Friday, April 12, 2013

လေလိုလွင့်လှိုင်း



လေလိုလွင့်လှိုင်း

ညသည် အစွမ်းကုန်လှပနေသည်။ နက်ပြာရောင် အောက်ခံကင်းဗက်စ တစ် ခု ပေါ်တွင် အဖြူရောင်ဆေးစက်များ ကျဲပက်ထားသည့် ဒြပ်မဲ့ ပန်းချီကားတစ်ချပ် ဆန် ဆန်ညသည် အစွမ်းကုန်လှပနေသည်။ကောင်းကင်သည်ကြည်လင် လန်းဆန်းနေ သည်။ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သော သားဖွားခန်းအတွင်းမှ သားသည်အမေ တစ်ယောက်၏ မျက်နှာလို ကောင်းကင်သည် ကြည်လင် လန်းဆန်းနေသည်။ ပင်လယ်သည် ငြိမ်းချမ်းငြိမ်သက်နေသည်။ ကြီးမြတ်သော တရားထူးတစ်ခုကို အားထုတ်ကျင့်ကြံနေသော ရဟန်းတစ်ပါးကဲ့သို့ ပင်လယ်သည် ငြိမ်းချမ်းငြိမ်သက်နေသည်။ ကမ်းခြေသည် တိတ်ဆိတ်ဆွံ့အနေသည်။ သဘာဝ သမိုင်းပြတိုက်အတွင်းမှ ကမ္ဘာသတ္တ၀ါ တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု လို ကမ်းခြေသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ သဲသောင်ပြင်သည် အေးစက်ခြောက
သွေ့ နေသည်။ ချစ်သူ၏ ဂရုစိုက်ခြင်းကို ငတ်မွတ်နေသော မိန်းကလေး တစ်ယောက် ၏ မျက်ဝန်းအကြည့်များကဲ့သို့ သဲသောင်ပြင်သည် အေးစက်ခြောက်သွေ့ နေသည် ။ ခြေရာများ ကျဲပြန့်နေသည်။ အိမ်အပြန်လမ်းတစ်လျောက် ပို့စ်မော်ဒန်ကဗျာဆရာ တစ်ယောက်၏ လေးပင်နေသာ ပါးစပ်ဖျားမှ ထွက်ကျကျန်ခဲ့သည့် စကားလုံး များ လို ခြေရာများ ကျဲပြန့်နေသည်။ လူငယ်သည် ခြေစုံ ရပ်နေသည်။ အစွမ်းကုန် လှပနေသောည၊ ကြည်လင်လန်းဆန်းသော ကောင်းကင်အောက် ငြိမ်းချမ်းငြိမ် သက်သော ပင်လယ်၏ တိတ်ဆိတ်ဆွံ့အသော ကမ်းခြေ၊ အေးစက်ခြောက်သွေ့သော သဲသောင်ပြင်၌ လူငယ်တစ်ယောက် ကျောက်ရုပ်တစ်ရုပ်လို ခြေစုံရပ်နေပြီး ထို့သို့ မလှုပ်မယှက် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေသော လူငယ်မှာ ကျွန်တော်ဖြစ်သည်။

