Monday, April 22, 2013

တောင်တွင်းသို့ ဆိုက်ရောက်ခြင်း



တောင်တွင်းသို့ ဆိုက်ရောက်ခြင်း

စာအုပ်အမည်                  တောင်တွင်းကဗျာ
ရေးသူ                                 တောင်တွင်းကဗျာဆရာအများစုအပါအ၀င်
ခေတ်ပေါ်/ခေတ်ပြိုင် ကဗျာဆရာများ
ထုတ်ဝေသည့် ကာလ         ၂၀၁၃၊ ဧပြီ
ထုတ်ဝေသည့် တိုက်           ပေပင်စာအုပ်တိုက်

        တောင်တွင်းဟု ဆိုလိုက်သည်နှင့် ပေလေးပင် ရှင်လေးပါးကို လူတိုင်း သတိရမိမည်ထင်သည်။ မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်တွင် တောင်တွင်းကြီးမြို့၌ တဘောင်တခု ပေါ်ခဲ့သည်။  ထိုတဘောင်က "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်းကူးလတံ့၊ မြူးလည်းမြူးလတံ့ "လို့ ဖြစ်သည်။ တဘောင်ဆိုသည်မှာ နောင်ဖြစ် လာမည့် အကြောင်းအရာကို ကြိုပြီးနိမိတ်ဖတ်သော စကား။ ထိုတဘောင်စကားအရ "အကိုက်လေးဖော်" ဆို သည်မှာ ပေပင်အစို့အကိုက်လေးစို့လို့ ဆိုလိုသည်။ ပေဆိုသည်မှာ စာပေကို ဆိုလိုခြင်းဖြစ်သည့်အတွက် စာပေ ကျမ်းဂန်တတ်ကျွမ်းသည့်  ရှင်သာမဏေပုဂ္ဂိုလ်ကျော်လေးပါး ပေါ်ထွန်းမည်ဟူ၍  ငှက်ပစ်တောင် ဆရာ တော် အတိတ်နိမိတ် ကောက်ခဲ့သည်ဟု မှတ်သားဖူးပါသည်။ မကြာမီ ထိုနှစ်တွင်ပဲ တောင်တွင်းကြီး မြို့ မြောက်ဘက်၊ မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာ တို့မှာ ပေစို့ကြီး လေးစို့ မြေကြီးထဲက ပေါ်ထွက်လာလို့ မြို့သူ မြို့သားတွေက "ပေလေးပင်၊ ရှင်လေးပါး" ပေါ်တော့မယ်ဆိုပြီး ၀မ်းသာအားရ ဖြစ်ကြသည်။ ထိုနမိတ် အတိုင်း ၈၁၅ခုနှစ်မှာ မြို့လုလင်ရွာမှာ မောင်ဥက္ကာ (ရှင်ဥတ္တမကျော်)၊ နဲ့ မောင်ညို (ရှင်မဟာသီလ၀ံသ)၊ သတိုးထမ်းရွာမှာ ရှင်အုန်းညို၊ မကျည်းယောင်ရွာမှာ ရှင်ခေမာ-ဆိုပြီး ပုဂ္ဂိုလ်လေးပါး ပေါ်ပေါက်လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်လေးပါးကို ပေလေးပင်၊ ရှင်လေးပါး-လို့ ခေါ်ဆိုကြခြင်းဖြစ်သည်။ ထိုသို့ တောင်တွင်းသည် စာပေနှင့်ပတ်သက်လျှင် ရာဇ၀င် နှင့် တခမ်းတနားညွှန်းပြုခံရသော မြို့။ အင်းဝခေတ်ကစ၍ ရဟန်းစာဆို၊ လူစာဆိုများ ထွန်းကားခဲ့ရာ ကဗျာ အစဉ်အလာ ခန့်ထည်ခဲ့သော မြို့။
