Tuesday, May 14, 2013

ဒီတစ်ခါ ငါ့အလှည့်ရောက်ရင် မုန်တိုင်းကို နင့်နာမည်ပေးလိုက်မယ် ဟန်နီ

ဒီတစ်ခါ ငါ့အလှည့်ရောက်ရင် မုန်တိုင်းကို နင့်နာမည်ပေးလိုက်မယ် ဟန်နီ

ပုံလာလာပြောတိုင်း ခေါင်းညိတ်ပေးရအောင်
ငါက နင်ဆောင်ထားတဲ့ ပုတ်သင်ညိုမှ မဟုတ်တာဘဲ ဟန်နီ
နင်ဆိုးထားတဲ့ နှုတ်ခမ်းနီဟာ ဒီနေ့အတွက် ဘယ်နှကြိမ်မြောက်လဲ
အပေါစားရေမွှေးနံ့နဲ့ လွှမ်းခြုံထားတဲ့ အိပ်ယာခင်းတွေပေါ်မှာ
ငါ့ကဗျာတွေကို မဖတ်ချင်ပါနဲ့လို့ ပြောတော့
ဟန်နီက တခစ်ခစ်အသံထွက်အောင်ရယ်တယ်
ငါ့နောက်ကျောက ဒဏ်ရာတွေဟာ နင့်လက်သည်းတွေရဲ့ ကုတ်ခြစ်ရာလား
ငါ့ခေါင်းထဲ ထိုးဖွဆော့့ကစားနေတာ နင့်လက်ချောင်းတွေလား
အဲဒီညက အသံမထွက်ဘဲ မိုးလင်းခဲ့တာ ဘယ်သူ့တိတ်ဆိတ်မှုလဲ
တပတ်ပြီး တစ်ပတ်လည်နေတဲ့ ရောင်စုံစလိုက်မီးတွေကြား ငါတို့က တစ်ပတ်ပြီးတစ်ပတ်
ယာယီအသေးစားသာယာမှုကို သံပတ်ပေးမိကြ ခလုပ်နှိပ်မိကြ
ပွင့်ထွက်သွားတဲ့ ဆင်ခြင်တုံတရားမှာ
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းဟာ တစ်နာရီ မိုင်တစ်ရာနှုန်းနဲ့ တိုက်လို့
နင်ဟာ အဝါရောင့်အဆင့်လား ငါမေးမယ် ဟန်နီ
နင်ဘယ်လို ကြီးပြင်းခဲ့လဲ နင်ဘယ်လိုအားကောင်းခဲ့သလဲ
တစ်ယောက်မေးတိုင်း အဖြေတစ်မျိုးထွက်တဲ့ မိုးလေဝသခန့်မှန်းလို
နင်ဟာ ပထွေးကြောက်လို့ အမေအိုကြီးကို လုပ်ကျွေးဖို့နဲ့
မရှိတဲ့ ညီမလေးကို ကျောင်းထားဖို့ ပိုက်ဆံခက်ခက်ခဲခဲမရှာတတ်လို့နဲ့
နောက်ဆုံး ဟန်နီကို မသနားဘူးလားဟင် ဆိုတာ နင်မေးမယ့် နောက်ဆုံးမေးခွန်း
ငါကလည်း နင်ဘာဖြေဖြေ အောင်မှတ်ပေးချင်နေတဲ့ ကျူရှင်ဆရာလို
ကျွတ်တစုပ်စုပ် လျှာတသပ်သပ် ခက်ပြီ
နင့်မာယာကို ငါဘယ်လိုကာကွယ်ရမလဲ ဟန်နီ
နင် ပါးစပ်ဟတာနဲ့ ကုတင်အောက်ဝင်ပုန်းရမလား
ရောက်တဲ့နေရာက ထိုင်ချလိုက်ရမလား
နင်ပြုံးလိုက်ပြီဆိုတာနဲ့ ဆက်သွယ်ရမယ့် အရေးပေါ်ဖုန်းနံပါတ်တစ်ခုပေးပါ
နင်က ဘယ်ဒေသကို အခြေပြုထားတဲ့ လေဖိအားနည်းရပ်ဝန်းလဲ
ဘယ်ဒေသဆီ ဦးတည်နေတဲ့ မုန်တိုင်းငယ်လဲ
အမူးမပြေခင် ထန်းပင်မော့ကြည့်တတ်အောင် မသင်ကြားပါနဲ့တော့ ဟန်နီ
ငါ့နာရီ ဘယ်မှာလဲ ငါ့အိမ်ပြန်ချိန်ဘယ်မှာလဲ
တဖြည်းဖြည်းနင့်ရယ်သံတွေ ကြမ်းရှလာတဲ့အခါ
ငါတိုးဝင်ခဲ့တဲ့ အမှောင်ဟာ နက်သထက်နက်ခဲ့ပေါ့
ပင်ပင်ပန်းပန်းစိုးစိုးထိတ်ထိတ် စိတ်အလိုလိုက်မိတဲ့ ညကို မုန်းတယ်
ဒီတစ်ခါ ငါ့အလှည့်ရောက်ရင်
မုန်တိုင်းကို နင့်နာမည်ပေးမယ် ဟန်နီ။

မင်းနဒီခ
၁၁ မေလ ၂၀၁၃

No comments:

Post a Comment