Thursday, April 11, 2013

ငြိမ်းချမ်းရေး မိခင်



ငြိမ်းချမ်းရေး မိခင်

မနက်ဖြန်ဟာ ခလုတ်ဖွင့်လိုက်တိုင်း လင်းလာမယ့် မီးပဲ
ငါမဖွင့်လည်းပွင့်ခဲ့တယ် ငါမတွန်းလည်း ရွေ့ခဲ့တယ်
နိုင်လွန်ကတ္တရာလမ်းမပေါ်က မျက်ရည်စက်များ
နိုင်လွန်ကတ္တရာလမ်းမအောက်က သွေးစက်များ
ဦးညွှတ်စွာ ဂုဏ်ပြုအပ်ပါ၏
အသွားထက်ထက်စက်ဟာ
ပြတ်သားတဲ့ ဓါးတစ်လက်ကို မဖြတ်နိုင်ခဲ့
နံရံကို ဖောက်သွားတဲ့ ကျည်တစ်တောင့်ဟာ
နူးညံ့တဲ့ နှလုံးသားတစ်စုံကို မဖောက်နိုင်ခဲ့
လေးဘက်လေးတန် သံတိုင်ကြားက နေ့ရက်များ
ဆင်းရဲငတ်ပြတ် အမှောင်လမ်းက နေ့ရက်များ
ဦးညွှတ်စွာ ဂုဏ်ပြုအပ်ပါ၏
အများဒုက္ခဟာ သူ့ဒုက္ခဖြစ်တယ်
အများဆင်းရဲဟာ သူ့ဆင်းရဲ ဖြစ်တယ်
တစ်နေ့လျှောက်ရမယ် ဆိုတဲ့လမ်းမှာ
သူဟာ ကိုယ့်ကိုယ်ကို မြေသားလို ခင်းလို့
တစ်နေ့တွေ့ရမယ်ဆိုတဲ့ အလင်းရောင်မှာ
သူဟာ ကိုယ့်ကိုယ်ကိုယ် မီးလို လောင်ကျွမ်းလို့
ကျွန်တော် ဦးညွှတ်စွာ ဂုဏ်ပြုအပ်ပါ၏
သူဟာ နေမင်းရဲ့ သမီးတော်
သူဟာ အေးမြတဲ့ လရောင်အလင်း
သူဟာ အမှောင်ကမ္ဘာရဲ့ မနက်ခင်းတွေကို
ငြိမ်းချမ်းရေးသီချင်းနဲ့ နိုးထစေခဲ့သူ
ပြည်သူတွေရဲ့ အမေ
အမေရယ်
အောက်ကျို့ စွာ ရိုကျိုးစွာ
ကျွန်တော် ဦးညွှတ်စွာ ဂုဏ်ပြုအပ်ပါ၏

မင်းနဒီခ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ဇူလိုင် ၊ ၂၀၁၂

No comments:

Post a Comment