Friday, May 10, 2013

အက္ခရာလမ်းသို့ လမ်းလျှောက်ထွက်ခြင်း




အက္ခရာလမ်းသို့ လမ်းလျှောက်ထွက်ခြင်း

စာအုပ်အမည်                      အက္ခရာလမ်း
ရေးသူ                               မောင်ရေချမ်း၊ လင်းလက်တာရာ၊ စစ်နိုင်၊ အဂ္ဂလင်း
                                      ထွန်းလင်းသစ်(ကန့်ဘလူ)၊ လူခါး၊ လင်းဝေအိမ်၊ ဆူးရဲ
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဖေဖော်ဝါရီ
ထုတ်ဝေသည့် တိုက်               ဟီးရိုး စာပေ             
                  
` စကားပြေ၊ ကဗျာ၊ ရသစာတမ်း တည်းဟူးသော ပုံသဏ္ဍာန်သတ်မှတ်ချက်များမှာ ယခုအခါ စရိုက်လက္ခဏာအရ နယ်မြေချဲ့ထွင်ကြရင်း နယ်မြေသစ်များကို တစ်ခုနဲ့ တစ်ခု ထပ်ခြင်း ( Overlapping )  ဖြစ် ကာ ယင်းတို့အကြားရှိ နယ်နမိတ်သတ်မှတ်ချက်မျဉ်းများ ( Demarcation Lines )ေ၀၀ါးကုန် ကြပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ စကားပြေ၊ ကဗျာ၊ ရသစာတမ်း ဟူ၍ အမည်တပ်မနေတော့ဘဲ အရေးအသား (Writing ) ဟုသာ ဖော်ပြခြင်းဖြစ်ပါသည်´
ပန်အနုပညာမဂ္ဂဇင်းမှာ ဆရာနရီမင်းကိုင်တွယ်ခဲ့စဉ်က ရေးသားခဲ့ဖူးတဲ့ စာသားတွေပါ။ ခေတ် စနစ်တစ်ခုအရွေ့မှာ တွန်းတိုက်ထွက်ကျလာတဲ့ စာပေဆိုင်ရာဖွံ့ဖြိုးမှုတွေ တစ်ခုနဲ့တစ်ခုရောထွေးယှက်တင် ဖြစ် လာခြင်း၊ စာပေဆိုင်ရာနယ်နိမိတ်ကန့်သတ်ချက်များကျဉ်းမြောင်းလာခြင်း၊ ခေတ်ပြိုင်အနုပညာအားကောင်း ဖွံ့ဖြိုး  လာခြင်း၊ Hybridization ဆန်ဆန် ကဗျာနည်းနာတက္ကနစ်များကို ရောနှောရေးသားပြုလုပ် လာခြင်း စတဲ့ Art Work တွေ ဖန်တီးပြုလုပ်မှုအားကောင်းလာတာနဲ့အမျှ ကဗျာဆိုင်ရာမှာလည်း သီးခြား ခေါင်းစဉ် ပေးခြင်း ထက် ကဗျာအရေးအသားဆိုတဲ့ ဝေါဟာရ ပိုမိုအသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ နောက်တစ်ခုကတော့ ၂၀၁၀ နောက်ပိုင်း ခေတ်ပေါ်ကဗျာရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်ဖျော့ရော့လာပြီးနောက်ပိုင်း များပြား လှတဲ့ခေတ်ပြိုင် ကဗျာအမျိုးအစားတွေကြားမှာ ကဗျာဆရာတွေဟာ သူတို့ ကဗျာကို ကိုယ်တိုင် တံဆိပ်ကပ်နှိပ်ရ/ ခံရမှာကို စိုးရွံ့လာကြတယ်။ ဒါအပြင် သူတို့ကိုယ်တိုင်ရေးသားပြုလုပ်လိုက်တဲ့ အရေးအသားတွေဟာ ကဗျာ လား။ ဒါမှမဟုတ် ကဗျာကို ကျော်လွန်တဲ့ စကားပြေအစုအဝေးတွေလား။ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သက်ပြီး အခြားဖြစ်နိုင်ခြေရှိသော စာပေဖန်တီးမှုလား စတဲ့ လားပေါင်းများစွာနဲ့ စိုးထိတ်/ ပျော်ရွှင်စွာ အရေးအသား ဆိုတဲ့ ခေါင်းစဉ်အောက်ကို ခိုဝင်လာကြပါတယ်။
