Friday, April 19, 2013

ဒီအတိုင်း ခင်ဗျားလည်း အတူတူ


ဒီအတိုင်း ခင်ဗျားလည်း အတူတူ

လေထဲလွင့်လာတဲ့ အနမ်းဟာ နင့်ရဲ့ စိတ္တဇနာမ်လေးလား။ ချစ်ခြင်းတရားရဲ့ အခြားဖွင့်ဆိုချက် သွေးသားဆန္ဒဟာ အိပ်ယာခင်းလေးပေါ် တဆတ်ဆတ်ခုန်လို့။ တလှပ်လှပ်လှုပ်နေတယ်။ နွားသိုးဟာ သူ့ကြိုးသူ ကိုက်ဖြတ်လိုက်တဲ့ အခါ ဇောင်းထဲ ကျန်ခဲ့တဲ့ မြင်းရိုင်းဟာ တဆွေ့ဆွေ့ခုန်နေသလိုမျိုး။ နင်နဲ့ အဆင်မပြေတိုင်း ငါ ကိုယ်လွတ်ရုန်းရလောက်အောင် မရိုင်းခဲ့ပါဘူး ချောရယ်။ တခါတလေ ဒေါသဟာ ကြေမွသွားတဲ့ တစ်ရှုးဗူးလေး။ တခါတလေ ထွက်ပေါက်ဟာ အက်ကွဲသွားတဲ့ သုံးထပ်ပြားတစ်ချပ်။ ငါ မကောင်းလည်း အစဉ်အလာအရ ဇာတ်သိမ်းခန်းအထိ ပေါင်းရမှာပဲ ပြောပြော။ ငါ့သွေးနဲ့ ငါ့သား ငါဘယ်လိုမှ ထားမသွားဘူးပဲ ဆိုဆို။ တကယ်ဆို နင်နဲ့ ငါ့ကြား စိတ်ကောက်တာကိုက အချစ်။ ဝတ်လစ်စလစ်အနုပညာ။ ဒါ အချစ်ကဗျာလားမေးရင် ငါကတော့ ဟုတ်တယ်ပြောမှာပဲ။ ဘယ်လိုလဲ ချောရေ။ မင်းအဖြေမှာ ရှက်သွေးဖြာနေတဲ့ အပြုံးက ပန်းနုရောင်သမ်းလို့။ ငါတို့ ရန်ဖြစ်ကြ။ ငါတို့ ပြန်ချစ်ကြ။ ရမ္မက်မပါတဲ့ အိပ်မက်ကို သန်းခေါင်ထက်နက်အောင် ငါတို့ မက်လိုက်ကြ။ ညအမှောင် လရောင်အိပ်ချိန်မှ ငါတို့ တစ်ခါပြန်ထကြ။ စကားတွေ ပြောကြ။ ခြေကုန်လက်ပန်းကျတဲ့ အခါ ငါတို့ ရန်ဖြစ်ဖို့ သတိရမိတော့တာပဲ။ ဘယ်တော့မှ မရိုးသလို ဘယ်တော့မှလည်း မဆန်းတဲ့ ဇာတ်လမ်း။ မင်းမျက်စိကို မှိတ်လိုက်ပါ။ ငါ ဒီကဗျာကို ရေးမိတယ်။ ရန်ဖြစ်ပြီးရင် ပြန်ချစ်ကြစို့။

မင်းနဒီခ
၃၁.၁.၂၀၁၃

No comments:

Post a Comment