Friday, April 19, 2013

ရွက်ကြွေလမ်း



ရွက်ကြွေလမ်း

နွေက
တယ်လီဖုန်းခေါ်သံ နားစွင့်နေတဲ့ မနက်ခင်းလေးတစ်ခုလို
အဆင်သင့်ဖြစ်နေပြီ
ကောင်းကင်မှာ ခပ်သုတ်သုတ်ဖြတ်ပြေးသွားသော တိမ်တိုက်များ
တမျှော်တခေါ်စာ အလွမ်းများ
အလန့်တကြား
နံရိုးအပြိုင်းအရိုင်းသစ်ပင်ထက်က
တစာစာအော်မြည်နေတဲ့ အမည်မသိငှက်ကလေးများ
(အစာငတ်လေသလား အဖော်ကွဲလေသလား)
မျှော်လင့်မထားပါဘဲနဲ့
ဒီလမ်းလေးထဲ သစ်ရွက်တွေက တဖွဲဖွဲကြွေတယ်
ခြောက်ခြောက်ကပ်ကပ်လေတိုးသံ
သစ်ရွက်ခြောက်တို့ ရွေ့လျားသံက လွဲလို့
ဘာတစ်ခုမှ စိမ်းစိုမလာနိုင်တော့တဲ့ မြင်ကွင်း
သက်ပြင်းကို မျှင်းမျှင်းချ
ဘယ်အခါမှ မကြွေနိုင်တဲ့ သစ်ရွက်လေးကို မော့ကြည့်ရင်း
ငါ
ရွက်ကြွေလမ်းအတိုင်း
ပြန်ခဲ့တယ်။    

မင်းနဒီခ

No comments:

Post a Comment