၂၀၁၃ ဖေဖော်ဝါရီလမှာ အက္ခရာလမ်း ကဗျာအရေးအသားဆိုတဲ့ ကဗျာစာအုပ်လေး တစ်အုပ် ထွက်လာပါတယ်။ မောင်ရေချမ်း၊ လင်းလက်တာရာ၊ စစ်နိုင်၊ အဂ္ဂလင်း၊ ထွန်းလင်းသစ်( ကန့်ဘလူ)၊ လူခါး၊ လင်းဝေအိမ်၊ ဆူးရဲ စတဲ့ လူငယ်ကဗျာဆရာ ရှစ်ယောက်။ ဒီကဗျာဆရာ ရှစ်ယောက်ကတော့ အွန်လိုင်းရော ပရင့်တ်မှာပါ အားကောင်းမောင်းသန်ရေးဖွဲ့နေတဲ့ လူငယ်ကဗျာဆရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြင် မှာ လူချင်းဆုံဖူးချင်းမရှိပေမယ့် မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ အတူတူဖြတ်သန်း၊ အွန်လိုင်း မှာ တစ်ယောက် ကဗျာတစ်ယောက်ဖတ် ကွန်မန့်ရေး။ ကဗျာအကြောင်းဆွေးနွေး။ ဒီလိုနဲ့ အက္ခရာလမ်းဆိုတဲ့ ကဗျာ စာအုပ်လေး တစ်အုပ် ဖြစ်ပေါ်လာပါတယ်။ လူငယ်ဆိုတော့ လမ်းသစ်မှ ဖောက်ချင်တယ်။ လမ်းဟောင်း ကို မကြိုက်ဘူး။ သူဖြတ်သန်းနေတဲ့ ခေတ်ကို သူရေးချင်တဲ့ အရေးအသားနဲ့ ရေးတယ်။ သူတို့ကဗျာဟာ LP ဆန်ကောင်း ဆန်မယ်၊ LP မဖြစ်ချင်ဘူး။ နီယိုဆန်ကောင်းဆန်မယ်။ နီယိုမဖြစ်ချင်ဘူး။ လွတ်လပ်စွာ ကွဲလွဲစွာ သူတို့ရေးတဲ့ စာသားတွေဟာ ကဗျာအရေးအသားတွေပဲ ဖြစ်ပါတယ် တဲ့။ သေချာတာတစ်ခုကတော့ ခေတ်ပေါ် ကဗျာ ပင်မရေစီးကနေ သိသိသာသာကွဲထွက်လာတဲ့ ခေတ်ပေါ်လွန် ခေတ်ပြိုင်ကဗျာအမျိုးအစားတွေထဲက တစ်ခုခုတော့ ဖြစ်မှာပါ။
ခေတ်ပြိုင်ကဗျာ ( Contemporary Poetry) နဲ့ ပတ်သက်ပြီး ပြောရရင် အခုလက်ရှိအခြေ အနေမှာ အပြိုင်းအရိုင်းဖူးပွင့်နေချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဆရာဇေယျာလင်းရဲ့ ကျေးဇူးနဲ့ Language Poetry ကို မြည်းစမ်းခွင့်ရခဲ့တယ်။ ဆရာဇေယျာလင်းအနေနဲ့ LP နဲ့ အခြား ခေတ်ပြိုင် ကဗျာဗေဒတွေကို ယှဉ်တွဲချပြခဲ့ပေမယ့်  LP နဲ့ ဇေယျာလင်း တသားတည်းဖြစ်လောက်တဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ အဲဒီအချိန်မှာ LP ဟာ ဆယ်စုနှစ်တစ်ခုစာ လှုပ်လှုပ်ခတ်ခတ်နဲ့ အားကောင်းခဲ့တာကို တွေ့ရပြီး ၂၀၀၇ နောက်ပိုင်းမှာ ဆရာ အောင်ရင်ငြိမ်းဦးဆောင်လှုပ်ရှားခဲ့တဲ့ နီယိုမော်ဒန်ဝင်အလာမှာ သိသာစွာ လူစိတ် ၀င်စားမှု အားပျော့သွားတာကို တွေ့ရှိရပြီး ကဗျာဆရာအများစုကလည်း သို့လောသို့လောပေါင်း များစွာနဲ့ ကဗျာရှေ့ရေးကို အကဲခတ်စောင့်ကြည့်တဲ့အခြေအနေကို ရောက်သွားပါတယ်။ နီယိုမော်ဒန်အနေနဲ့ သိသာ ထင်ရှားစွာ အားကောင်းလာတာကတော့ ၂၀၁၀ နောက်ပိုင်းမှာဖြစ်ပြီး အွန်လိုင်းမီဒီယာရဲ့ ဖွံ့ဖြိုးမှုနဲ့အတူ နီယိုမော်ဒန်ကဗျာကို စိတ်ဝင်စားမှုမြင့်တက်လာစေခဲ့ပါတယ်။ နီယိုမော်ဒန် မျိုးဆက်သစ်တွေလည်း ပေါ်ထွက် လာခဲ့ပါတယ်။
အခုလက်ရှိအခြေအနေမှာတော့ ခေတ်ပြိုင်ကဗျာရဲ့ အားကောင်းဖြစ်ထွန်းမှုဟာ ကြောက်စရာ ကောင်းလောက်အောင် ကျယ်ဝန်းနက်ရှိုင်းလာတာကိုတွေ့ရပြီး ကဗျာဗေဒများစွာဟာ သီးခြားစီအပြိုင် ဖြစ် ထွန်းအားကောင်းနေခြင်းလည်း ဖြစ်ပါတယ်။ Post Modren, Expremental, Collage, LP, PLP, Neo Modern, Conceptual , Frart, Digital, Visual , Slam, Cyber , Hybrid , Performance Poetry , Installation Poetry စတဲ့ ကဗျာဗေဒများအပြင် အဆိုပါ ကဗျာဗေဒများနဲ့ ကင်းလွတ်နေတဲ့ Online Media မှာလက်ရှိအားကောင်းနေတဲ့ Online Contemporary Poetry တွေကိုပါ ထည့်သွင်းအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
