Thursday, April 11, 2013

လမင်းဟာ ခင်ဗျားလက်ထဲမှာ ကိုနိုင်လင်း (ကဗျာစာအုပ်ခံစားမှု)



လမင်းဟာ ခင်ဗျားလက်ထဲမှာ ကိုနိုင်လင်း

`ကောင်းကင်မှာ ကြယ်တွေစုံပြီဆိုပေမဲ့ ´ လို့ ခေါင်းစဉ်တပ်ထားတဲ့ခင်ဗျားကဗျာစာအုပ်က တစ်ခုခုကို အလိုမပြည့်သလိုပဲ ကိုနိုင်လင်းရေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အတွက်တော့ ခင်ဗျားကဗျာ စာအုပ်လေး တစ်အုပ်ဖြစ်လာတာတစ်ခုတည်းနဲ့ပဲ အလိုပြည့်ခဲ့ပါတယ်။ ကိုနိုင်လင်းရေ ခင်ဗျားစာအုပ် လေးကို ဖတ်ရတာ ခင်ဗျားရဲ့ အတ္ထုပတ္တိလေးကို ဖတ်လိုက်ရသလိုပဲ။ ဒီထက်ပိုပြောရရင် ခင်ဗျားရဲ့ ဝေဒနာတွေ အခက်အခဲတွေ ရုန်းကန်ခဲ့ရတာတွေ တည်ဆောက်စောင့်ထိန်းခဲ့ရတာတွေကို မြင်ယောင် မိတယ်ဆိုရင် ပိုမှန်လေမလား။
 ` အ၀ိဇ္ဇာတွေ   ကောပြီး ပျောက်ကွယ်သွားမလား
 မဇ္ဈိမ ပဋိပဋာ လင်းပြီးတောက်ပ လာနိုင်မလား။´ (ကောလင်း   မှ)
            ဒါဟာ ခင်ဗျားမြို့လေးအပေါ်မှာ ခင်ဗျားထားတဲ့သဘောထားဆိုတာ သေချာပါတယ် ကိုနိုင်လင်း ။ မောင်ချောနွယ် ပြည်ကို ချစ်သလို ခင်ဗျားလည်း ကောလင်းကို ချစ်ရှာမှာပေါ့။ ခင်ဗျားဟာ မြို့ကို ချစ်တယ်။ အမေကိုချစ်တယ်။ ခင်ဗျားအစ်ကိုကို ချစ်တယ်။ စံပယ်ရုံလေးကိုချစ်တယ်။  မြို့ငယ်လေးကို ဖြတ်ဖြတ်သွားတဲ့ ရထားနဲ့ သံလမ်းရိုးတပ်ညနေခင်းလေးကိုချစ်တယ်။ ပြီးတော့ ခင်ဗျား ဘ၀မှာ အရေး အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်လာမဲ့ကဗျာကို ခင်ဗျားချစ်ခဲ့တယ်။ ခင်ဗျားက ကျွန်တော်တို့ထက် မျိုးဆက်တစ်ဆက်လောက် စောခဲ့တယ်။ ခင်ဗျားတို့ကဗျာတွေဟာ ကျွန်တော်တို့ အပေါ် ဖြာကျခဲ့တ လရောင်တွေပါပဲ ကိုနိုင်လင်း။ တကယ်လင်းခဲ့တယ်။ ရနံ့  မပါလည်း မွှေးခဲ့တယ်။ ဒီကဗျာ စာအုပ်လေး ထဲမှာ ခင်ဗျားရဲ့ ခေတ်အမြင်၊ ခင်ဗျားရဲ့ အိမ်လွမ်းစိတ်၊ ခင်ဗျားရဲ့  ကမ္ဘာကြီးအပေါ်မှာ ထားတဲ့ စေတနာ နဲ့ ခင်ဗျားရဲ့ ခေတ်ပြိုင်ခံစားမှု အာရုံနမိတ်ပုံ။ခင်ဗျားရဲ့ ဖြစ်တည်မှု၊ ရှင်သန်ခြင်းနဲ့ လောကဓံ အထုအထောင်းကြားက ထုဆစ်ခဲ့တဲ့ အိပ်မက်။ ကျွန်တော်လည်း မက်ခဲ့ပါတယ် ကိုနိုင်လင်း။
ရေတံခွန်ကို မစီးကျနဲ့လို့ တားလို့မရ
ရှေ့တည့်တည့်မှာ ရောက်နေတဲ့အရာ
မျှော်လင့်ခြင်းမဟုတ်ဘူး
ပန်းတိုင်မဟုတ်ဘူး
အဆိပ်နံ့သင်းနေတဲ့ ကံကြမ္မာ´
(ကောင်းကင်မှာ ကြယ်တွေစုံပြီဆိုပေမယ့်   မှ)
