Friday, April 19, 2013

ပြီးခဲ့သော စက်တင်ဘာ (သို့) ပျက်ကျသွားတဲ့ ကဗျာ


ပြီးခဲ့သော စက်တင်ဘာ (သို့) ပျက်ကျသွားတဲ့ ကဗျာ

သုတ်သုတ်စား သုတ်သုတ်သွား
အချိန်မီ အမြန်ပြန်ရောက်ဖို့ လိုအပ်တယ် ဆိုတာကလွဲလို့
မေးခွန်းများ ထုတ်ပြန်ကြေညာမေးမြန်းစူးစမ်းခြင်း ထိန်းသိမ်း
အဖြေများ ရှာဖွေ ဖော်ထုတ်လေ့လာဆည်းပူးတင်ပြခြင်းမျိုသိပ်
ဘူးတစ်ရာတောင်ပိတ်လို့ ရသေးတာ
ပါးစပ်တစ်ပေါက်က ဘာအရေးလည်း ဟုတ်စ
ကျွန်တော် မင်းနဒီခပါ
မန္တလေးကနေ ဒီကဗျာကို ရေးသားပေးပို့လိုက်ပါတယ်
အခြေအနေနဲ့ အချိန်အခါအရ ခေါင်းငုံ့ခံထားရခြင်းများ
အော်သံကြားလား ခေါ်သံကြားလား အော်ပြီး ခေါ်တဲ့ အသံကြားလား
အမှန်တရားရဲ့ အမှားမှားအယွင်းယွင်းပြန်လည်တည်ဆောက်မှုမှာ
အုတ် ထုံး သဲ ဘယ်နှဆ ဘိလပ်မြေဘယ်နှဆ
အတွေးအခေါ်ဘယ်နှဆ ဆင်ခြင်တုံတရားဘယ်နှဆ
အားမလို အားမရ ပတ်ဝန်းကျင် လှုံ့ဆော်ပူးပေါင်းပါဝင်လမ်းလျှောက်ရေး
ခိုင်မာမြဲမြံကြောင်း ခိုင်လုံသော အာမခံသက်သေ လုပ်ကြံဖန်တီးခြင်းနဲ့
အနယ်နယ်အရပ်ရပ်မှ တညီတညွတ်တည်း
ထောက်ခံအားပေးအဆိုပြုတင်သွင်းလက်မှတ်ထိုးငြင်းဆန်လိုက်သည်
ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ
လက်သီးဟာ လေထဲတလူလူလွင့်နေတဲ့ အလံ
မနက်ဖြန်မှာ အမှန်တရားဟာ ရထားဆက်ဆက်ဆိုက်လာပါမည်
နေ့စဉ်သတင်းစာကို မှန်ထောင်ဖတ်ပါ
ရုပ်မြင်သံကြားမှ ထုတ်လွင့်မည့်သတင်းကို နားစွင့်ရန် နားပိတ်ထားပါ
အချောသတ်ထားသော ၀ါးစိမ်းပေါ်မှ ရဲရဲနီနေသော သွေးများ
အနီရောင်ဖန်ရည်ဆိုးသင်္ကန်းများပေါ်မှ ထပ်မံစွန်းထင်းသွားသော သွေးများ
အနက်ရောင်ကတ္တရာလမ်းမပေါ်မှ ခြေနဲ့ဖျက်ခံလိုက်ရသော သွေးများ
အခု အဲဒီအမှန်တရားဟာ
ပါးစပ်ပေါက်နားရောက်မှ ပုတ်ချခံလိုက်ရတဲ့ ထမင်းတစ်လုပ်လို
ဖဲစကားနဲ့ ပြောရရင် ဆယ့်ငါးဖြစ်နေမှတော့ ဘာဖဲတက်တက်ဘာအရေးလဲ ဆိုသလို
ဒီမှာ အသက်မပြည့်သေးတဲ့ မြို့လေး အသက်ငင်နေတယ်
ဒီကဗျာကို နေ၀င်မီးငြိမ်းသတ်မှတ်ချိန်အတွင်း အဆုံးသတ်လိုက်တယ်

မင်းနဒီခ
၂၀၀၇

No comments:

Post a Comment