                        ခေတ်ပြိုင်ကဗျာရေးရာ ဆောင်းပါးများ တခုတ်တရ ရေးသားဖော်ပြနေတဲ့ (ဆရာ) ဇေယျာ လင်း၊ ငြိဏ်းဝေ၊ မင်းခက်ရဲ၊ အောင်ရင်ငြိမ်း စတဲ့ ဆရာများရဲ့ လေ့လာအားထုတ်မှုကနေ ပေါ်ထွက်လာ တဲ့ ခေတ်ပြိုင်မြန်မာ ကဗျာ အချိုးအကွေ့ဟာ တဖြည်းဖြည်းသိသာထင်ရှားလာပြီလည်း ဖြစ်ပါတယ်။ အထက်ပါ ဆရာတွေ ရဲ့ ဆောင်းပါးတွေကနေ ယေဘုယျဆန်ဆန်ကောက်ချက်ဆွဲရရင် ခေတ်ပြိုင်ဟာ ခေတ်ပေါ်ကဗျာနဲ့ လုံးလုံးဆန့်ကျင် သွားတာကိုတွေ့ရပြီး ခေတ်ပေါ်ကဗျာရဲ့ ကာလရှည်တည်ဆောက်ထားတဲ့ တစ်သီးပုဂ္ဂလ`ငါ´ ဗဟိုပြုခံစားရေးသား ချက်ကိုဆန့်ကျင်ခြင်း၊ စာသားအဆောက်အုံပုံသဏ္ဍာန်အားဖြင့် ကွဲလွဲခြင်း၊ ဇာတ်ကြောင်း ဆန်ဆန် Narrative သဘောရေးသားခြင်းကို ဆန့်ကျင်ခြင်း၊ ခေတ်ပေါ်ကဗျာတွေမှာ အများဆုံးတွေ့ခဲ့ရတဲ့ Single Voice ထက် Multi Voice ကို ထည့်သွင်းရေးသားခြင်း၊ ခေတ်ပေါ်ကဗျာရဲ့ Lyric ဆန်ဆန် အရေး အသားများကို ဖယ်ရှားပြီး တိုက်ရိုက်ပြောခြင်း၊ စကားလုံးအဖွဲ့အနွဲ့ အသုံးမပြုခြင်း၊ ကျိုးကြောင်းဆင်ခြင် ယုတ္တိစာသားများထက် Fragmentation အပိုင်းအစများကို ချိတ်တွဲကစားခြင်း၊ ခေတ်ပေါ်ကဗျာရဲ့ အသံယူပုံ၊ ပြေပြစ်စီးဆင်းမှုကို ဆန့်ကျင် ကာ စာသားအစုအဝေးကို တမင်သက်သက် ဖြတ်တောက်ခြင်း၊ Expression နည်းဆန်ဆန် အာရုံ ခံစားမှုနောက် ထပ်ကြပ်မကွာ တောက်လျောက်လိုက်ရေးခြင်း၊( တစ်ချို့ကဗျာတွေမှာ Non Expression ကို အသုံးပြုပြီး ဖျင်ဖျက်အသုံးချခြင်း၊ ရေးသားပြီးစီးသွားသော ကဗျာတစ်ပုဒ်ကို အကြမ်းထည်ဆန်ဆန် ပြန်လည် ဖြန့်ကျဲခွဲထုတ်ခြင်း၊ စံထားရ လောက်သော ဂန္ထ၀င်ကဗျာအချို့မှ စာသားများအား ပြန်လည် ချိတ်တွဲကူးလူး စပ်ယူခြင်း၊ ကဗျာဗေဒ တစ်မျိုးနှင့် တစ်မျိုး Hybrid ပြုလုပ်ရေးသားခြင်း၊ နောက်ဆုံး အနေနဲ့ ကဗျာဟာ ခံစားချက်နဲ့ ဖွဲ့စပ်ခြင်းမျိုးမဟုတ်ဘဲ Creating  ထက် Making ပြုလုပ်ခြင်း၊ Construction တည် ဆောက် ရယူခြင်း စတဲ့အချက်တစ်ချို့ ကိုအခြေခံအဖြစ်တွေ့ရှိရပြီး ၂၀၀၇ LP vs Neo ပဋိပက္ခနောက်ပိုင်း သိသိသာသာ အငြင်းပွား တာမျိုးမတွေ့ရတော့ဘဲ သီးခြားစီ ရှင်သန်ဖွံ့ဖြိုးမှုကိုပဲ တွေ့ရပါတော့တယ်။ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ခေတ်ပြိုင်ကဗျာဟာ ( Contemporary Poetry) ပင်မရေစီးခေတ်ပေါ်ကဗျာအပါအ၀င် ကဗျာ အမျိုးအစားသစ်တွေကို လွှမ်းခြုံခေါ်ဝေါ်တဲ့ ကဗျာပညာရပ်ဆိုင်ရာဝေါဟာရတစ်ခုလို့ ဆရာအောင်ရင်ငြိမ်း က ဖွင့်ဆိုထားပြီး ဆရာ ဇေယျာလင်း၊ ဆရာ ငြိဏ်းဝေတို့ကတော့ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဟာ ကဗျာဗေဒအမျိုးအစားသစ်တစ်မျိုးလို့ ဖွင့်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ပြဿနာတစ်ခု မဟုတ်တော့ ပါဘူး ။ ခေတ်ပြိုင်မြန်မာကဗျာလောက အတွက် ကတော့ မတူကွဲပြားခြင်းက သီးခြားအရာတစ်ခုကို ထွက်ပေါ် စေခြင်းပါပဲ။ ကဲ ကျွန်တော်တို့ အက္ခရာလမ်းထက် တက်လိုက်ကြရအောင်လား။

