Thursday, April 11, 2013

ဖျားနာနေသော အခန်း



ဖျားနာနေသော အခန်း
                                                                        (၁)
မျက်လုံးကို ဖွင့်ကြည့်ရန် အားယူ၍ ကြိုးစားလိုက်သည့်အခါ စူးရှသော အပြာရောင် အလင်း များကိုသာ ဟိုတစ်ကွက် သည်တစ်ကွက် တွေ့ရသည်။ မြင်ကွင်းအားလုံးသည် မပီဝိုးတ၀ါး။ သူ၏ မျက်လုံးများကို အလျင်အမြန်ပြန်၍ ပိတ်ထားလိုက်သည်။ နေ့စဉ်ထိတွေ့နေသည့် ဒီအခန်းလေးထဲ တွင် မည်သည့်အခါမှ ထူးခြားမှုတစ်စုံတစ်ရာ ရှိနေမည်မဟုတ်မှန်းသေချာသည်ကတော့ သူကြိုတင် သိနေခဲ့ ပြီးသားပင် ဖြစ်သည်။ ထူးခြားမှုမရှိတာတစ်ခုတည်းနှင့် သူ့မျက်လုံးများကို ဘယ်တော့မှ မဖွင့်ဘဲ တစ်သက်လုံးပိတ်ထားလိုက်ရတော့မည်လား။ မဖြစ်နိုင်။ ` ရှင့် မျက်လုံးတွေက အရမ်းစူးရှပြီး အရာရာကို ထွင်းဖောက်မြင်နေသလိုပဲ လို့ ခံစားရတယ်´ ဟု သူနှင့် နီးစပ်ခဲ့ဖူးသော အမျိုးသမီး တစ်ယောက်က ပြောဖူးသည်။ ဟုတ်မှန်ကြောင်းသက်သေပြဖို့အတွက်တော့ သူမကို နောက်တစ်ကြိမ် ချိန်းဆိုစရာ လိုလိမ့်မည်လို့တော့ သူမထင်ချေ။ ဒီလိုအချိန်မျိုးမှာတော့ တစ်ခြားသူစိမ်းမိန်းမ တစ်ယောက်ထက် အမေ့ကို ပိုပြီးသတိရနေခဲ့ကြောင်းတော့ သူဝန်ခံရပါလိမ့်မည်။ နွေးထွေးသော အမေ့ရင်ခွင်မှ စတင်ထွက်ခွာလာချိန်မှစ၍ အမေ့ကို  နောက်တစ်ခါ သူ ပြန်မတွေ့ဖြစ်တော့။ သူပေးပို့ သော ငွေကြေးအနည်းငယ်နှင့် အမြန်ချောစာအိတ်များသည် အမေ့အတွက်လိုအပ်နေသာ မေတ္တာ တရားမဟုတ်မှန်း အဲဒီအချိန်တုန်းက သူမသိခဲ့။ သူ၏ ငယ်စဉ်ကလေးဘ၀သည် ချိုမြိန်မှုများနှင့် ခါးသက်မှုများအား ရောစပ်ဖျော်ထည့်ထားသော နို့မှုန့်ဗူးတစ်ဗူးသာ ဖြစ်ခဲ့သည်။ ` သား မျက်လုံး လေးတွေကို ဟိုးမိုးပေါ်က တလက်လက် လင်းနေတဲ့ ကြယ်ပွင့်လေးတွေနဲ့ အမေက အလှဆင် ပေးထားတာ´ ဟု အမေ့က သူ့ကို တစ်ခါ ပြောဖူးသည်။ ထိုအချိန်တုန်းက သူက ပုခက်ကလေးထဲမှာ ဖြစ်သည်။ အမေက သူအိပ်ပျော်နေသည့် ပုခက်ကြိုးလေးကို ဆွဲပြီး သားချော့တေးတစ်ပုဒ်ကို ဆိုနေခဲ့သည်။ အရာရာသည် ပြောင်းလဲခဲ့ပြီဖြစ်သည်။ အခုအခါမှာတော့ အမေက ပုခက်ကလေး ထဲမှာ။ သူက အမေချန်ထားခဲ့သော ပုခက်ကြိုးလေးကို ဆွဲရင်း ကောင်းကင်၌ လင်းနေဦးမည့် အမေ့ မျက်လုံးများကို လိုက်ရှာနေတတ်ခဲ့ပြီ ဖြစ်သည်။ ဘာပဲ ဖြစ်ဖြစ် သူ့မျက်လုံးများကိုတော့ ဖွင့်ထား ရဦးမည်။
                                                           (၂)