            ခေတ်ပေါ်ကဗျာဟာ ခေတ်ကို ကိုယ်စားပြုတယ်။ ခေတ်ပေါ်အာရုံခံစားမှုနဲ့ ခေတ်ရဲ့ အခြေ အနေ ကို တင်ပြတယ် ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ခေတ်ဟာ ဒီထက်မက ရေးသင့်ခဲ့တာပါ ကိုနိုင်လင်းရေ။ ဒါကို ခင်ဗျားက မြင်တယ်။ ကျွန်တော်တို့လည်းမြင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မပြင်နိုင်ဘူး။ မပြင်နိုင်ခဲ့ကြဘူးဆိုတာ ခင်ဗျားကလှလှပပလေး ရေးလိုက်တယ်။
 `ခက်တာက
ကကြိုးမပြီးခင်
ဘီလူးဆိုင်းဝင်တီးတာပဲ
ဖြစ်ပြီးသမျှ
တစ်က ပြန်စလို့ရတာမှ မဟုတ်တာ´ (ဇာတ်ပျက် မှ)
            ဒါဟာအကောင်းမြင်စိတ်လား။ ဒါမှမဟုတ်လက်လျော့လိုက်တာလား။ ဒါဟာ ခင်ဗျား ဖြတ်သန်း ခဲ့တဲ့ခေတ်ကို လျစ်လျူရှုလိုက်တာလား။ တိတိကျကျဖော်ထုတ်လိုက်တာလား။ `မရိုးသားခြင်း သစ်သီးတွေဟာ ပိုပြီးချိုမြိန်သလား။ ကမ္ဘာကြီး လည်နေတယ်ဆိုတာလောက် တော့ ငါသိထားတယ်။ လူတွေအားလုံးလည်နေကြတာ ငါမသိဘူး" လို့ တောသားတစ်ယောက်ရဲ့ ရိုးအခြင်းနဲ့  ခင်ဗျားဟာ မြို့ပြရောက် ကဗျာဆရာတစ်ယောက် ရဲ့ ၀ဋ်နာကံနာ ကို နောက်ဆုံးလက်ခံလိုက်ရတာပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် အရာအားလုံး လက်နဲ့ ထိရင် ရွှေဖြစ်တယ် ဆိုတဲ့ ရောမခေတ် မီးဒက်ဘုရင်လို ခင်ဗျား အနုပညာဟာ မြို့ကြီးပြကြီးမှာ အနုပညာ အရောင်တလက်လက်တောက်ပခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ နှောင်းပိုင်းမျိုးဆက်အဖြစ် ခင်ဗျားဟာ ကဗျာတာဝန်ကို လက်ဆင့်ကမ်းခဲ့တယ်။ ခင်ဗျားရဲ့ အရေး အသားဟာ ပြေပြစ်တယ်။ ရိုးရှင်းတယ်။ စကားပြေမဆန်ဘူး။ ပဟေဠိမဖွက်ဘူး။ ဆရာမောင်သာနိုး ပြောခဲ့ဖူးတဲ့ စိမ်းစိုလတ်ဆတ်သော လမ်းကလေးကို ခင်ဗျား မှန်မှန်ရွေးချယ် လျှောက်လမ်းခဲ့ နိုင်တယ်လို့ ပြောရမလား။ ဒီနေ့ခေတ် ကဗျာတွေနဲ့ ယှဉ်ဖတ်ရင် ခင်ဗျားရဲ့ ဒီစာအုပ်လေးထဲက ကဗျာလေးတွေဟာ ရိုးစင်းကောင်း ရိုးစင်းမယ်။ ခေတ်ပြိုင်ကဗျာနည်းနာတွေ အားနည်းကောင်း အားနည်းလိမ့်မယ်။ဒါပေမဲ့ သူခေတ်နဲ့သူ သူ့သက္ကရာဇ် နဲ့သူတော့ ကဗျာတိုင်း ကဗျာတိုင်းဟာ သမိုင်းတန်ဖိုးရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ခင်ဗျား ကဗျာတွေဟာ ခင်ဗျား ဖြတ်သန်းခဲ့တဲ့သမိုင်းပဲ ကိုနိုင်လင်း။ ကျွန်တော်တို့ မျိုးဆက်သိပ်မကွာလို့ ရင်ဘတ်ချင်းနီးခဲ့တယ် ပြောရမလား။ အိမ်ငှား ကဗျာမှာ ခေတ်ကိုမြင်တယ်။ စနစ်တွေကို မြင်တယ်။ လူတစ်ယောက်ရဲ့ ပစ္စခတ်အခြေအနေနဲ့ နေထိုင်ရပ်တည်ရှင်သန်ရမှု ။ ကျွန်တော်ပြန်ရေးပြဦးမယ်။
`လယ်ကွင်းတွေရဲ့ လက်ဖျံမှာ
တိုးချဲ့လိုင်းကားသစ်တွေရဲ့ နောက်ကွယ်မှာ
အိမ်တွေ အိမ်တွေ
တစ်အိမ်ထက်တစ်အိမ် ပိုလှပိုခန့်
...................................