`ကျွန်တော့်ကဗျာတွေဟာ နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် လမ်းသလားနေတတ်ပါတယ်
သူများရဲ့ ( ခင်ဗျားရဲ့) ဖြစ်တည်မှုထဲကိုလည်း ပိုင်စိုးပိုင်နင်းနဲ့ ၀င်လာတတ်ပါတယ်
ပုပ်သိုးနေတဲ့ နှစ်တွေ ရပ်နေတဲ့ နာရီတွေထဲကို ပျော်ပျော်ပါးပါးဝဲပစ်လိုက်ပါ
ခင်ဗျားကိုယ်တိုင်သိပ်ချစ်စရာကောင်းတဲ့ ကဗျာတစ်ပုဒ်ဖြစ်သွားလိမ့်မယ်
အိပ်မက်ကို ဆင်တစ်ဖက် မြင်းတစ်ဖက်စီးပြီး ခရီးဝေးသွားနေသူတွေရဲ့အောက်မှာ´
(မောင်ရေချမ်း-ကဗျာရေးတယ်/ရေးနေတယ်/ရေးခဲ့တယ် ကဗျာမှ)

`အရင်းကြီးကြီးနဲ့ နေရင်း ရလာတဲ့ဒဏ်ရာတွေက အရိုးငေါငေါ။ ငေါထွက်နေတဲ့ မတော်တဆမှုတစ်ခုကနေ နောက်မတော်မတည့်တစ်ခုဆီ လျှပ်စစ်လို စီးဆင်းနေကြစိတ်ဟာ အပြောင်းပြောင်းအလဲလဲ။ ပြောင်းလဲခြင်း တရားရဲ့ ရထားသံလမ်းဘေးမှာ သွေးသံရဲရဲ ပျက်ကျနေတဲ့ သတ္တ၀ါတစ်ခုကံတစ်ခု  ဒေါသကို အသော ထည့်ပြီးကန်ထည့်လိုက်တဲ့ တစ်ခုခုဟာ တစ်ခုခုကို သွားခုနေတဲ့ အရသာ။ အရသာဟာလည်း မမျှတဘူး။  အရနည်းတာလည်း မတရားဘူး။ အရသာကို လျှာက ရှာရမှာလား။ လျှာကို အရသာက ရှာရမှာလား´
(လင်းလက်တာရာ- သံဝေဂတရားတွေကို ခေါင်းလောင်းထိုးဖို့ ကဗျာမှ)

