Thursday, April 11, 2013

ပြောပြောပြီးပြီး တီးတီးမြည်ြမည်



ပြောပြောပြီးပြီး တီးတီးမြည်ြမည်

လက်ခုပ်သံတွေ မစဲခင်မှာဘဲ မုန်လုံးကို စက္ကူကပ်လိုက်တယ်
ခေါင်းထောင်လာတဲ့ ကံကြမ္မာက အဆီနဲ့တ၀င်းဝင်း သဲနဲ့ တရှပ်ရှပ်
ဘယ်ပစ်ချလိုက်ရမလဲ ဆယ်နှစ် လက်ညှိုးကို ကွေးလိုက်တယ် ဆယ်နှစ်
ဇာတ်လမ်းက ပြီးသွားပြီ ဇာတ်သိမ်းက မဆုံးသေး
ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားရန် ဖြစ်ရပ်မှန်ရုပ်ရှင်
အရင်ရေးပြီးသား ကဗျာခေါင်းစဉ်ကို အခုကဗျာထဲဆွဲသွင်းလိုက်တယ်
ဘ၀ကရွေးချယ်စရာ အသစ်အသစ်တွေနဲ့ အများ
ဟိုလိုလိုဒီလိုလို သူလိုလို ကိုယ်လိုလို ပြီးတော့လည်း ခင်ဗျား
ဖျင်ကြည့်တယ် ဖျက်ကြည့်တယ် ဖြစ်လား ကစားကြည့်
ရှေ့ကိုကန်တင်လိုက်တဲ့ ဘောလုံးဟာ နောက်ကိုပဲ တလိမ့်လိမ့်
မှန်တယ်ထင်ရင် အမှန်ခြစ်ပြီး မှားတယ်ထင်ရင် ကြက်ခြေခတ်လိုက်ပေါ့
ရှိပြီးသားလမ်းပဲ ဘာနဲ့သွားသွားခရီးရောက်တယ်
လာမယ်ကြာမယ်ရှေ့မှာ
ငါမကောင်းရင် ငါ့ကိုရေး ငါ့စကားမှားရင် ဓါးကိုကြည့်
ခလုတ်ထိလည်း အမိမတတော့ဘူး ကံယုံလည်း ဆူးပုံမနင်းတော့ဘူး
ဖြုတ်ချထားတဲ့ အာဃာတမှာ ကိုယ့်အမှန်နဲ့ ကိုယ့်တရားနဲ့
ဆက်ဆက်ရောက်အောင်လာပါမည်
မပြီးခင် ခင်ဗျားလည်း မမြင်ပါစေနဲ့

မင်းနဒီခ
ကလျာမဂ္ဂဇင်း၊ ၂၀၁၂

No comments:

Post a Comment