၁၉၇၀ မိုးဝေကဗျာခေတ်တွင်လည်း မောင်ခင်သာ ( တောင်တွင်း ) ၊ မောင်ကြည်သာ (တောင်တွင်း)၊ တောင်တွင်း မောင်မုန်းမာန်နှင့် တောင်တွင်း မောင်သင်းကျော် သူငယ်ချင်းလေးယောက်နှင့်အတူ ထွန်းဝေမြင်၊့ တောင်တွင်းယဉ်မင်းကြိုင် စသည်ဖြင့် တောင်တွင်းကဗျာဆရာများ အားကောင်းမောင်းသန်ရေးသားခဲ့ကြသည်။ ထိုကဗျာဆရာကြီးများ၏ နောက်မျိုးဆက်တွင်လည်း ဇွဲရင့်နဒီ၊ ၊ နေပန်ဦး၊ ဇာဦးကို၊ ရွှေအိမ်ကို( တောင်တွင်း)၊ အိမ့်ဒီဝဏ်၊ ဆေးခါး စသည်ဖြင့် ကဗျာမျိုးဆက်သစ်များ အဆက်မပြတ်ခဲ့။ ထိုကဗျာမြို့ တောင်တွင်းမှ  ၂၀၁၁ ဒီဇင်ဘာလတွင် တောင်တွင်းကဗျာဟု အမည်တပ်ထားသည့်ကဗျာစာအုပ်တစ်အုပ်ထွက်လာသည်။ တောင် တွင်းသား လူကြီးလူငယ် ကဗျာဆရာ (၁၁) ဦး ၊ တစ်ယောက် (၁၀)ပုဒ်စီဖြင့် ကဗျာအပုဒ်ရေ (၁၁၀) ပါဝင် သော တောင်းတွင်းကဗျာသီးသန့်စုစည်းမှု ထွက်ရှိခဲ့သည်။
ယခု ၂၀၁၃ ဧပြီလ တွင်မူ တောင်တွင်းကဗျာဆရာသီးသန့်မဟုတ်တော့ဘဲ (ဆရာ) ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါင်းနွယ်ဆွေ၊ တင်မိုး၊ ကြည်အောင် တို့၏ အဖွင့်ကဗျာ၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဒေါ်အောင်ဆန်း စုကြည် တို့၏ ဆောင်းပါး၊ တောင်တွင်းကဗျာမျိုးဆက်သုံးဆက်တို့၏ တောင်တွင်းကဗျာ အခင်းအကျင်း၊ ကဗျာဆရာ အင်တာဗျူး၊ အမှတ်တရ မိုးဝေကဗျာ၊ ဆရာ မောင်စွမ်းရည် ကဗျာရှည်၊ လက်ရှိစာမျက်နှာများပေါ်တွင် ခေတ်ပေါ် / ခေတ်ပြိုင်ရေးသားနေသော ကဗျာဆရာများ၏ ယနေ့ ခေတ်ပြိုင်ကဗျာ၊ ဆရာငြိဏ်းဝေ၏ ကွန်ဆက်ကျူရယ် (Conceptual) ကဗျာ၊  ကူးပလက်( Couplet) ကဗျာ စသည်ဖြင့် ကဗျာမဂ္ဂဇင်း တစ်စောင် အနေအထားရှိသည့် တောင်တွင်းကဗျာစုစည်းမှု (၂) ထွက်ရှိလာပါသည်။ ကလောင်အင်အားကောင်းကောင်း၊ ကဗျာအင်အား ကောင်းကောင်းဖြင့် တောင်တွင်းမြို့၏ အထင်ကရစာအုပ် တစ်အုပ်အဖြစ် အသိအမှတ်ပြုမိသည့် စာအုပ် တစ်အုပ်လည်းဖြစ်သည်။ နောက်ထပ်စုစည်းမှုများလည်း ဆက်တိုက် ထွက်ပေါ်လာမည်ဟု မျှော်လင့်မိပါသည်။
တောင်တွင်းကဗျာမျိုးဆက်များ၏ ကဗျာအခင်းအကျင်းကို အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်ကို သတိထားမိသည်။ ပထမပိုင်း တောင်တွင်းကဗျာတွင် မိုးဝေကဗျာခေတ်မှ ယနေ့အထိ ရေးအား ကောင်းကောင်း ဖြင့် ကဗျာကို မျက်ခြေမပြတ်စမ်းသပ်ရေးဖွဲ့နေသည့် ကဗျာဆရာ မောင်ကြည်သာ ( တောင်တွင်း)၊ မောင်ခင်သာ ( တောင်တွင်း) ကနေ အမည်ပြောင်းလိုက်သည့် ဆရာ မောင်ခင်သာမြင့်နှင့် ကဗျာမျိုးဆက်သစ်များ မွေးထုတ် ပေးနေသည့် ဆရာ တောင်တွင်းမောင်မုန်းမာန်တို့ဖြစ်သည်။

နင်းလေ ပြားလေ မပြောနိုင်လေနဲ့
မီးရထားဘီး
တဒီးဒီးညည်းရင်း
ဂျိန်းဂျိန်း ကုတ်ကုတ် ဂျိန်းဂျိန်းကုတ်ကုတ်
ကိုယ့်အရိုးကိုယ် ငေါငေါထုတ်ရင်း
သူ့ခရီးသူ မသိခဲ့လေဘူး။
(မောင်ခင်သာမြင့် - တစ်ပိုင်းတစ်စဖလင်ကို ပြန်ကြည့်ခြင်း ကဗျာမှ)

အို .. . . .သံသရာ
ငါဝမ်းသာရ ငါဝမ်းနည်းရ ငါငိုကြွေးရ
စာမျက်နှာတွေ အစီအစဉ်တကျ ရှိပါမလား
ငါ့စာအုပ်ကို ငါစုတ်ဖြဲပစ်လိုက်ပြီ
ပြန်စပေတော့( အစလို့သာ ထင်ရ)
အဆုံးမရှိ အစမရှိ အဆုံးအစမရှိ။
( မောင်ကြည်သာ( တောင်တွင်း)- သဲစာအုပ် ကဗျာမှ)

ထွားထွားကျိုင်းကျိုင်းတိမ်မည်းတွေဟာ
မြို့လေးပေါ်မှာ ၀ပ်ကျင်းဖွဲ့လို့
အပေါစားစကားလုံးတွေနဲ့ ဖွဲ့ထားတဲ့ စာမျက်နှာတွေလည်း
လေလှုပ်တိုင်း တဖျတ်ဖျတ်လွင့်လို့
ရောင်းပန်းဝယ်ပန်းမလှတဲ့ ကိုက်တံတွေလည်း
သဒ္ဒါကျိုးပဲ့ တယ်လီဖုန်းနဲ့
စကားနည်းရန်စဲ မိတ်ဆွေဖွဲ့လို့။
( တောင်တွင်းမောင်မုန်းမာန်- လူငယ်လေးတစ်ယောက်ရဲ့ ကမ္ဘာ)

ဒုတိယပိုင်းတောင်တွင်းကဗျာတွင် ဇွဲရင့်နဒီ၊ နေပန်ဦး၊ ဇာဦးကို၊ ဆေးခါး၊ အိမ့်ဒီဝဏ်၊ ရွှေအိမ်ကို (တောင်တွင်း)၊ သွန်းနှင်းအိမ်၊ ရွှေတွင်းသူ၊ ဝေမာထွန်း( တောင်တွင်း)တို့ ပါဝင်သည်။

ဆုတောင်းကောင်းပါ့မလား ဖေဖေ
မြက်ခင်းစိမ်းစိမ်းတွေ တကယ်ရှိတယ်ပေါ့
ပန်းခြံထဲမှာ ကစားရင် ပျော်စရာကြီးဆို
စစ်ကြီးမဖြစ်အောင် ဘယ်လို စာလုံးပေါင်းရမလဲ
ဘာလို့များ မြေကြီးထဲ ပေါက်ကွဲတဲ့ အသီးတွေ စိုက်တာလဲ
မေမေနဲ့ ညီမလေးကို ရှာတွေ့ပြီလား
(နေပန်ဦး- ကန္တာရ သဲတစ်ပွင့် ကဗျာမှ)

ဂိုဒေါ့ကို မျှော်မနေနဲ့၊ ဂိုဒေါ့ကို စောင်မျှော်ခြင်းလို ဂိုဒေါ့ကို မျှော်မနေနဲ့၊ ဂိုဒေါ့ကို မျှော်နေလို့ ဘာထူးမှာလဲ၊ ဂိုဒေါ့ ရောက်လာဖို့ မသေချာဘူး၊ ဂိုဒေါ့က ကိုယ်လုပ်ရမယ့် အလုပ်ပဲ ကိုယ်စိတ်ဝင်စားတယ်၊  စောင့်မျှော်သူကို စိတ်မ၀င်စားဘူး၊ ဂိုဒေါ့က အချိန်ကို လေးစားတယ်၊ လူကိုလည်း လူလို တန်ဖိုးထားတယ်၊ ဒါပေမယ့် ဂိုဒေါ့ ရောက်လာဖို့ မသေချာဘူး၊
( ဆေးခါး- ဂိုဒေါ့ကို မျှော်မနေနဲ့ ကဗျာမှ)

သံသယဟာ ခုတလေ လူကြိုက်အများဆုံးရောင်းကုန်
သံသယဟာ လူပြောအများဆုံးသတင်းစကား
သံသယဟာ စာမျက်နှာပြည့် ဖော်ပြခံရတယ်
သံသယကို Live လွှင့်သွားတယ်
သံသယကို Upload တင်ကြတယ်
သံသယကို Download ဆွဲကြတယ်
သံသယကို Like ကြတယ်
သံသယကို Share ကြတယ်
ဒီလိုနဲ့ ရှင်တို့ သံသယရှိဖို့ ဒီကဗျာကို ရေးလိုက်ပါတယ်
(သွန်းနှင်းအိမ်- သံသယ ကဗျာမှ)

တတိယပိုင်းတောင်တွင်းကဗျာတွင် လူငယ်မျိုးဆက်သစ်များဖြစ်ပုံရသည့် သဓာ၊ ခိုင်ထက်မော်၊ လူရှား၊ ညီခိုင်ဘုဏ်း( တောင်တွင်း) ၊ တာတီး၊ တောင်တွင်းအောင်သက်ဦး၊ အောင်မိုးဇော်( တောင်တွင်း) စသည်ဖြင့် တောင်တွင်းကဗျာမျိုးဆက် သုံးဆက်ကို ပုံဖော်ပိုင်းခြားထားသည်ကိုတွေ့ရသည်။ ခေတ်ကာလတွေ ပြောင်းခဲ့ သည်။ နောက်ခံတေးသွားတွေ ပြောင်းခဲ့သည်။ ဆရာမောင်ကြည်သာ(တောင်တွင်း) တို့၏ တောင်တွင်း ပထမမျိုးဆက် မိုးဝေကဗျာခေတ်၊ နေပန်ဦး၊ အိမ့်ဒီဝဏ်၊ ဆေးခါးတို့၏ ဒုတိယမျိုးဆက် ခေတ်ပေါ် ကဗျာခေတ်၊ လက်ရှိလူငယ် ကဗျာဆရာများ၏ လက်ရှိကဗျာခေတ် အရေး အသား။ ခုနှစ်သက္ကရာဇ်တွေချည်းသာ ပြောင်းလဲ ခဲ့သည်မဟုတ်။ ခေတ်၏ ရိုက်ခတ်မှု ၊ ထိချက်၊ ခေတ်အပေါ် ကဗျာဆရာ ၏ တုံ့ပြန်မှုတို့ပါ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
            တောင်တွင်းကဗျာစုစည်းမှု(၂)တွင် ခေတ်ပြိုင်ကဗျာကိုလည်း အပိုင်းသုံးပိုင်းခွဲထည့်ထားသည် ကို တွေ့ရသည်။ ယခုနှစ်ကာလများတွင် ခေတ်ပြိုင် ဆိုသည့်စကားလုံးသည် အချိန်ကာလနယ်နမိတ် ကန့်သတ်ချက်ထက် ပိုမိုကျယ်ဝန်းသည့် သဘောကို ဆောင်ကြောင်း၊ ခေတ်ပြိုင် ( Contemporary Poetry) သည်ပင်လျှင် ကဗျာဗေဒ တစ်ခုဖြစ်ကြောင်း ဆရာဇေယျာလင်း၏ ခေတ်ပြိုင်ကဗျာ၏ တက်ခ်စ်ချာ ဆောင်းပါး တွင် အသေအချာရှင်းလင်းပြောပြထားသည်ကို တွေ့ရှိရသော်လည်း ထိုအယူအဆကို လက်ခံ/မခံ အငြင်းပွား ပြန်လှန်ရေးသားမှုမျိုးတော့ တွေ့ရခြင်းမရှိသေးပေ။ ယခုတောင်တွင်းကဗျာစုစည်းမှုတွင် ဖော်ပြထားသည့် ခေတ်ပြိုင်ကဗျာသည် အချိန်ကာလနယ်နမိတ်သတ်မှတ်ချက်ထက်ပိုသည့် Contemporary Poetry ကဗျာများ ပါဝင်သလို လက်ရှိခေတ်ပြိုင်အခြေအနေကို ထင်ဟပ်သည့် ကဗျာများလည်း ပါဝင်သည်ကို တွေ့ရသည်။ ခေတ်ပေါ်ဖြစ်စေ ခေတ်ပြိုင်ဖြစ်စေ ကဗျာတစ်ပုဒ်၏ အလှသည် ကဗျာဆရာ၏ စိတ်ကူးညဏ်၊အတတ်ပညာနှင့် တင်ဆက်မှု ပေါ်တွင် အခြေခံပြီး လှပအသက်ဝင်နိုင်လွန်းခဲ့ပါသည်။

ဒီကြယ်မှ မရရင် မပြန်ဘူးဆိုတဲ့ အဲဒီပခုံးပေါ်က လိပ်ပြာတွေ
သစ္စာရေသောက်ဖို့ လက်ငါးချောင်းလုံးရဲ့ ထိပ်ကို ဖောက်ချလိုက်တယ်
ကင်းဗတ်ပေါ် ဆွဲချလိုက်တော့ မြစ်တွေလား ဂစ်တာကြိုးတွေလား
အဲဒီပင်လယ်ရဲ့ အဖျားမှာ ကမ်းခြေစောင့် ဂျင်းဘောင်းဘီတွေနဲ့ ပြည့်လို့။
(ခရမ်းပြာထက်လူ- ဂျင်းဘောင်းဘီများ ကဗျာမှ)

ခုတော့ ကဒါဖီလည်း မရှိတော့ပါဘူး
ကျွန်မတို့လည်း ပြောချင်တာပြောလို့ ရပါပြီ
ကျွန်မတို့ ကလေးတွေလည်း ပျော်ပျော်ရွှင်ရွင်
မမြင်ရသေးပေမယ့် ရင်အေးစရာ
အနာဂတ်လည်း ပျော်ပျော်ရွှင်ရွှင်
ဒါ၊ ကျွန်မတို့ စိုက်ခဲ့သမျှ
ကျွန်မတို့ ရိတ်သိမ်းလိုက်ရတာပေါ့ရှင်။
(လူအိမ်- နွေဦးအလွန် ကဗျာမှ)

            တောင်တွင်းကဗျာစုစည်းမှု(၂)အတွက် စီစဉ်သူများဖြစ်သည့် ဆရာ ထွန်းဝေမြင့်၊ နေပန်ဦး၊ အိမ့်ဒီဝဏ် တို့ကို အထူးကျေးဇူးတင်မိပါသည်။ ယခုတောင်တွင်းကဗျာစာအုပ်သည် တောင်တွင်းမြို့အတွက်သာမဟုတ် ယနေ့ခေတ်မြန်မာကဗျာလောကအတွက်ပါတခုတ်တရသိမ်းဆည်းမှတ်တမ်းတင်ထားရမည့် စာအုပ်များ အနက် မှ တစ်အုပ်ဖြစ်သည်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ဆောင်းပါး၊ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပထမဆုံးရေးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး၊ ခေတ်စမ်းတစ်ခေတ် ကဗျာတပ်မှူး ကြီးများဖြစ်ကြသည့် (ဆရာ) တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့၏ ကဗျာများ၊ ယနေ့ခေတ်ကဗျာလောကရဲ့ အားကောင်းမောင်းသန် ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာဆရာများပါဝင်သည့် ခေတ်ပြိုင်ကဗျာများ စုစည်းထားသည့် တောင်တွင်းကဗျာစုစည်းမှု (၂)သည် ကဗျာစိတ်ဝင်စားသူတိုင်း ကဗျာချစ်သူတိုင်းအတွက် လိုအပ်သည့် ကွက်လပ်တစ်ခုဖြစ်သည်။ ထို့ပြင် တောင်တွင်းကဗျာသည် တောင်တွင်း၏ အနှစ်သာရဖြစ်သည်။ တောင်တွင်း၏ မျက်နှာဖုံးဖြစ်သည်။ တောင်တွင်း၏ စီးဆင်းမြစ်ဖြစ်သည်။ တောင်တွင်း၏ သမိုင်းတစ်ခေတ်ဖြစ်သည်။ တောင် တွင်းကဗျာ စာအုပ်ကိုဖတ်ပြီးသည့်အခါ ကျွန်တော် တောင်တွင်းသို့ နောက်တစ်ခေါက် အရောက်လာချင် ပါသေး သည် ဟုသာ။

မင်းနဒီခ
၂၃၊၄၊ ၂၀၁၃














2 comments:

  1. မန္တလေး ကဗျာတပ်မှူးကြီးတွေလို့ ပြောရင် .. ဆရာ တင်မိုး ၊ ကြည်အောင် ။ မောင်စွမ်းရည်တို့အပြင် ကိုလေး(အင်းဝဂုဏ်ရည်)ကိုပါ ချန်မထားသင့်ပါကြောင်း ။

    ReplyDelete
    Replies

    1. တောင်တွင်းကဗျာ စုစည်းမှု စာအုပ်မှာ ဆရာကိုလေးရဲ့ ကဗျာမပါလို့ ထည့်မရေးဖြစ်တာပါ ကျေးဇူးတင်ပါတယ်ဗျ

      Delete