လိုက်ရသည်။ လင်းခါး တစ်ယောက် ဆရာသစ္စာနီ၏ စေတနာကို မြင်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
`စီးပွား၊လူမှု၊မေတ္တာ၊ နိုင်ငံရေးကို ကိုယ်စားမပြု
ဘူး၊ တစ်ရာဖရုံဆင့်မနေချင်တော့သ
လို၊ အပ်တာက လက်ရှိ ရုပ်ကိစ္စနှစ်ရပ်မှာ
အရည်၊ အခဲ၊ အငွေ့ ၀င်မရှုပ်ဘူး
တိမ်ဟာ လင်းခါးအပေါ် တစိုက်မတ်
မတ်။ တပ်ရပ်နေတဲ့ လင်းခါးအပေါ် မှောင်အတိ
ကျရောက်နေတဲ့ အကြောင်းကို လင်းခါး ပြောတာပဲ´
( အသေးအဖွဲအလုပ်ရဲ့ အကျိုးကို အကြောင်းနဲ့ ဆီလျော်အောင် ကဗျာမှ)
          ပထမဆုံးအဖွင့်ကဗျာမှာတင်ပဲ လင်းခါးရဲ့ ပြောင်းလဲမှုကို ထပ်မံမြင်တွေ့လိုက်သည်။ စကားလုံးတွေ နေရာချ ထားမှု (သို့) နေရာအလိုက်စကားလုံးတန်ဖိုးများကို တပ်ဆင်ဆော့ကစားခြင်း(သို့)  သူဟာ ကဗျာတစ်ပုဒ်ကို မူလအဓိပ္ပာယ် မပျက် ပြုလုပ် ဖန်တီးလိုက်သည်။
`နှစ်ချောင်းငင်ဟာ ပင်စည်ကြီးလို
အပေါ်က အက္ခရာ နားခိုရာသစ်ပင်အုပ်အုပ်ကလေးမြင်ယောင်လာအောင်
ရေးဆွဲသလိုလို ရေးသား
ကကြီးငှက်ကလေးတွေ ဟိုဒီပျံသန်းစဉ်
ရေးဆွဲသလိုမျိုးရေးသားထားတဲ့
ထွက်ပေါက်မရှိသော ၀လုံးလို မြို့ပြကြီးကိုမေ့´
(ရေးဆွဲသလို ရေးသားကဗျာမှ)
          နှစ်ချောင်းငင်ပင်စည်၊ ကကြီးငှက်၊ ထွက်ပေါက်မရှိတဲ့ ၀လုံး၊ ပလက်လန်ပစောက်၊ ပြူတစ်ပြူတစ် စလုံး ၊ အက္ခရာ တွေဟာ အရုပ်သင်္ကေတသဘောတွေလို့ ဖွဲ့နွဲ့လိုက်တဲ့ ရေးဆွဲသလိုရေးသား ကဗျာဟာ ဖတ်သူကို ကဗျာရဲ့ အနက် အဓိပ္ပာယ်ဆီ သွားရာလမ်းကြောင်းကနေ ဆွဲထုတ်ပြီး စကားလုံးတွေရဲ့ ပင်ကိုယ်ပကတိ အရှိတရားဆီ ပြန်ပို့ပေးလိုက်တဲ့ ကဗျာဖြစ်သည်။ တနည်းပြောရရင် ကဗျာဟာ ဘာကို ညွှန်းဆိုတယ်။ ကဗျာရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတဲ့ သမား ရိုးကျ ကဗျာဖတ်သူတစ်ယောက်ရဲ့ အတွေးကို ဆန့်ကျင်ထားတာမျိုးလည်း ဖြစ်နိုင်သည်။
