Friday, April 19, 2013

အဖေ့အကြောင်းရေးတဲ့ ကဗျာ


အဖေ့အကြောင်းရေးတဲ့ ကဗျာ

အဖေ
ကြယ်ပွင့်လေးက ငွေလမင်းကြီးကို မော့ကြည့်နေလိုမျိုး
အဖေ့ကို ကျွန်တော်မော့ကြည့်ပါရစေ
အမှောင်ထုကိုဖြတ်သန်းလာခဲ့တဲ့ ညဟာ
နံနက်ခင်းရဲ့အရုဏ်ဦးကို တောင့်တသလိုမျိုး
အဖေ့ကို ကျွန်တော်တောင့်တပါရစေ။

အဖေ
ကျွန်တော်က ရနံ့တွေ ဝေနေတဲ့ ပန်းကလေးတစ်ပွင့်ဆိုရင်
အဲဒီပန်းကလေးရဲ့ ကြီးမားတုတ်ခိုင်သောပင်စည်ဟာ အဖေပေါ့
ကျွန်တော်က လှလှပပကပြနေတဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်ဆိုရင်
ကတ္တီပါကန့်လန့်ကာထက်ကနေ ကြိုးကိုင်ယိမ်းနွဲ့ပေးနေတာ အဖေပေါ့
ကျွန်တော်က ကောင်းကင်မှာ ၀ဲပျံနေတဲ့ လေတံခွန်လေးတစ်ချပ်ဆိုရင်
မြေကြီးပေါ်ကနေ ပဲ့ကိုင် ထိန်းမတ်ပေးနေတဲ့သူဟာ အဖေပေါ့
လွမ်းပါတယ် အဖေ။

ဘုရားပွဲတော်ဈေးခင်းထဲကနေ
အဖေ ပခုံးခေါင်းအုံးအိပ်ပြီး ပြန်ခဲ့ရတဲ့ ညချမ်းတွေ
မောင်ဗမာစက်ဘီး ဘောင်တန်းလေးမှာ ထိုင်တိုင်း
အဖေ့ဘရိတ်အုပ်လို့ လက်ညှပ်ခဲ့ရတဲ့ ညနေတွေ
အမေ့နာမည် မော် မပါပေမဲ့
အဖေ ခဏခဏဆိုတတ်တဲ့ ချစ်ရတဲ့ မော် သီချင်းသံလေးတွေ
ရိုးရာခြင်းတစ်ခေတ်ဆန်း ခေတ်ဆန်းသန်းဝင်း ဆိုတဲ့
ခြင်းမင်းသားကစားဟန်လေးတွေ
အဖေနဲ့ ချွတ်စွပ်တဲ့ သား အဖေနဲ့ စိတ်ဓါတ်တူတဲ့သား လို့
အဖေပြောခဲ့ဖူးတဲ့ ငယ်ဘ၀ပုံရိပ်တွေ။

ပြန်တွေးတိုင်း လွမ်းမိပါတယ် အဖေ
လူဆင်းရဲပေမဲ့ ဂုဏ်မငယ်သေခဲ့ဘူး
ပစ္စည်းဥစ္စာ မကြွယ်ဝပေမဲ့ မသိမ်ငယ်စေခဲ့ဘူး
အဖေ လျှောက်တဲ့ လမ်းဟာ ခရောင်းလမ်းထက် ကြမ်းပေမဲ့
အဖေတည်ဆောက်တဲ့ မိသားစုက ပန်းခင်းလမ်းမှာ လျှောက်ရတယ်
အဖေအတိတ်ဟာ ဒဏ်ရာ အနာတရတွေများခဲ့ပေမဲ့
အဖေအိပ်မက်ခဲ့တဲ့ မိသားစုဘ၀က ပျားရည် အထပ်ထပ်ဆမ်းခဲ့တယ်။

အဖေ
ဒီအချိန်ဆို အဖေစိုက်ထားတဲ့ သရက်ခြံလေးမှာ
သရက်သီးတွေ အမှည့်လွန်နေပြီလား
အတောင်စုံလို့ အမြင့်ပျံသွားတဲ့ငှက်ကလေးတွေကို ငေးရင်း
တစ်ယောက်တည်း ကျိတ်ဝမ်းနည်းနေမလား
အမေ့ပါးတစ်ခြမ်းက မျက်ရည်စိုသနပ်ခါးကွက်လေးကို တို့ရင်း
အားပေးနှစ်သိမ့် ကျီစယ်နေမလား။

အဖေ
အဖေလျှောက်ခဲ့တဲ့ လမ်းအတိုင်း
အဖေဆိုတဲ့ ပခုံးကို ကျွန်တော်ထမ်းခွင့်ရတော့မှ
အဖေ့ကို ပြန်လွမ်းတတ်ခဲ့တာ ၀န်ခံပါတယ် အဖေ
အဖေ့ လက်တွေ သန်မာနေတုန်းပဲလား
ကျွန်တော်ဘာလုပ်လုပ်
မင်းနောက်မှာ အဖေအမြဲရှိတယ် မှတ်ထားလို့ဆုံးမတတ်တဲ့ အဖေ
အဖေ့အတွေးမှာ
ကျွန်တော် အိမ်အမြဲ ပြန်လာနေတယ်လို့များ တွေးနေမလား
ကျွန်တော့် ခြေသံ ကြားတာနဲ့
ငါ့သား ပြန်လာပြီဟေ့ လို့ လှည့်မကြည့်ဘဲ ပြောလိုက်မှာလား။

ဟုတ်ပါတယ် အဖေ
ရိုးပြတ်တောတွေဖြတ် လယ်ကန်သင်းရိုးတွေ ဖြတ်
ဟောဒီ မြေနီလမ်းလေးအတိုင်း ကျွန်တော်ပြန်လာခဲ့ပြီ
အဖေဆီ ကျွန်တော်ပြန်လာခဲ့ပြီ
ကျွန်တော် ပြန်လာခဲ့ပါပြီ အဖေ။        ။

မင်းနဒီခ

No comments:

Post a Comment