Monday, April 29, 2013

ဘုရားသခင်နဲ့ အတူခရီးသွားခြင်း



ဘုရားသခင်နဲ့ အတူခရီးသွားခြင်း

ကာလနဂါးတစ်ကောင်ရဲ့ နှာမှုတ်သံရှည်ရှည်ကြီးတစ်ခုလိုပဲ
ရထားက သူ့ဥသြကို ပျင်းပျင်းတွဲ့တွဲ့ ဆွဲလိုက်တယ်
ခရီးစတင်ပါပြီ မိတ်ဆွေ
ခင်ဗျားနံဘေးကလူဟာ ခင်ဗျားနဲ့ မတူညီသော ဖိနပ်အမျိုးအစားကို စီးထားနိုင်ပြီး
ခင်ဗျားရှေ့တည့်တည့်က လူဟာလဲ ခင်ဗျားထက် အရပ်ရှည်ချင်ရှည်နေပါလိမ့်မယ်
ခင်ဗျားရဲ့ တဖက်တခြားကလူဟာ မကြာခဏ သမ်းဝေနေနိုင်ပြီး
ခင်ဗျားရဲ့ အခြားတဖက်ကလူဟာလဲ စကားတွေ ဟောင်ဖွာဟောင်ဖွာပြောချင်ပြောနေပါလိမ့်မယ်
ခင်ဗျားအိပ်ကပ်ထဲက ပိုက်ဆံတစ်ချို့ဟာစားသောက်တွဲမှာ ပါတဲ့ ဘီယာတစ်လုံးဖိုးစာ ဖြစ်သွားနိုင်ပြီး
ဘီယာတစ်လုံးစာ ခင်ဗျားအိပ်ကပ်ထဲက ပိုက်ဆံတစ်ချို့ဟာ
ခါးပိုက်နှိုက်တစ်ယောက်အတွက် ဖူလုံတဲ့ညစာတစ်နပ်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ခင်ဗျားထိုင်ခုံအောက်မှာ သွေးဆာနေတဲ့ ကြမ်းပိုးအမြောက်အမြားရှိနေနိုင်ပြီး
ခင်ဗျားခေါင်မိုးပေါ်က ခရီးဆောင်အိတ်တွေထဲမှာလဲ
ဘဏ်ကထုတ်လာတဲ့ ယူရိုဒေါ်လာအမြောက်အမြား ပါချင်ပါလာနိုင်ပါတယ်
ဘာမဆိုဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပေါ့ မိတ်ဆွေ
အသားအရောင်မတူ /ဘာသာစကားမတူ/ယဉ်ကျေးမှုချင်းမတူ/ဦးတည်ချက်ချင်းမတူ
ကျွန်တော်တို့အားလုံး မတူညီတာတွေ တူညီစွာ ၀တ်ဆင်ထားပြီး
မကွဲမပြားနဲ့ တကွဲတပြားခရီးသွားတွေပဲပေါ့
ဘယ်တုန်းကမှ မထူးဆန်းခဲ့သလို
ဘယ်တော့မှလဲ မထူးဆန်းတော့မယ့် ကိစ္စ
ရထားကတော့ တစ်ဘူတာပြီး တစ်ဘူတာဖြတ်နေဆဲ
တစ်ချို့က ဘူတာတွေမဆုံးခင် ခရီးတွေဆုံးသွားကြပြီး
တစ်ချို့ကတော့ ဘူတာတွေဆုံးတာတောင် ခရီးတွေမဆုံးကြ
တစ်ချို့က ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းပြီး
တစ်ချို့က ကိုယ်မနိုင်တဲ့ဝန် သူများထမ်းခိုင်းကြတယ်
ခက်ပြီ ဒီအတိုင်းပဲ လိုက်ပါလာခဲ့ကြ
ကိုယ့်ဖိနပ်ကိုယ်စီး ကိုယ့်ခရီးကိုယ်ဆက်
ကံကြမ္မာက ခင်ဗျားတို့ ကျွန်တော်တို့အားလုံးအတွက်
လက်မှတ်တစ်စောင်စီ ဖြတ်ထားပေးပြီးသား
ကဲ ပြော ကောင်းကင်ဘုံလား ငရဲလမ်းလား
ဘုရားသခင်ကတော့ စကားတစ်ခွန်းကိုပဲ ခွင့်ပြုတယ်။
                                                           
မင်းနဒီခ
Family မဂ္ဂဇင်း၊ မေ၊၂၀၀၇

No comments:

Post a Comment