`အနုပညာကို ကိုင်တွယ်မယ်ဆို စိတ်ကိုအရင်ဆေးပြီးမှ ငါ့ဆီလာ။
ဘာသာစကားကိုကျော်လွန်ပြီး မင်း/ငါလည်း ဘာမှ မတတ်နိုင်ဘူး။
နာကျင်စရာလို့ပဲ ငါတွေးတယ်။ ဟုတ်တယ် ဟုတ်မယ် ခဏခဏပဲ။
တဖြည်းဖြည်းဆုပ်ခွာနေရတဲ့ စစ်မြေပြင်ကို ဘ၀လို့ခေါ်တယ်
ဆိုတော့ . . . ငါပဲ ကြမ်းတမ်း။ ငါပဲ နူးညံ့။ ငါပဲ ဖျတ်ဖျတ်လူးယိမ်းနွဲ့။
အမှန်တရားရဲ့ ပတ်လည်မှာ ရိပ်ခနဲ ရိပ်ခနဲ။´
( စစ်နိုင်- ခေါင်းစဉ်မပါတဲ့ ကဗျာမှ)

`ခက်တာက အသစ်တွေကလည်း ငြီးငွေ့စရာ (ကံကြမ္မာက အလိုမတူဘဲ အတင်းအဓမ္မကြံစည်ခဲ့တာတဲ့)
အဓိပ္ပာယ်တွေကလည်း ငြီးငွေ့စရာ( ချစ်သူ၊ မိတ်ဆွေ၊  ရန်သူ... နောက်ဆုံးမိဖဆိုတဲ့ စကားလုံးအဆုံး အားလုံးပျက်သုဉ်းလာ)
အပြောင်းအလဲတွေကလည်း ငြီးငွေ့စရာ( ဆက်ဆက် ဆက်ပြောင်းပစ်ပါမယ်ဆိုတဲ့ လေသံ အပြောင်းအလဲတွေက အစ ) ငြီးငွေ့စရာတွေ ပြောပြနေရတာကို ငြီးငွေ့စရာပဲ
အဲဒီတော့ ပြောင်းပစ်လိုက်ဗျာ ရီမုတ်က ခင်ဗျားလက်ထဲမှာ (ဓါတ်ခဲရှိ မရှိ/ ခလုတ်ကောင်းမကောင်းမသေချာ)´
(အဂ္ဂလင်း- ရီမုတ်တစ်ဖက် ၊ ဇာတ်ညွှန်းတစ်ဖက် ခေတ်ဆိုတဲ့ ရုံကြီးထဲ . . . ကဗျာမှ)

