Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, June 15, 2017

ကာတွန်းကား

ကာတွန်းကား
——————
ကာတွန်းဟာ ကားထဲက ထွက်ပြီး
ငါ့သမီး မျက်လုံးထဲ ဝင်သွားတယ်
မိုးပျံပူဖောင်းအနက်တွေဟာ
ဘယ်တော့မှ မိုးပေါ်ပျံတက်ခွင့် မရကြ
လက်တစ်ဖက်ကို မြောက်လိုက်တယ်
အတောင်ပံတစ်ဖက် ပြုတ်ကျလာတယ်
တိမ်တွေကို စုချည်ပြီး
သိုးတစ်ကောင်ရဲ့ ကျောပေါ်ကပ်ပေးလိုက်တယ်
"ပေးစမ်း ဘယ်မှာလဲ တီဗီရီမု ပေးစမ်း"
"ဖေဖေ ပြောင်းပစ်မှာစိုးလို့
တီဗီရီမုကို သမီးဝါးစားပစ်လိုက်တယ် ဖေဖေ"
အိမ်တံခါးတွေဟာ သော့ကြီးဖွင့်လျက်တန်းလန်း
လူဆိုးတွေဟာ ဇာတ်ဝင်ခန်းထဲကနေ ပျောက်သွားတယ်
ဒီတစ်ကားပြီးလည်း
နောက်တစ်ကားဆက်ကြည့်ဦးမှာပဲ
ဂျော်နီစတိုင်းဟာ ခရီးဆောင်အိတ်ကြီး လွယ်ပြီး
ထပ်ခိုးပေါ်ကနေ နောက်တစ်ခါပြုတ်ကျလာတယ်
"ပိတ်စမ်း ပိတ်စမ်း
အဲ့ဒါ သမီး မကြည်သင့်တဲ့ ဇာတ်ဝင်ခန်းတွေ"
ဒရက်ကူလာ ကောင့်ဒရက်က သူ့သမီး မာဗီကို တားမြစ်သလို
ငါလည်း ငါ့သမီးကို တားမြစ်
ကာတွန်းကားတောင်
ရှေ့ကို ကျော်ပြီး ရစ် ရစ်ကြည့်ရတယ်
ကြွက် က အခုထိ ကြောင်ကို နိုင်နေတုန်းပဲဆို
သမီးမေးရင် ငါဘယ်လို ပြောရပ
"သမီး မျက်လုံးကို
ဖွင့်ကြည့်လို့ ရပြီလား ဖေဖေ"။

မင်းနဒီခ
၃၀၊ ၅၊ ၂၀၁၇

Friday, June 9, 2017

Battle Los Angeles ကြည့်ရင်း ခေတ်ကြီးရှေ့ မှောက်ရက်လဲ

Battle Los Angeles ကြည့်ရင်း ခေတ်ကြီးရှေ့ မှောက်ရက်လဲ

အခုဆိုရင် ဆင်ခြေဖုန်းအရပ်ကလူတွေကို အရင်ဆုံးရွေ့ပြောင်းသယ်ဆောင်ပေးနေပြီ
ကြက်ခြေနီလူငယ်တွေဟာ မနားတမ်းမမောတမ်းပြေးလွှားလို့
အော်ဟစ်နေတယ် ပတ်တီးလိပ်တွေ မြန်မြန်ပေး လူနာက သွေးထွက်လွန်နေပြီ
မိသားစုတွေဟာ မိသားစုတွေမဟုတ်တော့ တကွဲစီ တပြားစီ တစ်နေရာစီ
အားလုံးကြားသိထားတဲ့အတိုင်းပဲ သတင်းတွေက တော်တော်ဆိုးတယ်
မျှော်လင့်ထားသလို မျှော်လင့်မထားသလို အဖြစ်အပျက်ကြီးဟာ ဖြစ်လာတာပဲ အနှေးအမြန်
ယာဉ်ကြောတွေဟာ ပိတ်ဆို့လို့ ဟွန်းတီးသံတွေတောင် မကြားရတော့
သူတို့တွေဟာ ကမ်းခြေမှာ စစ်ရေးလေ့ကျင့်နေတုန်းပဲလား
အားလုံး တန်းစီ သတိဆွဲ ဖြောင့်ဖြောင့်ရပ် ကြယ်သီးတပ်ထားလား နားကျပ်တပ်ထားလား
တော်လဲသံကြီးမကြာခင် ကြားရတော့မယ် ထားခဲ့ အဲဒီအဖိုးမတန်တဲ့ စာအုပ်တွေထားခဲ့
ကလေးတစ်ယောက်ဟာ အပျက်အစီးတွေကြားထဲကနေ ပြေးလွှားပြီး
ပြိုကျတော့မယ့် အဆောက်အအုံထဲ ၀င်သွားတယ်
ဘယ်သူမှ လှမ်းတားမြစ်ဖို့ အော်ငေါက်ပစ်ဖို့ သတိမရကြ
ရသလောက်နဲ့ ကိုယ့်ရိက္ခာကိုယ် အမြန်သယ်ရတယ်
ကယ်ဆယ်ရေးစခန်းတွေလည်း မလုံလောက်တော့ဘူး အလှူခံထွက်ကြရတော့မယ်
ဘုရားရေ အဲဒါတကယ်ကြီးလား အတိုက်အခံတွေ တိုက်ခိုက်ခံလိုက်ရတယ်ဆိုတာ
တိတ်တိတ်နေ တိတ်တိတ်နေ ဂြိုဟ်သားတွေဟုတ်လား မဖြစ်နိုင်ပါဘူး
ရန်သူ့ဘက်ဆီမှာ လက်နက်ကြီးရှိတယ် သူ့တို့ ကိုယ့်အိမ် ကိုယ်တော့ ပြန်မီးရှို့မှာ မဟုတ်ဘူး
ဖိုက် ဖိုး သရီး တူး ၀မ်း ကဒ် အက်ရှင်
အသက်ရှင်နေတဲ့လူတွေ ရှိသေးလား မသေသေးရင် မြန်မြန်ပြန်ဖြေကြ
ဟိုမှာ အသက်ကယ်လေယာဉ်တွေ ဆီဖြည့်နေတုန်း မြန်မြန်ပြန်ဖြေကြ
ဝီဇီမရှိရင် လက်ခေါက်မှုတ်တတ်အောင် သင်ထား
မီးကျည်မရှိရင် ကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီး အချက်ပြကြ
မျက်စိရှင်ရှင်ထား အခုအချိန်ကတော့ အဖြေမရှိတဲ့ မေးခွန်းတွေချည်းပဲ
မျက်ခြေမပြတ်အောင် ကိုယ့်ခြေရာကိုယ် ပြန်ကောက်ယူကြည့်ရတယ်
ဖုန်မှုန့်တွေဟာ လေထဲ ၀ရုန်းသုန်းကားလွင့်လို့ မျက်လုံးကို လက်နဲ့ကာထားရတယ်
မင်းနာမည်ဘယ်လိုခေါ်သလဲ မြူလန်းဒါး ဒါဟာ အစစ်အမှန်ဖြစ်နေတာပဲလို့ ငါသုံးသပ်တယ်
သေနတ်သမားတွေကတော့ အခုထက်ထိ မည်းမည်းမြင်ရာ ပစ်နေတုန်းပဲ
ငါကလည်း ကံဆိုးတယ် ပထမဆုံးလာတဲ့ ကျည်ဆံကိုမှ တည့်တည့်ကြည်မိတယ်
မီးဖိုခန်းကြည့် ရှင်းတယ် စာဖတ်ခန်းကြည့် ရှင်းတယ် ရှူး ခြေသံတိုးတိုး ဒါဘုရားခန်းပဲ
ဆေးရုံတွေဟာ သပ်သပ်ရပ်ရပ်နဲ့ လူနာတွေကို စောင့်ကြိုဖို့ ပြင်ဆင်နေကြတယ်
ရုတ်တရက် အသံတွေ တိတ်ဆိတ်သွားတယ် အော်သံဟစ်သံညည်းညူသံတောင် မကြားရတော့
ဗုံးဆံက ငါ့နားစည်ကို မှန်သွားတယ်လို့ သူတို့ပြောကြတယ် ငါမကြားရဘူး
မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်
မမြင်ရသေးတဲ့ ရန်သူဟာ အလင်းရောင်အောက်မှာ တောက်ပနေတယ်
ငါမင်းတို့အားလုံးကို ကယ်တင်မယ် ဘုရားသခင်ကောင်းချီးပေးပါစေ။

မင်းနဒီခ

(၃၀၊ ၃၊ ၂၀၁၅)

တွေ့သည်ကဗျာ

တွေ့သည်ကဗျာ

ခြားနှင့်လိုင်းများအတွက် အပြောင်းအလဲလုပ် အသုံးပြုပုံ သို့မဟုတ် ထို့ကြောင့်အသစ်အဓိပ္ပာယ်ကိုပေးခြင်း
စာသားထည့်သွင်း သို့မဟုတ် ပယ်ဖျက်အားဖြင့် အခြားသတင်းရင်းမြစ်များမှစကားလုံးများ စာပိုဒ်တိုများနှင့်
တခါတရံ တစ်ခုလုံးကျမ်းပိုဒ်ယူပြီး ကဗျာအဖြစ်သူတို့ကို re framing ဒါကြောင့်အနုပညာအဖြစ်
ကန့်ကွက်ကြောင်းမေးခွန်း, အ လေ့လာသူ, အ ဗေဒပတ်ဝန်းကျင်နှင့် အနုပညာသည် အဘယ်သို့၏ အဓိပ္ပာယ်သို့ ခေါ်တော်မူအကျင့်ကို နေ့စဉ်သုံးလက်တွေ့ အနုပညာမျှော်လင့်မထားတဲ့ပေါင်းစပ်သို့မဟုတ် juxtapositions အတွက်အသစ်တခုအခြေအနေတွင် အတွင်းတင်ကြသောအခါ စီးပွားဖြစ် / သာမန်အမှုအရာအသစ် အဓိပ္ပာယ်ကိုပေးခြင်း
အသစ်ပြန်လည်ပစ္စည်းများကို ထံမှနေသူများက ဖန်တီးရသော 'များအား' ၏အမြင်အာရုံအနုပညာ ဥပမာ တွေ့ရှိကဗျာတခုရဲ့ ဥပမာ 'ယန္တရားအပေါ် မူလတန်းစာချုပ်' ဒါကြောင့် မျှအင်အားသုံး
သို့သော် တိကျစွာဖြောင့်သောရေပြင်ညီမျဉ်းတစ်ကြောင်းသို့၊ သို့သော်ဒဏ်ငွေကိုကြိုးဆန့်နိုင်
ယနေ့ထို့နောက်သမျှသော ဝေဒနာကတဆင့်သွား၊ အရန်၊ သင်နှင့်ငါသည်တလျှောက်အဖွဲ့
ကျန်တဲ့ နှင့်အတူ အလွန်စိတ်ဆိုး ... သည်ဝန်ဆောင်မှုတပ်မှပျံသန်းကြ၊ ထိုမိသားစု။
သင်သိသောကြောင့်၊ ဒါဟာအနည်းငယ် corny အသံကိုပြုစေခြင်းငှာ၊ ပေလိမ့်မည်။ ဒါပေမယ့် ကျနော်တို့အလှဆုံးလပြည့်နေ့ ယနေ့ညရှိသည်။ ထိုအခွင့်ကိုယခုသွားသမျှကိုခံစားခြင်းလူအစုအဝေး။
သူတို့က Corny အသံကိုပြုစေခြင်းငှာ၊ ဆင့်ဆိုရမည်မှာ၊
သို့သော်လည်း ငါကတစ်ဦးအတိတ်နိမိတ်ကဲ့သို့ပင်တစ်ဦး၏အချို့သောမျိုးတူရဲ့။
နှစ်ဦးစလုံးသည် မိုးကောင်းကင်သို့တက် တက်နှစ်ဦးစလုံး။
ကိုယ့်လပြည့်နေ့သည်ကို မြင်လျှင်၊ ထို Thurman Munson ငါ့ကိုသတိရ, ထိုကြောင့်ပါပဲ။
တွေ့ရှိကဗျာမှ ကျိန်ဆို၊ ပူဇော်အင်တာနက်ကို ပထမဦးဆုံးတရားဝင်စာပေဂျာနယ်က တွေ့သည်ကဗျာပြန်လည်ဆန်းစစ်ခြင်း၊ ပေါ်ထွက်လာအဆိုပါသုံးလပတ်အလိုက်ဂျာနယ်၊
Marcel Duchamp ပန်းချီကား၊ ချားလ်စ် Manson ရဲ့တရားခွင်သက်သေခံချက်၊
AOL ကပြဌာန်းစာအုပ်ကနေယူ ၊ ရိုးရာ Centos နှင့်ကဗျာများတင်ဆက်ခဲ့သည့် ရှာဖွေရေးဒေတာ
Emily Post ကိုရဲ့လောကဝတ်စာအုပ်များ၊ ဝီကီပီးဒီးယားဆောင်းပါးများ၊
ပုံစံ၏ Struck နှင့်အဖြူရောင်၏ the Elements, Wonder Woman ရုပ်ပြနှင့်
လူရွှင်တော်-Dave Gorman မကြာခဏလူအွန်လိုင်းဖိုရမ်များအပေါ်ပြောဆိုကြပြီသော
ထုံသောအမှုအရာကို အသုံးပြု၊ ဟာသတွေ့ရှိ ကဗျာ တွေ့သည်အရာဝတ္ထုကိုးကားချဲ့ထွင်ရန်အလို့ငှာအသာပုတ်ကိုလည်းကြည့်ပါ
Wikipedia/Found Poetry/Google Translate/Uni Code Converter/New Document တွင်လည်း ပြန်ကြည့်ပါ

မင်းနဒီခ

(၂၉၊ ၅၊ ၂၀၁၅)

ငါ ၃၄

ငါ ၃၄

တနင်္လာဟာ လပေါ်ကို ငသတ်တင်ပြီး ထွက်လာတယ် ငါဖြစ်တယ် ငါဖြစ်တယ်
မွေးခန်းထဲက ပိတ်စအဖြူပေါ်မှာ ငါနာမည်ကို ဘယ်လို ရေးခဲ့သလဲ ငါသိချင် ငါမြင်ချင်
တစ်ချိန်က ဇူလိုင်ဟာ အခုထိ မိုးတဖြိုင်ဖြိုင်ရွာနေဆဲ ငါကြားရ ငါစိုစွတ်ရ
မလုံလောက်သေးဘူး ထင်လို့ တွန်းတွန်းပို့ခံလိုက်ရတဲ့ နေ့စွဲတွေထဲ ငါပြုတ်ကျ ငါခုန်ဆင်း
ငါ့ညာဘက်လက်ဟာ ငါ့ဘယ်ဘက်လက်ကို အားပေးဆုပ်ကိုင်လို့ ငါကျော်လွှား ငါကူးဖြတ်
ဝိုင်းအောင်လေ့ကျင့်ခဲ့ရတဲ့ ဝလုံးသေးသေးလေးထဲ ငါနစ်ဆဲ ငါဝဲလည်
တစ်ချောင်းငင်လို့ မမှတ်ဘဲ ငါထောက်ခဲ့တဲ့ ခြေထောက်တွေ ငါယိုင်နဲ့ ငါလဲပြို
လုံးကြီးလို မတင်ခဲ့မိတဲ့ ရေအိုးတွေထဲ ငါဖြည့်ဆည်း ငါခပ်ထည့်
ရှေ့မှာရောက်လို့ ကောက်ခဲ့မိတဲ့ စံပယ်နှစ်ပွင့်မှာ ငါ့သမီး ငါ့ဇနီးသည်
တစ်ပင်ကို နှစ်ပင်ယှက်လို့ သာမယ်ထင်မိတဲ့ စိတ်ကူးမှာ ငါတောထဲ ငါ့တောင်ထဲ
မလွယ်လမ်းကိုမှ လိုက်ခဲ့မိပါတယ် မလွယ်လမ်းကိုမှ ကြိုက်ခဲ့မိပါတယ် ငါ့ကဗျာ ငါ့အနုပညာ
ပေးထားချက်ကိုမှ သက်သေပြဖို့ရာ တည်ကိန်းကိုမှ ပြတ်အောင်စားဖို့ရာ ငါ့ဂဏန်း ငါ့သင်္ချာ
လစ်ဟာသွားတဲ့ ကွက်လပ်ကိုဖြည့်ပါ မေးခွန်းအားလုံးကို ဖြေဆိုပါ ငါ့ဘဝ ငါ့ကမ္ဘာ
သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေတော့ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေတော့ ငါ့မွေးနေ့ ငါ့ဆုတောင်း
မပေါင်းလည်းခက် ပေါင်းလဲခက် မပြတ်လည်းပေါင်း ဆက်လည်းပေါင်း ငါ့ခန္ဓာ ငါ့ဇရာ
ကြားကြားသမျှကို အမျှဝေလို့ ပြုသမျှကုသိုလ် စိတ်ရည်မှတ်တယ် ငါ့ဥစ္စာ ငါ့သံသရာ
၃၅ ဟာ ဒီနေ့ ငါ့ကို လာလာစွက်ဖက်တယ် ငါအသိစောခဲ့တယ် ငါအလုပ်နောက်ကျခဲ့တယ်
ငါဟာ ငါကို ငါက ခွာချမရ ငါငါ ငါသူ ငါတပါး ငါယောက်ျား ငါမိန်းမ
ငါနဲ့ မလွတ်သမျှ ငါရှိနေရဦးမယ့်အကြောင်း။

မင်းနဒီခ
(၆၊ ၇၊ ၂၀၁၅)

တစ်ကြိမ်ကြွေပြီး အခါခါ ပွင့်ခြင်းသို့

တစ်ကြိမ်ကြွေပြီး အခါခါ ပွင့်ခြင်းသို့

တောက် ခေါက်သံဟာ
နိုင်ငံတော်ရဲ့ တံတွေးခွက်ထဲမှာ ဆွံ့အလို့
မယုံနိုင်စရာ။
လေစီးကြောင်းထဲ
အဝါရောင် ငှက်မွှေးတွေ လွင့်လာတာ မြင်လိုက်တယ်
ချည်တိုင်ဟာ ကြိုးတန်းလန်းနဲ့ ရှုပ်ထွေးလို့ လောကအလယ်
လောင်ကျွမ်းမှုတိုင်းဟာလည်း အငြိုးထား တေးမှတ်ဖွယ်။
မှတ်စုစာအုပ်ထဲလည်း နာမည်တွေ ရဲမှည့်လို့
တည်ငြိမ်ဖို့ ကြိုးစားသူတစ်ယောက်ကြောင့်
စိတ်ဟာ အမြဲလှုပ်ခတ်နေရတယ်
ပြတင်းပေါက်ကနေ ငေးကြည့်တော့လည်း အရင်အတိုင်းပဲ
စက်တင်ဘာ ၃ ရက်နေ့ မောင်ချောနွယ် ဆုံးတယ်
နောက်တော့ နေ့တိုင်းပြန်ရှင်တယ်။
လွမ်းစိတ်ဟာ ကဗျာစာအုပ်ကို ပြန်ပိတ်လိုက်တယ်
စွန့်ပစ်ပစ္စည်းတွေဟာ အိပ်ရာပေါ်မှာ ငါ့ကိုယ်စား လဲလျောင်းလို့
အရာအားလုံး စိတ်တိုင်းကျဖြစ်ဖို့တော့
ဘုရားသခင်ကိုပဲ အချိနိပိုဆင်းခိုင်းရတော့မယ်။
သီချင်းသံဟာ မြေပြန့်ကနေ တောင်ပေါ်အထိ လွင့်ပျံနေဆဲပါပဲ
ဘယ်နေရာက ဘယ်သူဆိုနေမှန်းသာ မသိတာ
ခဏပဲစောင့်ပါ
သစ်ခေါက်ပင်ရှိရာ သစ်တောက်ငှက်တို့ လာခဲ့သလို
ကဗျာရှိရာ ငါလာခဲ့ပါမယ်
အခမ်းအနားဟာ သူ့ကိုယ်သူ ဖြန့်ခင်းလို့
ဂုဏ်ပြုသူတို့ရှေ့မှောက်မှာ
တိတ်ဆိတ်စွာ
ငြိမ်သက်စွာ
မောက်မာစွာ။

မင်းနဒီခ

(၃၊ ၉၊ ၂၀၁၅)

ကဗျာပစ်ရန်အလာ ရေစိုနေသည့် ဘဲငန်းတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခြင်း

ကဗျာပစ်ရန်အလာ ရေစိုနေသည့် ဘဲငန်းတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခြင်း

ဘဲငန်းတစ်ကောင်ဟာ ကုန်းပေါ်မှာ ယက်ကန်ယက်ကန်သွားနေတယ်
သူ့ခြေထောက်မှာ ရေစက်တန်းလန်း တစက်စက်ကျလို့
ငါဟာ ရေစို အဝတ်တွေကို လှမ်းဖို့ အမြဲတမ်း သတိမေ့တတ်သူ
လေမတိုက်လည်း လေတံခွန်တွေ ပျံဝဲနေတုန်းလား
လေမှုတ်စက်ဟာ သမီးဆံပင်တွေပေါ်ကနေ တဝူးဝူး ဖြတ်သွားတယ်
မျက်နှာ မသစ်ချင်ဘူး သနပ်ခါးမလိမ်းချင်ဘူး ကျောင်းမသွားချင်ဘူး
nick.jr ကြည့်မယ် Toy Story ကြည့်မယ် အာလူးပူတီစားမယ် အာနိုးသောက်မယ်
မျက်စိကို မှိတ်လိုက်တယ် တစ်နေ့တာဟာ အိပ်မက်ဇာတ်ခုံပေါ်က ဇာတ်ဝင်ခန်းပဲ
မစားဖြစ်ခဲ့တဲ့ အိပ်ယာဝင် သစ်သီးတွေကို ဆာလောင်မိတယ်
မော့မကြည့်ဖြစ်တာကြာတော့ ဒီအပင်က ဘာအသီး သီးမှန်း ငါတကယ် မသိတော့
ကျီးကန်းတွေဟာ စွန့်ပစ်ထမင်းကျန်တွေကို လှည့်မကြည့်ပဲ ထပြန်သွားကြတယ်
တစ် နှစ် သုံး လေး ကနေ တစ်ရာ့တစ်ဆယ် တစ်ရာ့နှစ်ဆယ်အထိ
အိပ်မပျော်တဲ့ မျက်လုံးတွေနဲ့ ရေတွက်နေဆဲ မဖြစ်မြောက်ခြင်းတွေ
အလင်းရောင်ဟာ ဇာခြင်ထောင်ပန်းနုရောင်ရဲ့ ခြင်ဝင်ပေါက်ကနေ လာတယ်
အိပ်မက်ကဇာတ်ဟာ အပျိုတော်ကနေ နောက်ပိုင်းအထိ မကရသေးဘူး
လက်ခုပ်သံတွေ ကြားနေရပြီ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပေးရဦးမလား
ကျနော့်ကို ခိုင်းပါဆိုတဲ့ ကြော်ငြာလာတိုင်း တီဗီချယ်နယ်ကို နောက်တလိုင်းကို ပြောင်းမိတယ်
ရေလွတ်ရာ မိုးသားများကို ရွေ့ပြောင်းပါ မြို့ဟာ တရားပြစရာ ရုပ်နာမ်တရားမဟုတ်
မိုးရွာတော့မယ်ဆိုတိုင်း မိုးချုန်းသံအရင်ကြားသင့်တယ်မဟုတ်လား ကလေး
တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ တကုတ်ကုတ် တိုက်ခတ်နေတဲ့ သူ့ ယောင်ယမ်းမြည်တမ်းသံမှာ
ငါးပွက်ရာ ငါးစာလိုက်ချသလို ရတဲ့စာသားနောက် ကဗျာတကောက်ကောက်လိုက်ကပ်မိပါတယ်
ခြင်ထောင်အပြင်ဘက် ထွက်လျှောက်နေတဲ့ ဘဲတစ်ကောင်လို မရွာသေးတဲ့ မိုးရေစက်တွေ တန်းလန်းနဲ့
တရားရှာ ကိုယ်မှာတွေ့သလို ကဗျာရှာ အခါခါကွေ့ခဲ့တဲ့ လမ်းချိုးလေးအတိုင်း။

မင်းနဒီခ

(၈၊၉၊၂၀၁၅)

နှစ်အသစ်

နှစ်အသစ်

အဲ့ဒီနေ့က နှင်းတွေ ထူထူထပ်ထပ်ကျခဲ့တယ်
လမ်းလျှောက်သမားတွေဟာ လက်တွေကို လွှဲရမ်းလျှောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး
သူသူကိုယ်ကိုယ် မီးလင်းဖိုလေးတွေကို လက်က ကိုင်လို့
ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှား မရပ်မနား မမောမပန်း
နောက်ကျခဲ့လည်း ပန်းတိုင်ကို ရောက်ခဲ့တယ်ပဲ ဆိုကြပါစို့
အောင်မြင်မှုