Thursday, April 11, 2013

တနင်္ဂနွေရုပ်ရှင်



တနင်္ဂနွေရုပ်ရှင်

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေပြီးတော့ တနင်္လာပြန်စ
ကလေးအငိုတိတ်အောင် မိတ္ထီလာ ကန်တော်အောက်က တနင်္ဂနွေကောက်ခဲ့ပါဆိုသလိုမျိုး
ဘာအခုမှ တရားပြ/ ချ/ ရ သလိုလို အချိန်ပို/ အိုဗာတိုင် လူ့မလိုင်တွေ အဆီတဝင်းဝင်းဖြစ်ဖို့
သဲတရှပ်ရှပ်အဖြစ်ခံလိုက်ရတဲ့ တနင်္ဂနွေ ပါးစပ်ဝနားရောက်ပြီးမှ ပြန်ပုတ်ချခံလိုက်ရတဲ့ တနင်္ဂနွေ
ဘယ်လို ဘယ်ပုံ စား/ ဝတ်/ နေ ရေး မှာ ဖြစ်နေတာက မလုပ်၊ မရှုပ်၊ မပြုတ်ဆိုလား
အခြေအနေ အကြောင်းတရားနဲ့ အလုပ်ရှင် အလုပ်သမား လူတန်းစားခွဲခြားရပ်တည်မှု
ဘာအခုမှ ကြောက်ပါပြီလဲနဲ့  မြို့ပြက ကားရှုပ်၊ လူရှုပ်၊ ကြော်ငြာဘုတ်တွေ မျက်စိရှုပ်
ဒါအလုပ်ချိန်ပါ ဒါထမင်းစားချိန်ပါ ဒါ လက်ဖက်ရည်ဆိုင်ထိုင်ချိန်ပါ ဒါ ဒါ ဒါ ဒါဒါဒါ
အခြေအနေနဲ့ အချိန်အခါ အရ ဒီပုတ်နဲ့ ဒီပဲ သူ့အိုးနဲ့ သူ့ဆန် ငါးမရလဲ ရေချိုးပြန်လို့မရ
ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းလဲသွားလို့မရ ငါ့လှေ ငါထိုး ပဲခူးလဲ ဒိုးလို့မရ
ဘဝတစ်ခုအတွက် ဘဝတစ်ခုကို မျှားခြင်းမှာ သူ့အကျိုးဘယ်နှဆ ကိုယ့်အကျိုး ဘယ်နှဆ
ဘယ်သူ ငါ့တနင်္ဂနွေကို ရွှေ့သလဲ တစ်မိနစ်မန်နေဂျာ အောင်မြင်ရေးသော့ချက်များ
အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းများ
တနယ်တကျေး မိဝေး ဖဝေး ဈေးကွက်လိုအပ်ချက်အရ ထုတ်ကုန်ပစ္စည်းရှင်သန်ရေးနဲ့
ပြန်ပေးဆွဲခံလိုက်ရသလို ဓါးမြတိုက်ခံလိုက်ရသလို ပျောက်ရှသွားတဲ့ တနင်္ဂနွေ
ကိုယ့်စိတ်ချမ်းသာမှုကို ရှာဖွေ၍ မရနိုင်ခဲ့လျှင် သူတပါးစိတ်ချမ်းသာမှုကို တတ်နိုင်သမျှ
တရားနဲ့ဖြေရင်း ကိုယ့်စိတ်ကိုယ် တစ်ဝက်လျော့ချပေးလိုက်ရတဲ့ တနင်္ဂနွေ
အစားထိုးခွင့်ရက်ရှည်ရှည်ကို ရိုသေလေးစားစွာဖြင့် ဒီနှစ် တစ်နှစ်လုံး
မျှော်လင့်ချက်တွေ မဆုံးခင် သင်လည်းမျှော်လင့်နေတဲ့ ရုပ်ရှင်
လာမည့် တနင်္ဂနွေမှာ ဆက်စပ်ရောက်ရှိလာပါတော့မည်ဖြစ်ကြောင်း။                

မင်းနဒီခ

No comments:

Post a Comment