Friday, May 10, 2013

အစီအစဉ်ပြီးဆုံးကြောင်းကြေညာခြင်း



အစီအစဉ်ပြီးဆုံးကြောင်းကြေညာခြင်း

ကြေညာချက်မဆုံးခင်မှာဘဲ အခမ်းနားကို စတင်ဖွင့်လှစ်လိုက်တယ်
အားလုံးပျော်ပျော်ပါးပါးရယ်ရယ်မောမော အားပေးအားမြှောက်ရင်းအားလုံး
အလုံးတူ အရပ်တူ အရောင်တူ အဆင်ကွဲဒီဇိုင်းနှင့် လိင်အကွဲအပြား
အတူတကွဆက်လက်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုအစီအစဉ်
တဟုန်ထိုးမြှင့်တက်လာတဲ့ စတော့ရှယ်ယာဈေးကွက်အကျိုးအမြတ်အရ
အချိုးကျအညီအမျှခွဲဝေစားသုံးဆက်လက်မတည်ရင်းနှီးခြင်း
ဖန်ခွက်များတညီတညွတ်ထဲ ပင့်မြှောက်ဆုတောင်းမော့သောက်လိုက်ကြ
အောင်မြင် အောင်မြင်ပါစေ ဆက်လက်အောင်မြင်ပါစေ အဲဒီအတိုင်း
တစ်ယောက်ပျော်ရွှင်မှုမှာ တစ်ယောက်ဝတ်မှုံကူးလူးဆက်ဆံမျိုးပွား
သတိ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်မျှော်နေပါသည်
ထပ်ပြော ထပ်ပြော မကြားရဘူး တီးလုံးက အရမ်းမြန်နေတယ်
စာသားက နှေးနေတယ် ထပ်ပြော ထပ်ပြော မကြားရဘူး
ဒီဂျေက သူ့ဓါတ်ပြားကို မီးထတောက်အောင် ပွတ်တိုက်
ရောင်စုံစလိုက်မီးတွေကြား လာ ကျွန်တော်တို့ အတူတွဲကကြရအောင်
မျက်မှန်ကိုချွတ်လိုက် လက်ထဲက ဖန်ခွက်ကို ခဏချလိုက်
ညီအစ်ကို မသိတသိလင်းတစ်ဝက်မှောင်တစ်ဝက်အနားနား တိုးဖက်ထားစမ်းပါ
ကြားလိုက်သေးလား ဆင်ခြင်တုံအရှက်တရားအပိုင်းအစလွတ်ကျကွဲသံဂုဏ်သိက္ခာ
အစီအစဉ်ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှု
မောနေလား မောနေပြီလား ဘယ်လောက် မောနေသေးလား
ထပ်ထည့်ပေးရမလား ဖြစ်လား ဖြစ်ရဲ့လား ဘယ်အထိဖြစ်နေသေးရဲ့လား
ကင်မရာ မီးတွေတဖျတ်ဖျတ် အဲဒီအကြောင်း မနက်ဖြန် သတင်းဂျာနယ်ထဲမှာ စောင့်ဖတ်
အောင်မြင်မှုရဲ့ အသီးအပွင့်များ ရလဒ်မျာ မြှပ်နှံထားသော ဘ၀များ
ငယ်ဘ၀ရဲ့ အမာရွတ် တူးဆွခံ မြေစိုင်မြေခဲများ ဖုံးအုပ်ထား
ကိုယ့်ဝမ်းကိုယ်ကျောင်း ခြံထဲ မောင်းသွင်းခံရတဲ့ ညနေ ချန်ခဲ့
ချက်ချင်းအတိုးချပြီး အားပါးတရပျော်ပစ်လိုက် ကခုန်လိုက် ပွေ့ဖက်နမ်းရှိုက်လိုက်
သတိ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်မျှော်နေပါသည်
ထပ်ထည့်ပေးရမလား တော်ပြီလား ခင်ဗျားများနေပြီ ထည့်ထည့်
အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ပန်းဝင်ခြင်းပန်းတိုင်
နားလည်မှု ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု ထိုးဖောက်စွန့်စားစွန့်ဦးတီထွင်ခြင်း
ဟုတ်ပြီလား ခင်ဗျားမေးချင်တာ ဒီကဗျာအကြောင်းလား
အခုနောက်ဆုံးအစီအစဉ်အရ အစီအစဉ်ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ် ခင်ဗျား။

မင်းနဒီခ
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၈

No comments:

Post a Comment