ဒီဘက်နှစ်များတွင် ကဗျာရေစီးကြောင်းအရွေ့မှာ မြန်ဆန်လွန်းသည်။ အားကောင်းမောင်းသန်စီးဆင်းခဲ့သော မိုးဝေကဗျာခေတ်လွန် ခေတ်ပေါ်ကဗျာရေစီးသည် ၂၀၀၀ နောက်ပိုင်းတွင် သိသိသာသာ ပြောင်းလဲဖြစ်ထွန်း အားကောင်း ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ဆရာ ဇေယျာလင်းရဲ့ အမေရိကန်မြစ်ဖျားခံ LANGUAGE POETRY နဲ့ ၂၀၀၇ မတ်လမှာ ဆရာ အောင်ရင်ငြိမ်း ဦးဆောင်တင်သွင်းလာတဲ့ Neo Modren Poetry ၊ ၂၀၁၀ ၀န်းကျင်မှာ Dagital၊ Flart စသည့် ကဗျာသဘောတရားများ၊ ကဗျာအမျိုးအစားများအပြင် အခြား ကဗျာအမျိုးအစားများလည်း အရှိန်အဟုန်နှင့် အားကောင်းလာခဲ့သည်။ သို့သော် မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်တော့ ပင်မရေစီးခေတ်ပေါ်ကဗျာလည်း အနည်ထိုင်မပျက် ရှိနေသည်ကို တွေ့ရသည်။ ခေတ်ပြိုင်ကဗျာများအနေဖြင့် နယ်မြေသစ်ချဲ့ထွင်ရေးသားတွင် ကြုံရတတ်သော ထုံးစံအတိုင်း အဓိကအခက်အခဲမှာ ကဗျာဖတ်သူပူးပေါင်းပါဝင်အားထုတ်ရသည့် ကဗျာများဖြစ်သည်နှင့်အညီ ကဗျာဖတ်သူ၏ ကဗျာ ဖတ်အားအဆင့်အတန်း၊ ကဗျာဆိုင်ရာသိမှုဗေဒ အားနည်းချက်၊ ကဗျာတစ်ပုဒ်အပေါ် အချိန်ပေးတည်ဆောက် အဓိပ္ပာယ် ရယူလိုမှု (သို့) ခံစားနိုင်မှု စသည်ဖြင့် ခေတ်ပြိုင်ကဗျာများအနေဖြင့် ကဗျာဖတ်သူနှင့် အတန်ငယ်ဝေးကွာနေသေးသည် ကိုတော့ တွေ့ရသည်။ ယခု လင်းခါး ကဗျာများအနေဖြင့် အထက်ပါ ခေတ်ပြိုင်ကဗျာများလောက် ကဗျာဖတ်သူကို စိတ်ဒုက္ခမရောက်စေဘဲ တိုက်ရိုက်အဓိပ္ပာယ်( သို့) ကဗျာဆရာ၏ ရောက်ရှိစေလိုမှုပန်းတိုင်ဝန်းကျင်အထိ ဆွဲခေါ်သိမ်း သွင်းနိုင်တာကိုလည်း တွေ့ရပါသည်။ တနည်းပြောရလျှင် ခေတ်ပေါ်ကဗျာနောက်ဆုံးမျိုးဆက်တစ်ယောက်အဖြစ် ခေတ်ပေါ်ဟန်အငွေ့အသက်များ၊ အားကောင်းသော စကားလုံးများဖြင့် လက်ရှိ ခေတ်ပြိုင်အနေအထားကို ပုံဖော်ချပြထား သော ကဗျာများပဲ ဖြစ်သည်။
`ငါတို့လည်း ကလေးတွေလိုပါပဲ
တခြားလည်း ရွေးစရာ မရှိတော့
သုညတွေကိုပဲ ကြိုးနဲ့သီသီပြီး စွဲစွဲလန်းလန်းဆင်မြန်းခဲ့ရ
ကလေးတွေလိုပဲ
ဖိနပ်သေးသေး အင်္ကျီသေးသေး စားစရာသေးသေးနဲ့
ကုတင်သေးသေးလေးပေါ်မှာပဲ စကြ၀ဠာအကြီးကြီးကို ငေးခဲ့ရတာ´
(ကလေးတွေ ကဗျာမှ)

