Friday, April 19, 2013

အပြန်လမ်း



အပြန်လမ်း
ပင်လယ်ကိုလှမ်းကြည့်လိုက်တော့
လှိုင်းသံမကြားရဘူး
ငါ့နားထဲ ဆွံ့အနေတဲ့ တိမ်တိုက်များ
တရွေ့ရွေ့ထွက်ခွာသွားကြပြီ
အရောင်ဖျော့ဖျော့ ဆည်းဆာ
အတ္တကို ခ၀ါချလိုက်သော နေရောင်များ
တစာစာအော်ခေါ်နေလဲ ပြန်မထူးတော့တဲ့ ညနေ
အဝေးမှာ
ဘ၀ကို ပိုက်ကွန်ထဲ ထည့်ဖမ်းပြီး ပြန်လာတဲ့ တံငါလှေကလေး
မဖြေနိုင်တဲ့မေးခွန်းတွေနဲ့
အထပ်ထပ်အခါခါ ကျင့်သားရနေတဲ့ ကျောက်ဆောင်
သဲသောင်ပြင်ပေါ်
တစ်ချို့တစ်လေရဲ့ ထင်ကျန်နေသော ခြေရာများ
ဒီရေတိုက်စားမသွားသေးခင်
အိပ်တန်းပြန်မယ့် ငှက်တစ်အုပ်နဲ့ပဲ
ငါ့စိတ်ကို ထည့်ပေးလိုက်မိတယ်။

မင်းနဒီခ
ပုသိမ်ကြီးမြို့နယ် မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၁၃

No comments:

Post a Comment