Thursday, April 11, 2013

မီးမီးရေ နောက်ထပ်တစ်ပုဒ်



မီးမီးရေ နောက်ထပ်တစ်ပုဒ် 
အခုလောင်နေတဲ့ မီးကို ဘယ်သူမွှေးသလဲ
အခုမီးက မြို့ကိုလောင်တယ် မြစ်ကိုလောင်တယ်
သားကို လောင်တယ် အမေကိုလောင်တယ်အခု
မီးတဟုန်းဟုန်း လေတလုန်းလုန်း
တောကြောင်ဟာ တောင်ကြောမှာတစ်ကောင်တည်း လက်ခမောင်းခတ်နေချိန်
မြို့လေးဟာ ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့သပ်လို့
ကိုယ်ကျောကို ပွတ်သိပ်လို့ အိပ်တော့မယ်
ဖွင့်ထားတဲ့သီချင်းသံဟာ ခပ်တိုးတိုးမှ ခပ်တိုးတိုးလေး
တဖြည်းဖြည်း တဖြည်းဖြည်း
ညနေဟာ အတည့်အတိုင်းစောင်းလိုက်တယ်
အခု ပိတ်လိုက်တဲ့ မီးဟာ
လင်းနေတဲ့ မီးလား လောင်နေတဲ့ မီးလား
မှောင်ပြီဆိုမှ ပန်းကုံးတွေ တထပ်ပြီး တထပ်ရလာတဲ့
ကာရာအိုကေအဆိုတော်မလေးတစ်ယောက်လို
ဘ၀နဲ့ ရင်းလိုက်ရတဲ့ ချမ်းသာမှု
ဘယ်သူမှ မပြုဘဲ အမှုက မိမိဖြစ်သလို
ဘ၀ဆက်တိုင်း ချမ်းသာသမျှ အလိုရှိတဲ့သူ
ဖြစ်ရပါ၏ ဆုတောင်း အခုတောင်းမလား
ဂျာမနီမလေးကတော့
ဟစ်တလာကို ပန်းကုံးစွပ်ဖို့ ထွက်လာဦးမှာပါပဲ
ဒေ၀ဒတ်လည်း ဒေ၀ဒတ်အလျောက်
အဇာတသတ်လည်း အဇာတသတ် အလျောက်
ကိုယ့်ပါရမီ ကိုယ်ဖြည့်
သေတစ်နေ့ မွေးတစ်နေ့ပေါ့ကွယ်
ဒါပေမဲ့
အခုကျမှ ဘာဖြစ်လို့ အဲဒီလျပ်စစ်ထိုင်ခုံက မီးပျက် နေရတာလဲ
ဇာတ်သိမ်းမှာ ဇာတ်လမ်းက ပြဿာနာကို ဖယောင်းတိုင်ထွန်းရှာလိုက်သလို
အခု အဲဒီထိုင်ခုံပေါ်မှာမီး
မီးပြန်လာချိန်ကို တထိတ်ထိတ်စောင့်နေတဲ့ လူတစ်ယောက် ။

မင်းနဒီခ

No comments:

Post a Comment