`မပြောချင်ဘဲ ပြောနေရသော/မပြောချင်ဘဲ ပြောနေကြသော
ပြောချင်ရက်နဲ့ မပြောလိုက်ရသော စကားလုံးများစသည်
မြင်နေကြားနေကျ ရုပ်ဝတ္ထုအသံလှိုင်းများနှင့် မိမိ/အခြားသူ
လုံးဝမထူးဆန်းသည့် ထူးထူးခြားခြားဆိုသော အဖြစ်အပျက်အကြောင်းအရာ
စက္ကန့် မိနစ် နာရီတို့ တရွေ့ရွေ့ခေါ်ဆောင်ရာ နောက်သို့ ´
(ထွန်းလင်းသစ်(ကန့်ဘလူ)- ခင်ဗျားတို့ ကျွန်တော်တို့ကိုယ်တိုင် ကြုံတွေ့နေရသည့် ပြက်လုံးများကဗျာမှ)    

`ဟိုလိုလို ဒီလိုလို အိုစမာဘင်လာဒင်မှသည်
ဟစ်တလာအထိ ပြန်ဆွဲရေးရတော့မှာလိုလို  ကဒါဖီ ကဒါဖီနဲ့ ကဒါဖီအကြောင်း
ဗီလိန်အနေနဲ့ ထည့်ရေးရတော့မှာလိုလို ဟိုလိုလို ဒီလိုလို´
( လူခါး- ဘယ်ဘက်လက်ပေါ် ခေါင်းအုံးအိပ်နေသည့်မိန်းမမှသည် ကဒါဖီ အထိ ကဗျာမှ)

`ဘောလုံးလေးဟာ မျက်နှာတည့်တည့်ဆီ ပြေးဝင်လာတယ် ၊ မရှူနိုင် မကယ်နိုင်
နေ့စွဲတွေ အကြောင်းရေးခြစ်စရာ စာမျက်နှာလွတ်များ
မရှိတော့တဲ့ ဒိုင်ယာရီအဟောင်းလေး
သူ့ကို Blue Jeans တစ်ထည်ဝယ်ပေးရန်
ငါ့ကောင်းကင်ဟာ မပြာသေးဘူး
ကျွန်တော့်ကို အိပ်ယာခင်းလေးတစ်ရွက်လောက် ခူးပေးပါ ´
( လင်းဝေအိမ်- မြို့မှာ အောက်ကမြင့် မပါရင် မြိုသွားမယ် ကဗျာမှ)