ဘယ်အချိန်ကတည်းက ဒါမှမဟုတ် ဘယ်အချိန်ကာလအထိ ရပ်နေမလဲဆိုတာ ကျွန်တော် မစဉ်းစားမိတော့ပါ။ ကျွန်တော်စဉ်းစားနေသည် မှာ ဂေဟစနစ်ပြောင်းလဲ မှုကြောင့် ပူနွေးလာသော ကမ္ဘာမြေကြီးအကြောင်း ဖြစ်ပါသည်။ ပူနွေးလာသော ကမ္ဘာမြေကြီးကြောင့် ၀င်ရိုးစွန်းဒေသရှိ ရေခဲတောင်များ အရည်ပျော်နေကြကြောင်း
နိုင်ငံတကာသတင်းများတွင် နားထောင်လိုက်ရသည်။ ထို့အတွက် မစိုးရိမ်ရပါ။ စိုးရိမ်ရသည်မှာ အရည်ပျော်ကျလာသော ရေခဲမြစ်များသည် ကမ္ဘာမြေကြီး ၏ သွေးကြောများအနှံ့ ဖြတ်သန်းစိမ့်ဝင်စီးဆင်းပြီး ကမ္ဘာမြေကြီး အေးစက်ခဲတောင့် မသွားစေရန် ဖြစ်ပါသည်။ သေခြင်းတရားကို ကျွန်တော်မကြောက်ပါ။ သေခြင်းတရား ဆိုသည်မှာ အသက်ရှင်ခြင်း၏ ကျောခြင်းကပ်စာမျက်နှာ တစ်ရွက်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ အမှန်တရား အပြည့် ငှဲ့ထားသော အဆိပ်တစ်ခွက်နှင့် မဟာအလက်ဇန္ဒားဘုရင် (ဘီစီ ၃၂၃) ၏ ချစ်သူ့အမုန်းကျိန်စာတွေ အပြည့်ငှဲ့ ထားသောအဆိပ်တစ်ခွက်အား ရောစပ်၍ သောက်ကြည့်ချင်ပါသည်။ နောင်လာနောက်သား များ ဖတ်ရှုနိုင်ရန် ကျွန်တော်၏ အုတ်ဂူကိုကဗျာစာရွက်များဖြင့် ဆောက်လုပ် ထားခဲ့မည်။
          မမြင်နိုင်သောအရပ်မှ ရယ်မောသံသဲ့သဲ့ကြားရသည်။ ရှေးဟောင်းပစ္စည်း တစ်ခုလို တယုသိမ်းဆည်းထားနိုင်မည့် ပြတိုက်တစ်ခုသို့ ထိုရယ်မောသံအား ကျွန်တော်ပို့ပေးချင်ပါသည်။ ရယ်သံပြတိုက် ရှိမရှိ ကျွန်တော်မသိပါ။ ကျွန်တော်သည် ဆရာနေမျိုး၏ ငိုသံပြတိုက်ကိုသာ မကြာခဏ သွားရောက်လေ့လာတတ်သူ တစ်ယောက်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်သောအခါ ပင်လယ်၏ မလှမ်းမကမ်းတွင် မီးပြတိုက်တစ်ခုကိုတွေ့ရသည်။ သို့သော်ယခုအခါ ကျွန်တော့် အတွက် တကယ်တမ်းလိုအပ်နေသည့်အရာမှာ မီးပြတိုက်တစ်ခု မဟုတ်ဘဲ မီးခြစ်တစ်လုံးသာဖြစ်ပါသည်။ မီးမညှိရသေးသော ဆေးလိပ်တစ်လိပ်သည် စိတ်ကူးစိတ်သန်းကောင်းများစွာကို မွေးထုတ်ပေးနိုင်ပြီး မီးညှိ ထားသော ဆေးလိပ် တစ်လိပ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါသည်။ အာဖရိက တိုက် တွင် ကျန်းမာရေးကို ကြိုတင်ကာကွယ်သောအားဖြင့် တတိယခြေအိတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဟု ဂျာနယ်တစ်စောင်တွင် ဖတ်ခဲ့ရဖူးသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိတွေ နေထိုင် နိုင်ခြင်းရှိမရှိ မသေချာသော်လည်း သောကြာ ဂြိုဟ်၌ ကဗျာဆရာများ ရှင်သန်ကြီးပြင်းနိုင်ကြကြောင်း ခိုင်မာသော သတင်းရပ်ကွက် မှ အီးလ်မေးဝင်လာခဲ့ဖူးသည်။ ကံကြမ္မာသည် လူတစ်ယောက်အတွက် လက်မှတ် တစ်စောင်စီ ဖြတ်ပေးပြီးသားဟု ကဗျာတစ်ပုဒ်ထဲတွင် ကျွန်တော်ရေးဖူးသည်။ ထိုလက်မှတ်ဖြင့် ပင်လယ်ကို ဖြတ်ကူး၍ ရမရ ကျွန်တော်မသိပါ။ ထို့ပြင် ထိုပင်လယ်ပြင်၌ ပင်လယ်ဓါးမြ ဘယ်လောက်များများ ရှိနေနိုင်မလဲ ကျွန်တော် မခန့်မှန်းတတ်ပါ။ သေချာသည်ကတော့ ပင်လယ်ဓါးမြ ဆိုသည်မှာ အမြဲ တမ်း မျက်စိတစ်ဖက်လပ်နေသော လူကြမ်းသရုပ်ဆောင်တစ်ယောက်သာ ဖြစ်သည်။ ကျွန်တော် ကျောင်းသားဘ၀က အတန်းဖော်ကောင်မလေးတစ်ယောက်အား ` ပင်လယ် ဓါးမြ´ ဟု ခပ်တိုးတိုးလေး ပြောဖူးသည်။ ထိုအခါ ကောင်မလေးက ` သွား လူဆိုး´ ဟုဆိုကာ သူစားထားသော နေကြာစေ့ခွံများဖြင့် ကျွန်တော့်အား ပစ်ပေါက်ပြီး ထွက်ပြေးသွားပါသည်။ ထို့ကြောင့် ပင်လယ်ဓါးမြ ဆိုသည်မှာ လူဆိုး တစ်ယောက်လည်း ဖြစ်ပါသည်။ မည်သည့်အရာမှ မထူးဆန်းတော့ပါ။ လောကဓံ ဆိုသည်မှာ မျက်လှည့်ဆရာ၏ သေတ္တာလေးအတွင်းမှ တစ်ခုပြီးတစ်ခုထုတ်ပြနေ
 သာ အရာဝတ္တမျှသာ ဖြစ်ပြီး တဖြည်းဖြည်းနှင့် ဝေး၍ ဝေး၍သွားသော အရာမှာ
မျှော်လင့်ချက်ဖြစ်သည်။ ညသည် တစ်စထက်တစ်စ လေးလံလာသော သူ၏ မျက်ခွံကို အားတင်းဆွဲဖွင့်နေချိန်တွင် မနက်ဖြန်သည် သူမ၏ ည၀တ်အင်္ကျီကို တစ်လွှာချင်း ချွတ်ချလိုက်သည်။
              လေပြည်သည် ညင်သာစွာ တိုက်ခတ်၍ လာလေပြီ။ လေပြည်၏ အသာအယာထိတွေ့ ဆော့ကစားမှုတွင် ပင်လယ်သည် သူမ၏ ကောက်လိပ် ထားသော ဆံနွယ်လှိုင်းများကို ယိမ်းခါပစ် လိုက်သည်။ ကူးစက်မြန်သော ဗိုင်းရပ်စ် ပိုးတစ်ကောင်၏ ကူးစက်မှုမျိုးနှင့် ရွေ့လျားနေသော စိတ်အလျင်သည် ယခုအခါ ငြိမ်သက်သွားခဲ့ပြီ။ တရိပ်ရိပ်တက်လာသော ဒီရေလှိုင်းကလေးများက သဲသောင်ပြင် ရှိ ပြန့်ကျဲနေသော ခြေရာများအား ရေတိုက်စားပစ်လိုက်ကြသည့်အခါ ကျွန်တော် သည် လာလမ်းအတိုင်း လှည့်ပြန်လာခဲ့သည်။
            ညသည် အစွမ်းကုန်လှပလျှက်။ ကောင်းကင်သည် ကြည်လင်လန်းဆန်း လျှက်။ ပင်လယ်သည် ငြိမ်းချမ်းငြိမ်သက်လျှက်။ ကမ်းခြေသည် တိတ်ဆိတ်ဆွံ့အ လျှက်။ သဲသောင်ပြင်သည် ခြောက်သွေ့အေးစက်လျှက်။ တိုက်စားသွားသော ဒီရေများအောက်တွင် ခြေရာများ ကျဲပြန့်လျှက်။ လူငယ်သည်လည်း ကျောက်ရုပ် တစ်ရုပ်လို သူ၏ ခြေအစုံကို ခိုင်မာစွာ ရပ်နေလျှက်။

မင်းနဒီခ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၂

No comments:

Post a Comment