Monday, April 29, 2013

သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း



သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း

ဝေးဝေးလံလံအရပ်ကနေ ရောက်ရှိလာမယ့် အရာတစ်ခုခုကို ရပ်စောင့်
အဲဒီအရာဟာ တစ်ခုခုနဲ့ ခုပြီး ခိုးလို့ခုလုဖြစ်နေတဲ့အခါ
ခေါင်းတခါခါ လည်တခါခါ တမျှော်တခေါ်စာဝေးဝေး
ငေးတယ် မြူခြေဆိုင်းဆိုင်း မှိုင်းမှိုင်းညှို့ညှို့
ကဗျာဆရာ ကဲနစ်တ်ကို့ခ်ရဲ့လေသံအတိုင်းပြောရရင်
လမ်းတစ်လမ်းက နောက်လမ်းတစ်လမ်းကို ကွယ်ရင် ကွယ်နေလိမ့်မယ်
တောင်တစ်လုံးက နောက်တောင်တစ်လုံးကိုကွယ်ရင် ကွယ်နေလိမ့်မယ်
မြို့တစ်မြို့က နောက်မြို့တစ်မြို့ကို ကွယ်ရင် ကွယ်နေလိမ့်မယ်
သစ်ပင်တစ်ပင်က နောက်သစ်ပင်တစ်ပင်ကို ကွယ်ရင်ကွယ်နေလိမ့်မယ်
ကွယ်နေတဲ့သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း
အရိပ်တစ်ခုက အရိပ်တစ်ခုကို ကွယ်နေတဲ့ အရိပ်များအောက်မှာ
စောင့်နေတဲ့ အရာတစ်ခုဟာ သူ့ဆီကို ရောက်မလာမချင်း
တောင်ကို အထပ်ထပ်ရစ် မြွေလိမ်မြွေကောက်မြှင့်တက်လာသော လမ်းမများ
ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး
တဖြည်းဖြည်းနဲ့ ဆက်တက်သွား လေဖိအားက မြေပြင်ထက်ပိုများနေသလား
အချိန်တိုင်းအနွေးထည်ထူထူတစ်ထည်ကို ကိုယ်နဲ့ မကွာဆောင်ထားရတယ်
ရှမ်းမလေးတွေ အချောတွေ ပေါတယ် ချမ်းအေးလှတဲ့ ဌာနီဝယ်
နောက်တစ်ခါ ထပ်ဆို အသံကို နည်းနည်းမြှင့်လိုက်
အခုပင်လယ်ရေမျက်နှာပြင်အထက်ဘယ်လောက်အမြင့်ကို ရောက်နေပြီလဲ
အဖြစ်အပျက်က ရိုလာကိုစတာစီးရသလို နိမ့်သွားလိုက် မြင့်သွားလိုက်
ကြိုက်တတ်ရင် တောကောင်စစ်စစ်ရမယ် ဆန်အရက်ကောင်းကောင်းရမယ်
ခင်ဗျားက အခု ဘာကိုစောင့်နေတာလဲ ခင်ဗျားကို ဘယ်သူက စောင့်ခိုင်းနေလို့လဲ
ရွေ့လျားနေတဲ့ တိမ်တွေကြားမှာ တောင်တန်းတွေက တိတ်ဆိတ်ငြိမ်သက်လို့
လှုပ်ယမ်းနေတဲ့ သစ်ပင်တွေကြားမှာ စောင့်ဆိုင်းနေတဲ့ အရိပ်တစ်ခုဟာ ငြိမ်သက်တိတ်ဆိတ်လို့
ခက်တယ် တစ်ခုခုဟာ တစ်ခုခုနဲ့ ခုပြီး ခိုးလို့ခုလုဖြစ်နေတတ်တဲ့အခါ
ရပ်စောင့်နေတဲ့ အရာတစ်ခုဟာ ဝေးဝေးလံလံအရပ်ကနေ ရောက်ရှိလာနိုင်ပါဦးမလား
သစ်ပင်များကြားမှ စောင့်ကြည့်ခြင်းအခြေအနေအချိန်အခါအရ
အရိပ်တစ်ခုဟာ နောက်အရိပ်တစ်ခုကို ကွယ်ရင်ကွယ်နေပါလိမ့်မယ်။

မင်းနဒီခ
ရယ်စရာ မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၂

No comments:

Post a Comment