ကျွန်မက ပေါ့ပေါ့ပါးပါးပျံတက်ခဲ့တာလေ
ကျွန်မ အခုတော့ ဒဏ်ရာကို လှအောင်ဝတ်တတ်နေပြီ
ကျွန်မ အခု ရှင်တို့ ခေတ်ကြီးထဲ တခစ်ခစ်ရယ်မောတတ်နေပြီ
သြော် ရှင်တို့ကလည်း  ဒီနေရာကို ရောက်မှတော့ ဒီလောက် အ ရသလား
မိဘပေးထားတဲ့ နာမည်က နှင်းဆီ။ လောကဓံကပေးထားတဲ့ နာမည်က ရိုစီ
ခေတ်နဲ့ အညီပါဆိုမှ။
(ဆူးရဲ- ရိုစီဟု ခေါ်သည် ကဗျာမှ)
                   မောင်ရေချမ်းက ယုံကြည်ရာကို ရိုးရိုးရဲရဲရေးရင်း ရန်ကုန်ကဗျာနဲ့ ရွှေအမြုတေ ကဗျာစာပေဆု ရထားတဲ့ ကဗျာဆရာ။ လင်းလက်တာရာက ရေးအားကောင်းကောင်း၊ တွေးအားကောင်းကောင်းနဲ့ ခေတ်ပြိုင် ကဗျာလမ်းကြောင်းပေါ်မှာအရှိန်ရနေသူ (ဆရာအောင်ရင်ငြိမ်းအဆိုအရ မျိုးဆက်သစ်နီယိုမော်ဒန်ကဗျာဆရာ )။ အဂ္ဂလင်းကတော့ ပခုက္ကူကဗျာမျိုးဆက်ရဲ့ ခေတ်ပြိုင်ကဗျာလမ်းကြောင်းပေါ် ခြေချနေသူ။ ထွန်းလင်းသစ် (ကန့်ဘလူ)ကတော့ မန္တလေးခေတ်ပြိုင်ကဗျာဆရာများထဲတွင် ခြေလှမ်းသွက်သွက်၊ အရေးသွက်သွက်နဲ့ မဂ္ဂဇင်းစာမျက်နှာများထက် အချိန်တိုတိုအတွင်းနေရာရနှင့်သူ။ စစ်နိုင်၊ လင်းဝေအိမ်၊ လူခါး၊ ဆူးရဲ တို့ကတော့ ခေတ်ပြိုင်ကဗျာ အငွေ့အသက်တွေ ရနေပေမယ့် ခေတ်ပေါ်ကဗျာအရှိန်မသေသေး။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ် တွေရဲ့ ခေတ်ပြိုင်ကဗျာအခင်းအကျင်းက လှသည်။ သူတို့ခေတ်နှင့် သူတို့ ကဗျာအသစ် ဘယ်လို ဆက်ဖြစ် လာဦးမလဲ ဆိုတာ ကတော့ စောင့်ကြည့်ကြရဦးမှာပါ။
 “တိုင်းပြည်ရဲ့ အနာဂတ် ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်ဆိုးတယ် ဆိုတာ လူငယ် တွေရဲ့ အရည်အချင်းပေါ်မှာပဲ တည်တယ်။ ဒီလူငယ်တွေက လူကြီးဖြစ်သွားရင် ဒီလူငယ်တွေပဲ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ရမှာပဲ။ လုပ်ချင် လုပ်ချင်၊ မလုပ်ချင် လုပ်ချင်၊ ဒီလူငယ်တွေရဲ့ ပခုံးပေါ်မှာ ကျလာမှာပဲ။ အဲတော့ ဒီလူငယ် တွေက အရည်အချင်း မပြည့်စုံရင် တိုင်းပြည်ရဲ့ အနာဂတ်က လှမှာမဟုတ်ဘူး" “ဒီလူငယ်တွေက စိတ်ဓာတ်ကလည်း မှန်တယ်၊ အရည်အချင်းကလည်း ရှိတယ်၊ ဇွဲလည်းကောင်းတယ်၊ သတ္တိလည်း ရှိတယ်၊ လုပ်ရည်ကိုင်ရည်ကလည်း ပြည့်စုံတယ်ဆိုရင် ကျွန်မတို့တိုင်းပြည် အနာဂတ်က လှမှာ ပေါ့။ အဲဒီတော့ လူငယ် တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ ကျွန်မ အဲဒါကို ပြောတာပါ။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်း လား၊ ဆိုးလား ကြည့်ချင်လို့ရှိရင် လူငယ်တွေကိုသာ ကြည့်လိုက်။ အဲဒါ ပေါ်လာမှာပဲ။”( ဒေါ်အောင်ဆန်းစုကြည်)
ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားထဲက တိုင်းပြည်ဆိုတဲ့ စကားလုံးနေရာမှာ ကဗျာ ဆိုတဲ့ စကားလုံးကို အစားထိုးထည့်သွင်းစဉ်းစားကြည့်ရင်း အက္ခရာလမ်းထက် လမ်းလျှောက်ထွက်ခဲ့ပါသည်။ မိတ်ဆွေ လာပါ။ ကျန်းမာရေးအရ ကျွန်တော်တို့အတူတူ လမ်းလျှောက်ထွက်ရအောင်။

မင်းနဒီခ
၇၊ မေလ၊ ၂၀၁၃



No comments:

Post a Comment