...................................
ငါတို့ဘ၀တွေမှာ
အိမ်ဆိုတာ ကိုယ်ပိုင်ဆိုင်သင့်တဲ့အရာ
မဟုတ်ခဲ့တဲ့အတိုင်း။ (အိမ်ငှား  ကဗျာမှ)
            နောက်ကျသူတစ်ယောက်အကြောင်း၊ နေ့စဉ်ရက်ဆက်ဇာတ်လမ်း၊ စိတ်ကျိုးအင်း၊ တောပန်း အဲဒီလို ကဗျာတွေ ဖတ်ပြီး ခင်ဗျားကို ကျွန်တော် မေးခွန်းတွေ မေးချင်လာတယ် ကိုနိုင်လင်း။ ခင်ဗျား မြို့ပြကို စိတ်မနာခဲ့ဘူးလား ကိုနိုင်လင်း။ ကဗျာဆရာတစ်ယောက်ရဲ့ဘ၀ကို လွတ်ချပစ်ချင် လောက် အောင် နောင်တတွေ မရခဲ့ဘူးလား။ ခင်ဗျားဦးထိပ်ထားခဲ့တဲ့ မြေချစ်သူ၊ ဖော်ဝေး၊ မောင်ချောနွယ် တို့လို့ ကဗျာ့တပ်မှူးကြီးတွေ အားလုံးကတော့ ဝေဒနာကို ကဗျာလုပ်ပြီး ကျွန်တော်တို့ ကို နာကျင်စေခဲ့တယ်။ ခင်ဗျားကရော ဘယ်လိုနာကျင်မှုမျိုးနဲ့ ကျွန်တော်တို့ကို ဝေဒနာတွေပေးဦမလဲ ။ ကျွန်တော် ခင်ဗျားကဗျာစာအုပ်ကို ဆက်ဖက်တယ်။ ဒါပေမဲ့ ကျွန်တော်မှားသွားတယ် ကိုနိုင်လင်း ။ ခင်ဗျားဟာ ခင်ဗျားရဲ့ နာကျင်မှုကို ကျွန်တော်တို့ကဗျာဖတ်သူတွေအတွက် ကြည်နူးမှုအဖြစ် ၀တ်မှုန် ကူးပေးလိုက်တယ်။ ပြောရရင် အိမ်ပြေးတစ်ယောက်ရဲ့ အိမ်ထောင်ဦးဟာ ဒီစာအုပ်လေးထဲမှာ ကျွန်တော့်ရင်ကိုတလှပ်လှပ်ကြည်နူးစေခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပေါ့။ ခင်ဗျားလည်းပြန်ဖတ်ကြည့်ပါဦး ။
`သံယောဇဉ် မီးအိမ်လေးနဲ့
တစ်အိမ်လုံးလင်းတယ်
....
ဘ၀က ကြမ်းတမ်းမယ် ချောမွေ့မယ်
အရာရာဟာ မတည်မြဲတဲ့ ရှုခင်း
......
ထည်လဲဝတ်ဆင်ရဦးမယ့် လောကဓံ
အသွားအပြန်ခလုတ်တိုက်ရဦးမယ် ဒုက္ခ
.....
တွဲထားတဲ့ လက်တွေမှာ ခွန်အားအပြည့်
ကိုယ်တို့ဖမ်းမိထားတဲ့ ကြည်နူးခြင်းသာ
တစ်ဘ၀လုံးအတွက် အနုပညာ´ ( အိမ်ထောင်ဦး ကဗျာမှ)
            ကိုနိုင်လင်းရေ ခင်ဗျားအတွက်တော့ ဝေဒနာဟာ အားတစ်ခုဖြစ်ခဲ့ပေါ့။ လောကဓံဟာ ခင်ဗျားကို ရင့်ကျင့်စေတဲ့ အကာအရံတံတိုင်း။ ဒုက္ခတရားက လေ့ကျင့်သင်ကြားပေးလိုက်တဲ့  အနုပညာ။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ်ထက် သူများကိုလည်း မေတ္တာပိုထားခဲ့တယ်ဆိုတာ ကျွန်တော် သိတယ် ကိုနိုင်လင်း။ အမှောင်ည ကဗျာ မှာ ခင်ဗျားဟာ အနာဂတ်ပျောက်ဆုံးနေတဲ့ ကလေးငယ်တို့ရဲ့ ကမ္ဘာ အတွက် ကြယ်ကြွေတွေကို ကြည့်ရင်းဆုတောင်းခဲ့တယ်။ ခရီး ကဗျာမှာ ခင်ဗျားရဲ့ အကောင်းမြင်စိတ်ကို ပိုဖတ်ရတယ်။ မည်းမည်းမြင်တိုက်ခိုက်ချင်တဲ့ စိတ်တွေ လျှော့ရမယ်။ မီးနီဖြတ်မောင်းတာ လျှော့ရမယ်။ လမ်းမပေါ်အမှိုက်ပုံတာ လျှော့ရမယ်။ ကမ္ဘာမြေ အရင်းအမြစ် သုံးစွဲတာ လျှော့ရမယ်။ လျှော့ရမယ့်အရာတွေ အားလုံးလျှော့ရမယ်။ အကောင်းကို ရှာ အကောင်း အတိုင်းရလာဖို့ တဲ့။ ကျွန်တော်တို့ရဲ့ သိန်းစွန်ငှက်ကြီး ဆရာပိုင်စိုးဝေကတော့  မေမေရေ လောကကြီးကို ဆေးကုဖို့ ကျွန်တော် ကဗျာဆရာလုပ်မှ ဖြစ်မယ် အမေတဲ့။ ကိုနိုင်လင်းရေ ကျွန်တော်တို့ ကမ္ဘာကြီးကို တစ်က ပြန်စဖို့ မေတ္တာတရားပဲလိုပါတယ်ဗျာ။ အဲဒီအတွက် ခင်ဗျားရဲ့ အကောင်းမြင်စိတ်နဲ့ မေတ္တာတရားကို ကျွန်တော် ကျေးဇူးတင်လိုက်ပါတယ်။ ပြီးတော့ ခင်ဗျားက အမေချစ်တဲ့သား၊ မြို့ကိုချစ်တဲ့သားလို့ ကျွန်တော်ရေးခဲ့သလိုပဲ ခင်ဗျားရဲ့  အိမ်လွမ်းဖွဲ့ ကဗျာတွေ၊ အမေ့အကြောင်းရေးတဲ့ ကဗျာတွေဟာ ကျွန်တော်တို့ကို ထပ်တူခံစားစေခဲ့တယ် ကိုနိုင်လင်း။ ကျွန်တော်ကိုယ်ချင်းစာပါတယ်။ ခင်ဗျားလွမ်းသလို ခင်ဗျားအဖေအမေကရော အိမ်နဲ့ ဝေးတဲ့ ရင်ရိပ်ဝေးတဲ့ သားတစ်ယောက်အတွက် ဘယ်လောက်တောင် လွမ်းလိုက်ရှာလေမလဲ။ ကျွန်တော် တွေးမိတယ်။ တွေးကြည့်မိပါတယ်။ အိမ်အပြန် ကဗျာမှာ ခင်ဗျားက ဒီလိုရေးထားတယ်။
`မင်းဝံတောင်ရယ်၊ ခေါပင်ချောင်းရယ်၊ ရိုးပြတ်တော တွေရယ်
မွှေးမြစံပယ်ရုံထဲက မေမေရယ်´
နောက်တစ်ပုဒ် ပေးစာ ကဗျာမှာ
` မေမေ့ကို လွမ်းတဲ့ စိတ်လေး မဆုံးမီ
အပ်နဖါးမှာ ကြိုးသီထိုးသီခဲ့
အခုဆို
ခြံထဲက စံပယ်တွေ ဖြူလွဆွတ်ဝေနေရော့ပေါ့ ´  တဲ့။
နောက်ထပ်တစ်ပုဒ်ဖြစ်တဲ့ ကောင်းကင်တော်သို့ အလွမ်း ကဗျာမှာလည်း ဒီအတိုင်းပဲ။
` ခုလောက်ဆို
အိမ်ရှေ့က စံပယ်ရုံတွေ မွှေးမြနေရော့မယ်
မေမေ စံပယ်ပန်းသီနေချိန်
ဖေဖေ အိပ်နေတုန်းပဲလား
မနက်ရထား ဥသြဆွဲပြီလား ´
            မိဘမေတ္တာဟာ အဝေးရောက်မှ ပိုမွှေးနေလေရော့သလား။ ခလုတ်ထိလို့ အမိတ လေရော့သလား။ ကိုနိုင်လင်းရေ အမှားတွေ ရထားတစ်စင်းစာ မကတဲ့ နောင်တတွေထဲ အမေ့ ရင်ခွင်က ဝေးရာမှာ အနုပညာ ကဗျာကို ရှာခဲ့တာရော ပါနေလေမလား။  တကယ်တော့လည်း သံမဏိမိုးကာတွေ ဘယ်လောက်လုံလုံ အမေ့ရင်ခွင်လောက် မနွေးထွေးမလုံခြုံဘူးဆိုတာ ကျွန်တော် တို့ သိခဲ့တာပဲ ကိုနိုင်လင်းရေ။ ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ခင်ဗျားရဲ့ သွေးတစက်စက်နဲ့ ရေးတဲ့ကဗျာကိုလည်း ဖတ်နေရင်းနဲ့ ကျွန်တော် ကြေကွဲရတယ် ကိုနိုင်လင်း။ ညီဖြစ်သူ ကဗျာဆရာ အတွက် အစ်ကိုဖြစ်သူက ဂုဏ်ယူနိုင်ခဲ့ပေမဲ့ ကဗျာဆရာကတော့ အစ်ကို့အတွက် ဂုဏ်ယူဖို့ ခက်ခဲ ခဲ့တယ်။ ဒါပေမဲ့ သံယောဇဉ်နဲ့ ချည်နှောင်ထားတဲ့ သွေးသားတစ်ယောက်အတွက် ဘာပဲဖြစ်ဖြစ် ကဗျာဆရာက သွေးတစက်စက်နဲ့ ကဗျာရေးပြီး ကိုယ့်ကိုယ်ကို ကျေနပ်လိုက်ရတာပဲ ကိုနိုင်လင်းရေ။ ကျွန်တော်တို့ ပတ်ဝန်းကျင် ကျွန်တော်တို့ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ ကဗျာတွေ ရေးနေဦးမှာပဲ ကိုနိုင်လင်း။ ခင်ဗျားကတော့ ကဗျာအဖြစ်ရေးလိုက်တာပါ။ ဖေဖေရေ ကောင်းကင်က ကြယ်တွေလည်း ငယ်ငယ်ကလို သားနဲ့ အဝေးကြီးမှာတဲ့။ ဒါပေမဲ့ အဲဒီကြယ်တွေကိုတော့ ခင်ဗျားရဲ့ မည်သံမရပ်တဲ့ တယောထိုးပြီး ချူကြည့်လိုက်ပါ။ တကယ်တော့ ကြယ်တွေစုံတဲ့ ကောင်းကင်ဟာ ခင်ဗျားလက်တကမ်းမှာပါ ။ ဒီထက်ပိုပြောရရင် ကြယ်တွေစုံတဲ့ ကောင်းကင်ဆိုပေမဲ့ လမင်းဟာ ခင်ဗျားလက်ထဲမှာပါ ကိုနိုင်လင်း။

မင်းနဒီခ
Instyle Magazine, July.2012

No comments:

Post a Comment