`မပျော်နိုင်တာဟာ ဒေသတွင်းကိစ္စလား
သူများပေါင်မုန့်တွေကို တက်နင်းမိနေသလား
ကာလအပြောင်းအလဲလား
လုံခြုံရေးခြိမ်းခြောက်သလား
ဒါမှ မဟုတ် အပျော်သက်သက်ပဲလား။´
( မပျော်သူများကလပ် ကဗျာမှ)

`ငါတို့ဟာ မှောက်နေတဲ့ မှောက်ဖဲလေးတွေ
ဘာမဆိုဖြစ်ခွင့်ရှိတယ် ဆိုတာထက်
ဘာမှဖြစ်ခွင့်မရှိသေးတဲ့ မှောက်ဖဲလေးတွေပါ
ဘ၀က အကြမ်းဖက်သမားနဲ့ အိမ်နီးချင်းဖြစ်ရသလိုလို
ကြွက်ထောင်ချောက်ပေါ် အိမ်ဆောက်ရသလိုလို´
( အပျက်ပျက်နဲ့ မုတ်ဆိတ်ပျားဆွဲခြင်း၊ စားရကံကြုံတော့ နှာခေါင်းသွေးထွက်ခြင်း ကဗျာမှ)

        လင်းခါးဟာ လက်ရှိခေတ်စနစ်ကြီးထဲက လှုပ်ခါချခံနေတဲ့ လူငယ်တွေအားလုံးထဲက လူငယ်တစ်ယောက် ဖြစ် သည်။ ခေတ်ရဲ့ မှောင်မိုက်မှုအလင်းရောင်မှာ စမ်းတ၀ါးဝါးလမ်းပျောက်ခဲ့ရတဲ့ လူငယ်တွေ၊ ရေလိုက်လွဲ လမ်းမှားခဲ့ရတဲ့ လူငယ်တွေ ကြားထဲမှာမှ သူဟာ ကဗျာကို တွေ့ရှိခဲ့သည်။ နေ့တစ်နေ့ရဲ့ အသက်ရှင်ရပ်တည်မှုတွေ အဓိပ္ပာယ်ပြည့်ဝဖို့၊ ကဗျာနဲ့ တတ်နိုင်သမျှ ပခုံးထမ်းတင်နေတဲ့ ကဗျာဆရာတစ်ယောက် အဖြစ် ဘ၀ကို သူတွေ့ရှိခဲ့သည်။ သူ့နောက်ကျောက ဒဏ်ရာတွေဟာ သူ့အတွက် ကဗျာဖြစ်သည်။ သူမျက်စိရှေ့မှာ မြင်နေရတဲ့ ဒုက္ခတွေဟာ သူ့အတွက် ကဗျာဖြစ်သည်။ သူကြုံတွေ့ မြင်ကြားနေရတဲ့ ကမ္ဘာကြီးရဲ့ မရိုးသားမှုတွေ၊ အကျင့်ပျက်ချစားမှုတွေ၊ လက်နက်ကိုင်အနိုင်ကျင့်ဝါဒတွေကို ကဗျာဖြင့် ဖော်ထုတ်ချင်သည့် ဥပဒေပြုသူတစ်ယောက်ဖြစ်သည်။ ကဗျာဖြင့် တည်ဆောက်ခဲ့သော သူ့အနုပညာသည် မှောက်မိုက်သော ခေတ်စနစ်ကြီးအတွက် အလင်းရောင် မဖြစ်နိုင်တောင် ပိုးစုန်းကြူးလောက်ဖြစ်ဖြစ် သူလင်းခဲ့သည်။ လင်းနေဦးမည်သာ ဖြစ်သည်။ အလှည့်ကျဝေနေတဲ့ ဖဲချပ်တစ်ချပ်လို သူ့ကဗျာတွေကို စောင့်မျှော်ရင်း ကျွန်တော်တို့အပေါ် မစိမ်းကား မရက်စက်ဖို့တော့ လူချင်းတွေ့လျှင် ပြောရပါဦးမည်။

မင်းနဒီခ



No comments:

Post a Comment