Thursday, April 11, 2013

အသစ်တဖန်



အသစ်တဖန်

ပြန်စရင် အသစ်ပြန်ဖြစ်မဖြစ်
အဟောင်းကြီးအတိုင်းတော့ မကောင်းဘူးပေါ့ဆိုပြီး စိတ်ညစ်ရင်
ညစ် ပတ်ဝန်းကျင်အပြောင်းအလဲကတော့ တကြောင်းဆွဲ တယူသန်
လူများ သက္ကရာဇ်များ ဘ၀များ ခွေးများ လူများ စာအုပ်များ
ဝိုးတ၀ါးအသိညဏ်နဲ့ ဆင့်ကဲပြောင်းလဲမှု တော်လှန်ရေးဖြစ်စဉ်
ပျက်အစဉ် ပြင်ခဏဖြစ်ဖြစ် ပြင်မရဖြစ်ဖြစ် အသစ်တဖန်
သင်လက်ခံရင် သံလျင်ခက်လေးပို့လိုက်
အိုဘားမားကတော့ အီရတ်ကို ဆက်တိုက်ရမယ်ဆိုလား
ပွဲပြီးပြောစကားအရတော့ အသစ်တဖန်
ခြေကျသွားတဲ့လူကြီးတွေ နေရာမှာ လူငယ်ခြေတက်တွေ အစား
ဝင် ပါ ထွက်ပါ ပြောပါဆိုပါ အရင်အတိုင်းပေါ့အသစ်တဖန်
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါစာတမ်းလေးနဖူးချိတ်ပြီး ဆက်ဆံ
မနက်ဖြန်ဆက် ရန်ရှိသေးလား ရန်မရှိဘူးလား
ဘာပဲဖြစ်ဖြစ် ပစ္စည်းအဟောင်းနဲ့ တံဆိပ်အသစ်
ပြန်ဆိုတေး သီချင်းအသစ်နဲ့ လာမယ့်နှစ်အတွက် အကောင်းစားရီမစ်
စိတ်ကူးအဟောင်းနဲ့ နည်းပညာအသစ် ဘာပဲဖြစ်ဖြစ်ပေါ့အသစ်တဖန်
ဇာတ်လမ်းဟောင်း ဇာတ်ရန်ဟောင်းကို နေရာပြောင်းပြီး ပြန်ရိုက်ကြည့်ပေါ့ အသစ်တဖန်
စာအုပ်အဟောင်းကို သက္ကရာဇ်လေးပြောင်းပြီး ပြန်ထုတ်လိုက်ပေါ့ အသစ်တဖန်
ပြောပြီးသားစကားလဲ တိုက်ဆိုင်မှုရှိတိုင်း ပြန်ပြန်ပြောပေါ့ အသစ်တဖန်
ဒီကဗျာမှာ ကာရန်တွေပြန်ပါလာတာလဲ အသစ်တဖန်
သုံးပြီးသား စကားလုံးတွေ အဆင်သင့်တိုင်း ပြန်ပြန်သုံးတာလဲ အသစ်တဖန်
ပို့ပြီးသားမဂ္ဂဇင်းတိုက်ကို ဒီကဗျာမပါမချင်း ပြန်ပြန်ပို့တာလဲ အသစ်တဖန်
သင်လည်း ပြန်စရင် အသစ်ပြန် ဖြစ်မဖြစ်။

မင်းနဒီခ

No comments:

Post a Comment