Tuesday, May 14, 2013

တံလျှပ်များ



တံလျှပ်များ

မြင်ကွင်းက ပျောက်ပျောက်သွားတယ် မြင်ရင်းတန်းလန်း
ရှေ့ဘယ်နှမီတာ နောက်ဘယ်နှမီတာ အကွာအဝေးအတိုင်းအတာအရ
ရောက်တဲ့နေရာကနေ ဒီကဗျာကို စရေးလိုက်ရင် အဆင်ပြေမလား
စဉ်းစား။ မိုးရွာပြီးစ အခြေအနေတစ်ခုလို ထင်ယောင်ထင်မှားလှည့်စားခြင်း
မိုးကြိုးလျပ်စီးတွေ တဖျပ်ဖျပ် အသိုက်ပြောင်းငှက်တို့ရဲ့ တောင်ပံခတ်သံ တဖျတ်ဖျတ်
တဖျတ်ဖျတ်နဲ့ ဖျတ်ဖျတ်လူးနေတဲ့အရာတွေ ဖျတ်ကနဲ ပျောက်ကွယ်သွားတဲ့အခါ
ဘ၀ဆိုတာလည်း 
ဖျတ်ကနဲ ဖျတ်ကနဲနဲ့ ဖျတ်ဖျတ်လူးပြီး ပျောက်ကွယ်သွားကြတာပဲလို့ ခံစားမိလိုက်ရ
မျက်တောင်တခတ်အတွင်းမှာ ဘာတွေဆုံးရှုံးလိုက်ရဦးမလဲဆိုတဲ့ စိတ္တဇ
ကျန်ရှိနေသောအရာများသာ အစစ်အမှန် ဖြစ်ကြောင်း ယူဆချက်အတွေးအခေါ်
လမ်းခွဲထွက်လာတဲ့ ဆင်ခြင်တုံတရားဟာ
လမ်းလျှောက်လိုက်တိုင်း လည်ချောင်းဝအထိ ပျို့ပျို့တက်လာတယ်
အထင်မှား အမြင်မှာ ဘယ်သူဘာထင်ပြီး အလိုက်မှားကြဦးမလဲ
ရေ က ရေ သမင် က သမင်
မစားရတဲ့ အသီးတိုင်းချဉ်တယ်လို့ ပြောကြည့် ထပ်ပြောကြည့်
ကိုယ်ကလွဲရင် ဘယ်မြေခွေးမှ အမြီးမရှိတော့ဘူးဆိုတာ တွေ့လိမ့်မယ်
ဒါဟာ ခင်ဗျားနားထောင်ရင်း မကြားလိုက်တဲ့ ပုံပြင်တစ်ပုဒ်လား
ဒီအတိုင်းရှေ့ဆက်သွား မြင်နိုင်သော အလင်းတန်းများ
ဒီအတိုင်းရှေ့ဆက်သွား မမြင်နိုင်သော အလင်းတန်းများ
မှတ်သားထားသမျှနဲ့ လွဲချော်သွားတဲ့ မေးခွန်းစာရွက်တစ်ရွက်ထဲမှာ
ငေးငိုင် မှိုင်ကျ ၀မ်းနည်း ခံစား အဖြေအားလုံးဒီအတိုင်းရေးထည့်
နည်းနည်း ရှေ့ဆက်တိုးလိုက်ရင် မြင်ကွင်းက ပျောက်ကွယ်သွားတော့မယ်
ဒီကဗျာကို ဘယ်နေရာမှာ အဆုံးသတ်လိုက်ရင် ကောင်းမလဲ
မြင်မြင်သမျှပုံရိပ်ယောင်ပဲဆိုတဲ့ စကားတစ်ခွန်းအတွက်
အမြင်အာရုံတွေရှင်းလင်းအောင် အမေရိကန်ဗွီးရှင်းမှာ မျက်မှန်တစ်လက်လုပ်ပါ
လမ်းဘေးမျက်လှည့်ပွဲတွေကို ခဏဖြစ်ဖြစ် ၀င်ကြည့်ပါ
ရှေ့က ကတ္တရာလမ်းပေါ်မှာ ဖျတ်ဖျတ်လူးနေတဲ့ တံလျပ်များ
ဟေ့ ကျွန်တော်ပြောနေတဲ့ စကားကို ခင်ဗျား ကြားလား ကြားရဲ့လား။


မင်းနဒီခ

No comments:

Post a Comment