           အမြဲတမ်းစိုစွတ်နေသည့် ခုနှစ်လွှာမြောက်တိုက်ခန်းတစ်ခန်းမှ ကြည့်လျှင် မြင်နိုင်သော အရာများမှာ အောက်ပါအတိုင်းဖြစ်သည်။ လူငယ်သမီးရည်းစားလေးများ မကြာခဏချိန်းတွေ့လေ့ ရှိကြသော နောက်ဖေးလမ်းကြား ( ညနက်ပိုင်းနှင့် တစ်ခါတစ်ရံ နေ့လည်ခင်းများတွင်တော့ ခွေးလေ ခွေးလွင့်များ မြူးတူးပျော်ပါးကြသည်ကို တွေ့ဖူးသည်)၊ ခမ်းလှမ်းလှမ်း ကိုက်တစ်ရာခန့်မှ အဝေးပြေး လမ်းမကြီးကို ထက်ပိုင်းထိုးခွဲဖောက်လုပ်ထားသည့် ရထားသံလမ်းတစ်စုံ( အချိန်မှန် ရထားတစ်စင်း တစ်နေ့နှစ်ကြိမ်ဖြတ်သန်းပြေးဆွဲခုတ်မောင်းလျက်ရှိ)။ မလှမ်းမကမ်းတွင် မြက်ရိုင်းများရှည်ထွက် တောထနေသော ကစားကွင်းဟောင်းတစ်ကွင်း။(အရမ်းအထီးကျန်ဆန်တယ်လို့ ခံစားမိသော နေ့များ တွင် ထိုကစားကွင်းထဲသို့သွားကာ ကစားသူမဲ့သော ဆီးဆောလေးတစ်ခုအား အကြောင်းမဲ့ ငေးမော နေတတ်မိ)၊ ကောင်းကင်တွင် ပျံဝဲနေသော စက္ကူစွန်ရောင်စုံလေးများ။ ဓါတ်ကြိုးတန်း တလျောက် အစီအရီခိုနားနေသော ခိုငှက်ကလေးများ( လူခြေတိတ်ချိန် ညနက်များတွင် ညည်းသံ သဲ့သဲ့ကြား ရတတ်)။ အိမ်ရှေ့ဝရန်တာအဆင့်ဆင့်တွင် တွဲလဲခိုလွင့်ပါနေသည့် နေလှန်းထားသော အင်္ကျီများ၊ ညနေတိုင်း လမ်းလျှောက်ထွက်တတ်သည့် အောက်မြေညီထပ်မှ တိုက်ခန်းပိုင်ရှင် အဘိုးကြီး အဘွားကြီးလင်မယား။( သူတို့၏ တစ်ဦးတည်းသော သားမှာ နိုင်ငံရပ်ခြားတွင်း သွားရောက်လုပ်ငန်း လုပ်ကိုင်ပြီး လစဉ် ငွေပို့ပေးလျှက်ရှိ)။ လမ်းထိပ်တွင် ပိတ်ရက်မရှိ ဖွင့်လှစ်ထားသော လက်ဖက်ရည် ဆိုင်တစ်ဆိုင် ( ထိုဆိုင်တွင် ဈေးအလွန်ချိုသော်လည်း လက်ဖက်ရည် အလွန်ညံ့သဖြင့် ဘိုင်ကျသူ အနည်းငယ်နှင့် ကဗျာဆရာအချို့သာ လာရောက်ထိုင်တတ်ကြသည်)။ ပြီးတော့ ရေညှိစိမ်းတွေ စိုတက်ထူပျစ်နေသည့် တိုက်ခန်းဝရန်တာများ၊ ငှက်အိမ်၊ ကောက်ရိုးမျှင်၊ ကျပ်ခိုးများဖြင့် ရှုပ်ထွေး နေသော တံစက်မြိတ်များ၊ တစ်ခါတစ်ရံ သန်းခေါင်ထက်နက်သော ညများ၌ မြေညီထပ် လှေကား အဆင်းတွင် တိတ်ဆိတ်စွာ ရပ်နေလေ့ရှိသော မိန်းကလေးတစ်ဦးကို တွေ့ရတတ်သေးသည်။ မထူးဆန်းပါ။ ထိုအရာများသည် တစ်ချိန်က သူနှင့် ရင်းနှီးကျွမ်းဝင်ပတ်သက်ခဲ့ဖူးသည့် ၀န်းကျင် တစ်ခုဖြစ်သော်လည်း ယခုအခါမှာတော့ သူ့အတွက် ပတ်ဝန်းကျင်သည် အပျင်းပြေအပျော်ဖတ် ၀တ္ထုတစ်ပုဒ်လောက်ပင် စိတ်ဝင်စားစရာမကောင်းတော့တာ အသေချာဆုံးဖြစ်သည်။
                                               (၃)
           ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ မရွာသေးသော တိမ်တိုက်များကို တွေ့သည်။ ထို့အတူ သူ့စားပွဲပေါ်တွင်လည်း ရေးပြီး မဂ္ဂဇင်းတိုက်များသို့ မပို့ရသေးသော ကဗျာများ ရှိနေသေးသည်။ ` ရှင် ရေးတဲ့ကဗျာတွေကို ကျွန်မတော့ဖြင့် တစ်ပုဒ်မှကို နားမလည်ဘူး´ ဟူသော စကားကို သူ့အား ချောမောလှပကာ ဆွဲဆောင်မှုအားကောင်းသော မိန်းကလေးတစ်ယောက်မှ ပြောဖူးသည်။ ထိုမိန်းကလေးသည် အထက်ပါ စာကြောင်းအနည်းငယ်တွင် သူ့အား စကားပြော ခဲ့ဖူးသည့် မိန်းကလေး ဟုတ်မဟုတ် သူ့မမှတ်မိတော့။  ပြဿနာမရှိပါ။ ကဗျာတစ်ပုဒ်ကို နားလည် ခြင်း မလည်ခြင်းသည် သူမနှင့် သူ့အကြားတွင်း ပြဿနာတစ်ခုမဟုတ်ပါ။ တစ်ခါတစ်လေ နားလည် မှုသည် အနားရောက်ခါနီးမှ တိတ်တိတ်လေး လှည့်ပြန်ထွက်ပြေးသွားတတ်သည့် သဘောရှိကြောင်း သူကောင်းကောင်း သင်ကြားတတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့အခန်းထဲတွင် မဖတ် ရသေးသော စာအုပ်တစ်အုပ်ရှိသည်။ ထိုစာအုပ်အမည်မှာ ငြိမ်းချမ်းရေးဖြစ်သည်။ သို့သော် ထိုစာအုပ် ရေးသူ၏ အမည်မပါ။ ထို့ပြင် ကျွန်တော့်တွင် မစားရသေးသော ပန်းသီးတစ်လုံးရှိသည်။ ထိုပန်းသီး တွင် သွားကိုက်ရာတစ်ခုရှိသောလည်း ထိုပန်းသီးကိုက်သောသူမှာ ဧ၀ မဟုတ်ကြောင်း သူသိသည်။ ထို့ပြင်သူ့၌ မ၀တ်ဖြစ်သေးသော စွပ်ကျယ်တစ်ထည် ( ဆိုဒ်နံပါတ် ၃၃)။ နောက်နှစ်တော့ သူဝတ်ဖြစ် မည်လား မပြောတတ်။ ထို့ပြင် မထွန်းရသေးသော ခြောက်ဆယ်ဝပ်မီးသီးတစ်လုံး၊ မရေးဖြစ်သော ဖောင်တိန်တစ်ချောင်းနှင့် မရေးဖြစ်သေးသော စာရွက်လွတ်တစ်ရွက်၊ မပို့ဖြစ်သေးသော ပေးစာ တစ်စောင်နှင့် မဖွင့်ရသေးသော စီဒီတစ်ချပ်ရှိသည်။( ထိုစီဒီချပ်ထဲ၌ မဆိုရသေးသော သီချင်းတစ်ပုဒ် သာ ပါရှိသည်)။ ထို့ပြင် မအိပ်ရသေးသော ညတစ်ည၊ မမက်ရသေးသော အိပ်မက်တစ်ခုနှင့် မသောက်ရသေးသော ဆေးတစ်ခွက်လည်း ရှိသေးသည်။ သူဖျားနာနေသည်မှာကြာပြီ ဖြစ်သည်။
                                                                       (၄)
                       အိပ်ချင်စိတ်ရှိလျက်နှင့်အိပ်မပျော်သောညတစ်ညကိုဖြတ်သန်းရသည်မှာ အနက်ရောင် ပင်လယ်ကို လက်ပစ်ကူးနေရသလိုပင်။ ကျေးဇူးပြုပြီး အိပ်ယာဝင်ပုံပြင်တစ်ပုဒ်နှင့် သူ့အား ချော့သိပ် ပေးပါ။ ကမ္ဘာပေါ်တွင် မည်သည့်ကလေးငယ်ကိုမှ ပြောမပြရသေးသော ပုံပြင်တစ်ပုဒ်သာ ဖြစ်ပါစေ။ တီဗွီကို ဖွင့်လိုက်သည့်အခါ မည်သည့်ချယ်နယ်တွင်မှ ထုတ်လွင့်ခြင်းမပြုရသေးသော ကိုရီးယား ဇာတ်လမ်းတွဲ တစ်ပိုင်းတစ်စကိုတွေ့ရသည်။ ထိုဇာတ်လမ်းတွဲထဲမှ မင်းသမီးသည် မမြင်ရသော ကံကြမ္မာ၏ လှည့်စားမှုအောက်တွင် အဖြေမပေးရသေးသော ချစ်သူနှင့် တေ့လွဲလေး လွဲချော် သွားခဲ့သည်။ ရုတ်တရက်ထ၍ တီဗွီကို ခပ်ကြမ်းကြမ်းပိတ်ပစ်လိုက်သည်။ စိတ်ထဲ၌ ထိုဇာတ်ဝင်ခန်း ကို မခံစားနိုင်သောကြောင့် ဖြစ်သည်။ လွဲချော်ခြင်းများကို သူ မုန်းသည်။ သူသည် ယခုအချိန်ထိ ပြီးပြည့်စုံ ကောင်းမွန်သော ကဗျာတစ်ပုဒ်နှင့် မကြာခဏတေ့လွဲလေး လွဲချော်နေသည့် မအောင်မြင် သည့် ကဗျာဆရာ တစ်ယောက်သာ ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ခလုတ်ဖွင့်မထားသော ပန်ကာ တစ်လက်ရှိသည်။ ပန်ကာရွက်တစ်ခုပေါ်တွင် အမြီးမပြတ်သေးသော အိမ်မြှောင်တစ်ကောင်နှင့် လက်စမသတ်ရသေးသော ပင့်ကူအိမ်တစ်လုံးရှိသည်။ သက်ပြင်းကို ခပ်လေးလေးမှုတ်ထုတ် လိုက်မိသည့်အခါ မျက်နှာချင်းဆိုင်နံရံပေါ်တွင် ချိတ်ဆွဲထားသော ပိုစတာမှ ကမ္ဘာကျော် တင်းနစ်မယ် ရှာရာဗိုဗာက မခို့တရို့လေးပြုံးပြသည်။ သူက အနားတွင် ရှိသော မစားဖြစ်သေးသည့် ပန်းသီးအား သူမအား လှမ်းပစ်ပေးလိုက်သည့်အခါ သူမက အားပါသော ရိုက်ချက်ဖြင့် ကစားကွင်း အပြင်ဘက်ရောက်သည်အထိ အားရပါးရ ရိုက်ချပစ်လိုက်သည်။ ကွင်းအပြင်ဘက်သို့ အဝေးဆုံး လွင့်စင်သွားသော တင်းနစ်ဘောလုံးလေးမှာ သူ့၏ ဖြစ်မလာသေးသော မျှော်လင့်ချက်သာ ဖြစ်သည်။
                                                                       (၅)
                       ထိုသို့ဖြင့် နေ့နှင့် ညသည် သူ့အခန်းကျဉ်းလေးထဲတွင် ၀င်ချည်ထွက်ချည် လူးလား ခတ်ခဲ့သည်။ မပျံသန်းရသေးသော ငှက်တစ်ကောင်သည် ဖွင့်ထားသော တံခါးတွင် လာရောက် နားခိုသည့် အချိန်သည် နေ့ဖြစ်၍ ပြန်လာသူမရှိသော ပြတင်းတံခါးကို အသာအယာ ဂျက်ထိုး၍ ထွက်ပေါ်လာသော အသံကို ကြားရချိန်သည် ညဖြစ်သည်။ သူသည် မည်သည့်အရပ်ကိုမှ ပျံသန်းခြင်းငှာ မစွမ်းနိုင်သော စက္ကူငှက်တစ်ကောင်သာ ဖြစ်သည်။
                                                                       (၆)
                       မြေပုံပေါ်တွင် ပြားချပ်နေသော ရွာကြီးတစ်ရွာကို ကမ္ဘာဟု ခေါ်သည်။ ထိုကမ္ဘာပေါ်၌ အပ်ဖျားတစ်ထောက်စာမျှပင် မရှိသည့်  တိုက်ခန်းလေးတစ်ခန်းသည် နာကျင်ကိုက်ခဲမှုများနှင့် ဖျားနာ နေသည်။ ထိုဖျားနာကိုက်ခဲ့နေသော အခန်းကျဉ်းကလေး၏ အ၀င်ဝတွင် ချိတ်ဆွဲထားသော စာတန်း တစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ ` ဘ၀ဆိုတာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက သော့ဖွင့် မရသော အခန်းတစ်ခန်းသာ ဖြစ်သည်'။

မင်းနဒီခ

No comments:

Post a Comment