Monday, May 6, 2013

အမှောင်တွေဆီ အန်ထုတ်ပေးမလို့ လရောင်ကို အတည်ပေါက်နဲ့ မျိုချထားတယ်



အမှောင်တွေဆီ အန်ထုတ်ပေးမလို့ လရောင်ကို အတည်ပေါက်နဲ့ မျိုချထားတယ်

ပွင့်လင်းလူ့အဖွဲ့အစည်းဟာ တစ်ယောက်ကို တစ်ယောက်မမြင်အောင် အမှောင်နဲ့ကာလို့
လက်ကျန်အချိန်ပိုမှာတောင် အနိုင်ဂိုးကို ထပ်ထပ်လိုချင်နေဆဲ Injury +++++++++++
ဘယ်သူဂိုးသွင်းသွင်း ထထအော်တတ်တာတောင် အကျင့်ဖြစ်နေပြီဆိုတော့
ဒဏ်ရာရ လဲကျ ဟန်ဆောင် ရယ်မော ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ဗွီဒီယို
CCTV ကနေ မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ် အဖြစ်အပျက်တို့ရေ ဖြစ်ပျက်
ဘယ်သူဘယ်ဝါဟာ ပုဆိုးခြုံထဲကနေ လက်သီးလက်မောင်းကိုဆန့်ထုတ်
ပြဿနာဟာ ဆင်ခြင်တုံတရား အသိညဏ်ငတ်မွတ်ကနေ အခြေခံပညာရေးအထိ
စဉ်ဆက်မပြတ်မွေးထုတ်နေခြင်းဟာ လောင်တဲ့မီးကို ပြဿဒ်က စမွှေးခဲ့တာ
အို ပုံပြောကောင်းသူကြီးငဲ့ အို အကယ်ဒမီများရှင်ကြီးရဲ့ ဖွဲ့နွဲ့တတ်လိုက်ပုံ
ဖော်ထုတ်ပါ ဖွင့်လှစ်ပါ ဆင်ဆာဟာ သူ့ကိုယ်သူ အဖြတ်ခံလိုက်ရတဲ့အခါ
ခြံဝမှာ ချိတ်ဆွဲထားတဲ့ စွန့်ပစ်ခံထမင်းတစ်ထုပ်လို တန်းစီနေကြ ညစာလေးဟာ
ပေးတာယူ ကျွေးတာစား အကြောက်တရားကိုပဲ တစ်ခါပြန်ပြန်လိုချင်မိတဲ့အခါ
စည်းကျော်တဲ့ လူရှိရှိ မရှိရှိ မျက်စိမှိတ်ပြီး ရမ်းပစ်တဲ့ ကစားနည်းဟာ ကလေးဘဝ
နေ့နေ့ညည နောက်ပြန်လှည့်ပါ ရှေ့ဆက်ရန် စဉ်းစားပါ အလယ်ကလူ စကားဝဲ၀ဲ
အော်သံဟာ နားထဲ စူးစူးဝါးဝါး ချိုချိုသာသာ မျက်နှာကြည်သာရွှင်ပြစွာ
ရှေ့နောက်အစီအစဉ်ကျနမှုမရှိခြင်းနဲ့ပဲ နေသားတကျဖြစ်နေတဲ့ ဘ၀ဟာ
ရေများရာ မိုးလိုက်ရွာပေးရင်း အရောင်ဖျော့သွားတဲ့ တိမ်တိုက်တွေလို
ဖြူဖတ်ဖြူလျော် ဆေးသားနဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ ညလယ်စာ
အ၀န်းအ၀ိုင်းနောက်ခံကင်းဗက်စကောင်းကောင်း အဲဒီလို ရေလောင်းပေါင်းသင်
ကြီးပြင်းပေါက်ဖွားလာရာမှာ ယင်တလောင်းလောင်း ညှီတစို့စို့ လေကောင်းလေသန့်
ဖြစ်သလိုပဲ ဘူဖေး ဖြစ်လိုပဲ ဟိုတယ် ဖြစ်သလိုပဲ ဇိမ်ခံကား ဖြစ်သလိုပဲ ခြံနဲ့ ၀င်းနဲ့ဆိုသလို
တကယ်ပါ သားရယ် အမေ့အတွက် သားသတ်လွတ်ဆန်ပြုတ်လေးဆို တော်ပါပြီ ဇာတ်ကား
ဇာတ်သိမ်းဘယ်လို သိမ်းသိမ်း ဒီအခန်းဖြတ်ဆို အခုထိမဖြတ်သေးဘူးလား ကိုယ့်ဆရာ
လူကူးမျဉ်းကြားကပဲ ကူးခဲ့တာပါ ဒီမိုကရေလို့ ရေးထားတယ် စီပျောက်နေတယ် (ရယ်စရာ)
ညနေ ညနေစည်တယ်လေ စည်တယ်လေ နဲ့ ရတဲ့လစာကို လက်ညှိုးထည့် အော့အန်
မူးလို့ ရှူလည်း အမူးကမပြေချင်တော့ ရောက်တဲ့ နေရာကပဲ ရပ်ထားလိုက်ပါတယ်
အို သမ္မတကြီး အိုဘယ့် သမတကြီး အိုဘယ့်ဘယ် Mr. President
အခေါ်အဝေါ်အဓိကလား သာမညလား စာလုံးပေါင်းမှားနေလား ပြည်သူ့အသံကို နားထောင်ပါ
အသုံးလုံးသင်တန်းကို ကျွန်တော်မကြေညက်ခဲ့တာ ခင်ဗျားအပြစ်ပဲလို့ဆိုရင်
ညောင်ဦးကမ်းပါးပြိုတာ စမ္ပာနဂိုရ်က နွားမနဲ့ မဆိုင်ဘူးလို့ပြောဦးမလား
နိုင်ငံတကာက ကိုယ့်ဂြိုဟ်တုနဲ့ ကိုယ့်ဒုံးကျည်နဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ လွတ်တင်လို့ ခြိမ်းခြောက်လို့
ငါတို့က ဟီးဟီးဟဲဟဲနဲ့ မျောက်လိုအပြခံရ ဆန်လည်းတောင်းမရတဲ့အပြင် ဆန်ရောင်းစားတာကြုံရ
လူလည်ဟာသလုပ်တာပါ မအဘူးများ မှတ်နေလား အတယ် ဆိုတဲ့ ပြတ်လုံးကို ပြန်ပြန်ပျက်ရင်း
အမှောင်တွေဆီ အန်ထုတ်ပေးမလို့ လရောင်ကို အတည်ပေါက်နဲ့ မျိုချထားတယ်

မင်းနဒီခ
၆၊မေလ၊ ၂၀၁၃

No comments:

Post a Comment