Thursday, April 11, 2013

ခေါင်းစဉ်ကို ခင်ဗျားပဲ တပ်လိုက်ပါ အာရကန်



ခေါင်းစဉ်ကို ခင်ဗျားပဲ တပ်လိုက်ပါ အာရကန်

ထရိုဂျန်မြင်းရုပ်ကြီးကို ထရွှိုင်မြို့ထဲ ဆွဲသွင်းလိုက်သလိုမျိုး
အမှန်လိုလို တရားလိုလို အမှန်ကိုခြစ်ချခံလိုက်ရပြီးနောက်
အခုအဲဒီအမှန်က တဂျစ်ဂျစ်နဲ့ မီးတဖျစ်ဖျစ်ထတောက်လို့
သက်ကယ်ကိုစွဲတယ် ခေါင်မိုးကို စွဲတယ် လူမျိုးကိုစွဲတယ်
အရိုးထဲစွဲနေတဲ့ အသားက လောက်လို ယင်တဟောင်းဟောင်းညှီတစို့စို့
ပျို့ ပျို့တက်လာတဲ့ စိတ္တဇက မုဒိန်းအကျင့်ခံလိုက်ရသလို လည်လှီးခံလိုက်ရသလို
ခြောက်ခြောက်ချားချား
နိရိုးဘုရင်လိုလည်း တယောလည်းမထိုးတတ် အလောင်းဘုရားလိုလည်းစစ်မတိုက်တတ်
တတ်သလိုမှတ်သလိုနဲ့ အသက်ကို ဖက်နဲ့ထုပ်ထားရင် ပြီးမလား
အွန်လိုင်းပေါ်ကွန်မန့်လေးရေး လိုက်ခ်ကလေးလုပ်
ကျွတ်တစုပ်စုပ်သပ်လိုက်ရင် ပြီးမလား
ကိုက်တဲ့ခွေးလည်းမရိုက်ရဲ ခွေးရှင်ကိုလည်း မမေးရဲ
ဝါးချွန်တစ်ချောင်းကိုင်ရင်း ကိုယ့်အိမ်ရှေ့ကိုယ်ငုတ်တုတ်ထိုင်
အဘိုးအိုတစ်ယောက်ရဲ့ငေးမှိုင်နေတဲ့ မျက်ဝန်းတွေက
တိုင်းပြည်ကို ကာကွယ်ရမှာလား မိသားစုကို ကာကွယ်ရမှာလား
အဖြစ်နဲ့ အပျက်မှာ လက်ခုပ်တီးသူက တီး မီးရှို့သူက ရှို့
ဘယ်သူက ဘယ်အခန်းဝင် ဘယ်သူက ဘယ်အခန်းထွက်
တစ်ခန်းရပ်လိုလို ပြဇာတ်လိုလို
ဇာတ်မတိုက်ဘဲ ဇာတ်တိုက်ဆိုသလိုဖြစ်နေတဲ့ ဇာတ်လမ်း
ဇာတ်သိမ်းခန်းမှာ မင်းသားထွက်မှာလား ဘီလူးထွက်မှာလားမေးခွန်းနဲ့
ပြာစတွေ တလူလူလွင့်နေတဲ့ ပြည်နယ်မှာ
တိမ်ကို မီးခိုးနဲ့ အလှဆင်နေတဲ့ မြို့
သူခိုးက လူပြန်ဟစ်ခံရတဲ့ ပတ်ဝန်းကျင်နဲ့
တစ်ကောင်စား သုံးကောင်ကျွေးလိုက်ရတဲ့ မြို့
အဲဒီလို တွေးရင် အဲဒီလိုရေးရင်း
စို့နင့်လာတဲ့ မျက်ရည်ဟာ ငါနှလုံးသားပေါ်တည့်တည့်စီးခဲ့တယ်။

မင်းနဒီခ
၁၆.၆.၂၀၁၂
ရတီမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၃

No comments:

Post a Comment