Thursday, April 11, 2013

ဆည်းဆာအလွန်



ဆည်းဆာအလွန်

          ဖြန့်ထားသော စိတ်ကူးကို ဖျက်ကနဲ့ ရုတ်သိမ်းလိုက်သည့်အခါ ဆုတ်ခွာစပြုနေပြီဖြစ်သော အလင်းကို ပန်းချီကား တစ်ချပ်ဆန်ဆန်တွေ့ရသည်။ ဒီနေရာမှာ ရပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ပင်လယ်ထဲသို့ ပြုတ်ကျနေသော လိမ္မော်သီး တစ်လုံးကို ဆယ်ယူရန် ကြိုးစားသူမှာ သူရူးတစ်ယောက်သာ ဖြစ်သည်။ ဒီလိုနှင့် ဆုံးရှုံးသွားသော အရာများ ဘယ်လောက် များများ ရှိနေခဲ့ပြီလဲ။ ဆည်းဆာသည် မှော်ဝင်နေသော ပန်းချီကားတစ်ချပ်လို မြင်သူတိုင်းကို ညှို့ငင်ဖြားယောင်းလျှက် ရှိသည်။ နေ၀င်တော့မည်။ ဒီလိုအချိန်မျိုးတွင် ရွာထိပ်၌ ကုက္ကိုပင်ကြီးတစ်ပင်ရှိသော ရွာလေးတစ်ရွာတွင် သာအေးတို့ စာဥ၊ ထွေးညို၊ မိအေး အစရှိသည့် ရွာသူမလေးများ ရေခပ်ဆင်းကောင်း ဆင်းနေပါလိမ့်မည်။ သာအေး၊ အောင်ဘု၊ ထွန်းခင် စသော ကာလသားများသည်လည်း ရွာပြင်ထန်းတောထဲတွင် လယ်ကြွက်ကြော်ကို အမြည်းလုပ်ကာ ထန်းရည်သောက်ပြီး မူးကောင်းမူးနေပါလိမ့်မည်။ ဘကြီးအောင် မညာတော့ပါ။ ငါးပါးသီလကို မန်ချက်စတာယူနိုက်တက်အား ဖာဂူဆန် နည်းပြသလို ခါးဝတ်ပုဆိုးကဲ့သို့ စွဲစွဲမြဲမြဲထိန်းသိမ်းရင်း စိတ်ပုတီးကိုလက်မှာ ချိတ်လို့ တရားမှတ်ကောင်း မှတ်နေပါ လိမ့်မည်။ ရွာသူကြီးအိမ်ရှေ့ကပြင်၌ မြ၀တီရုပ်မြင်သံကြားမှ ပြသမည့် ကိုးရီးယားဇာတ်လမ်းတွဲကြည့်ရန် မိန်းမနှင့် ကလေး များ စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ နေ၀င်တော့မည်။ နီရိုးဘုရင်တယောထိုးသံမကြားရသလို ရွာခြံစည်းရိုးထိပ်မှ သံပုံးတီးသံ လည်း မကြားရ။ သို့သော် မကြာမီ နေ၀င်တော့မည် ဖြစ်သည်။
            ရောင်စုံခြယ်တိမ်တိုက်များအတွင်းသို့ တစ်စထက် တစ်စ စိမ့်ဝင်လာသော အမှောင်ထုသည် မကြာခင် အချိန် အတောအတွင်းမှာ လှပသော ညနေဆည်းဆာကို ၀ါးမျိုသိမ်းပိုက်ပစ်တော့မည် ဖြစ်သည်။ ကျွန်တော့်တွင် ခုခံကာကွယ် စရာ လက်နက်စွမ်းအားမရှိပါ။ ထို့ပြင် ခုခံကာကွယ်စရာ အကြောင်းပြချက်လည်း တစ်စုံတစ်ရာမှ မရှိပါ။ ကျေးရွာသူကြီး သည် ရွာ၏ လုံခြုံရေးကို စစ်ဆေးရန် အိမ်မှထွက်လာသည်။ သို့သော် သူ့လက်တွင် ရှေးခေတ်သူကြီးများကဲ့သို့ နှစ်လုံးပြူး သေနတ်တစ်လက်မပါရှိခဲ့။ အရီးပုသည် ညစာအတွက် ချက်ပြုတ်ပြီးစီးသွားသည့်အခါ မီးဖိုရှိ မီးကြွင်းမီးကျန် များကို ရေဖြင့် သတ်၍ ငြိမ်းလိုက်သည်။ ငြိမ်းသတ်မရနိုင်အောင် ပျံ့လွင့်နေသော စိတ်မှာ နွားရိုင်းသွင်းချိန်နှု့် အမှီ စားကျက် မှ ပြန်လာ သော နွားတစ်အုပ်၏ ခလောက်ကလေး ဒိုးဒိုးဒေါင် မည်သံကြောင့် ခဏတာမျှ ထိတ်လန့်လှုပ်ရှား သွားခဲ့သည်။ မကြာမီ နေ၀င်တော့မည်။ အိပ်တန်းပြန်ငှက်တစ်ချို့၏ တောင်ပံခတ်သံသည် အသက်ရှင်ခြင်း၏ နောက်ဆုံးရှိုက်သံလို ကြားရတာ တုန်ရီလှိုက်မော်လို့ နေသည်။ ထိုအမြင့်ပျံငှက်များ မည်သည့်အကွာအဝေးခရီးကို ပျံသန်းသွားကြမည်လဲ။ ဒါမှ မဟုတ် မည်သည့်အရပ် မည်သည့်ရင်ခွင်တွင် ခိုဝင်မှေးစက် အနားယူကြမည်လဲ။ ရုတ်တရက် နားထဲတွင်  ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ် ဟု သီချင်းသံစဉ်လေး ခပ်သဲ့သဲ့ ကြားလိုက်သလို ရှိသည်။ ကိုတိုးကြီး ကောင်းရာသုဂတိလားပါစေ။ မည်သူပဲဖြစ်ဖြစ် နားခိုရာ ရင်ခွင်တစ်ခုကတော့ အမှန်တကယ် ရှိနေခဲ့သင့်သည် မဟုတ်ပါလား။
            ဖြတ်သန်းခဲ့ပြီးသော ဆည်းဆာချိန်များစွာ့၌ မိန်းကလေးတစ်ယောက်၏ လေစီးကြောင်းအတွင်း ဝေ့၀ဲလွင့်ပါ နေသော ဆံနွယ်ကလေးများကို တမ်းတမ်းမက်မက် ငေးမောစောင့်ကြည့်နေခဲ့ဖူးသည်။ ထိုမိန်းကလေး၏ ရင်ခွင်၌လည်း ဘ၀တစ်သက်တာ ခိုနားမှေးစက်ခွင့်ရရန် ကြိုးစားခဲ့ဖူးကြောင်း ကျေကျေနပ်နပ်ဝန်ခံရပါလိမ့်ဦးမည်။ လှပသော ညနေဆည်း ဆာချိန်များသည် ချစ်သူနှစ်ဦး၏ ချိန်းဆိုတွေ့ဆုံခြင်း ဇာတ်ဝင်ခန်းတွင် ဆန်းပြားသော နောက်ခံဆက်တင်တစ်ခုအဖြစ် အခန်းဆက်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့ဖူးသည်။ ထိုအချိန်တုန်းများဆီကတော့ ထိုသို့ ညနေခင်းများသည် ချစ်သူနှစ်ဦး အတွက် မကြာမီရောက်ရှိလာနိုင်သည့်  လှပသော နိမိတ်ပုံတစ်ခု ဖြစ်နေခဲ့မှန်း မည်သူ တစ်ဦးတစ်ယောက်မှ သတိမထား ခဲ့မိကြပေ။ မကြာမီ နေ၀င်တော့မည်။ နေ၀င်ခြင်းကို ရပ်တန့်ခြင်းငှာ မည်သူစွမ်းဆောင်နိုင်ပါသည်လဲ။ ` လောကမှာ မဖြစ် နိုင်တာ ဘာမှမရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ် ´  လို့ အသံကုန်အော်ဟစ်ခဲ့သော စစ်ဘုရင်နပီုလီယံသော်မှ ရပ်တန့်မရ သော နေ၀င်ချိန်တစ်ခုအောက်တွင် လက်မြှောက်အရှုံးပေးခဲ့ရလိုက်ဖူးသည်။
            ရွာနှင့် မိုင်ပေါင်းများစွာ အဝေးတွင် ရှိသော မြို့ကြီးတစ်မြို့တွင် ယခုလို ညနေဆည်းဆာခင်းတစ်ခု၌ ပါတီပွဲတစ်ခု ကျင်းပကောင်း ကျင်းပနေပါလိမ့်မည်။ နိုက်ကလပ်သွားရန် သူငယ်ချင်းများနှင့် ချိန်းဆိုထားသော ကောင်မလေး တစ်ယောက်သည် မှန်တင်ခုံရှေ့တွင် ထုငိကာ ကမ္ဘာ့အကောင်းဆုံးအလှပြင်ပစ္စည်းများဖြင့် သူမ၏ ခန္ဓာတစ်ကိုယ်လုံးကို ခြယ်သကောင်း ခြယ်သနေပါလိမ့်မည်။ ကုမ္ပဏီမှ ပြန်လာသောမန်းနေဂျင်းဒါရိုက်တာ လူကြီးတစ်ယောက်သည် သူ၏ လည်တွင် စီးထားသော နက်ခ်တိုင်ကို ခပ်လျော့လျော့ဖြည်ချလိုက်သည်။ သို့သော် သူ့စိတ်ကို သူပြန်ဖြည်လို့မရ။  ကျောင်းမှ ပြန်ရောက်ကတည်းက ကျောင်းဝတ်စုံမလဲသေးဘဲ အင်တာနက်ဂိမ်းကစားနေသော သားကို မိခင်ဖြစ်သူက ရေချိုးပေးရန် ဇွတ်အတင်းဆွဲခေါ်နေချိန်တွင် ဖန်ခွဲက်ထဲသို့ အကောင်းစားနာမည်ကြီး ၀ီစကီနှစ်ပတ်ခန့်ကို ဖန်ခွက်ထဲသို့ ထည့်လိုက်သည်။ ဖန်ခွက်အပြင်သို့ ဖိတ်လျံကျသည့် ဘီယာအမြှပ်များကို စုပ်သောက်ပစ်ရန် လူငယ်သည် ဘီယာခွက်ကို ကောက်ကိုင်လိုက်သည့်အချိန်တွင် ဆိုင်အတွင်း၌ အရင်လိုလာသောက်နေကျ လူငယ်အဖွဲ့များ မစုံတတ်သေး။ နေ၀င် တော့မည်။  မှာထားသော အသားကင်များနှင့် ငါးသံပုရာပေါင်းရောက်မလာခင် အချိန်အတွင်းမှာ ဘီယာကုမ္ပဏီ ဖယ်ရီ ကားပေါ်မှ ကျားမလေးတစ်ကောင် သမင်လည်ပြန်အပြုံးလေးဖြင့် တစ်ဆိုင်လုံးကို ဝေ့၀ိုက်ပြုံးပြပြီး ဆင်မယဉ်သာ ခြေလှမ်း များဖြင့် အသာအယာဆင်းလာသည်ကို တွေ့လိုက်သည်။ သူမသည် မနေ့ တွေ့လိုက်ရသည့် အရောင်းမြှင့်တင်ရေး ကောင်မလေးမဟုတ်တော့။ မကြာမီနေ၀င်တော့မည်။ ယနေ့တွေ့ရသော ဆည်းဆာသည်လည်းပဲ မနေ့ကတွေ့ရသော ဆည်းဆာမဟုတ်တော့သည်မှာ အသေအချာပင်ဖြစ်သည်။ မကြာမီ နေ၀င်တော့မည်။  တစ်နေကုန်ပင်ပန်းနွမ်းနယ် နေ သော စိတ်နှင့် ခန္ဓာကိုယ်ကို အနားပေးရန်လိုအပ်သည်။ ခြံစောင့်အလုပ်သမားကြီးသည် တစ်နေကို တကျွီကျွီ မည်နေသော ခြံတံခါးကို သော့ခတ်ပစ်လိုက်သည့်အခါ လက်ထပ်ပြီးခါစ ဇနီးမောင်နှံနှစ်ဦးသည် ကြိုတင်မှာယူထားသော လက်မှတ် နှစ်စောင်ကို ပိုက်ဆံအိတ်အတွင်းမှ ထုတ်လိုက်သည်။ ပွဲချိန်သတိပြုနေရာတွင် အချိန်ရိုက်နှိပ်ထားသည်က ညနေ ၆ နာရီ ၃၀ မိနစ်ဟု ဖြစ်သည်။ ပြသမည့် ဇာတ်ကားအမည်က  Tear Of The Sun ။ မင်းသားကြီး ဘရုဝီလီပါဝင်သော စစ်အက်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်သည်။ ထိုဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခန်းတွင် မိန်းမတစ်ယောက်ပြောသော စကားကို ကျွန်တော်အခုချိန်ထိ မှတ်မိနေဆဲဖြစ်သည်။ ` သူတို့က ကျွန်မတို့ရဲ့ ရင်သားတွေကို လှီးဖြတ်ပစ်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ရဲ့ လူမမယ်ကလေးတွေကို နို့တိုက်လို့ မရနိုင်အောင်လို့ပဲ။ ဒါ သူတို့လုပ်နေကျလေ´။ ရုပ်ရှင်ရုံထဲမှ နို့ဆာနေသော ကလေးငယ်တစ်ယောက်၏ ငိုသံကို တအီအီကြားလိုက်ရသည်. မကြာမီ နေ၀င်တော့မည်။
            ပင်လယ်ထဲသို့ စုန်းစုန်းမြှုပ်သွားတော့မည့် လိမ္မော်သီးတစ်လုံး၏ အရသာကို ကျွန်တော်မသိပါ။ ပုံပြင်ထဲမှ မြေခွေး တစ်ကောင်လို ပြောရမည်ဆိုလျှင်တော့ ထိုလိမ္မော်သီးသည် သာမန်ထက် ပိုချဉ်ကောင်း ချဉ်နေပါလိမ့်မည်။ နေ၀င်တော့ မည်။ လောက၏ နေ၀င်ချိန်သည် လှပကြည်နူးစရာကောင်းသလိုပင် လူ့ဘ၀နေ၀င်ချိန်သည်လည်း သာယာကြည်နူးစရာ ကောင်းဖို့ လိုအပ်ခဲ့မှန်း မသိခဲ့သည်မှာ ကျွန်တော်တို့ မသင်ခဲ့ရသော သင်ခန်းစာ အသစ်တစ်ခုကြောင့် ဖြစ်နိုင်ပါသည်။ မကြာမီ နေ၀င်တော့မည်။ လုပ်ချင်တာတွေ လုပ်ခဲ့ကြပြီး လုပ်သင့်တာအတွက် နောင်တတစ်ခု ချန်ထားခဲ့ရုံမျှဖြင့် လောက ကို ပြီးပြည့်စုံစေနိုင်ခဲ့ကြမည်လား။ လူသတ်ကုန်းသို့ရောက်ရှိလာသော အနန္တသူရိယအမတ်ကြီးသည် မျက်ဖြေလင်္ကာကို နေ၀င်ချိန်ကို ငေးမောရင်း ရေးသားခဲ့ပါသလား။ မကြာမီနေကား အမှန်တကယ်ဝင်တော့မည်ဖြစ်သည်။
            တစ်ချိန်က ရွှေရောင်တွေ တဟုန်းဟုန်းတောက်ပခဲ့သော ကောင်းကင်တစ်ခုသည် အမှောင်ထု၏ ၀ါးမျိုတိုက်စားမှု အောက်တွင် မကြာခံ စတေးခံလိုက်ရတော့မည်။ မည်သူတစ်ဦးတစ်ယောက်မှ ခုခံကာကွယ်နိုင်စွမ်းမရှိကြ။ အရာရာသည် သဘာဝတစ်ရား၏ မျှတသော စီရင်မှုအောက်တွင် မှေးမှိန်ဖျော့တော့ ပျောက်ဆုံးသွားကြတော့မည်။ နေကာ ၀င်တော့မည်။ ဖြန့်ထားသော စိတ်ကူးကို ဖျက်ကနဲ့ ရုတ်သိမ်းလိုက်သည့်အခါ ဆုတ်ခွာစပြုနေသော အလင်းကို ပန်းချီကား တစ်ချပ် ဆန်ဆန်တွေ့ရသည်။ နေ၀င်တော့မည်။ မကြာခင် နေ၀င်တော့မည်မှာ အသေအချာပင်ဖြစ်သည်။

မင်းနဒီခ

No comments:

Post a Comment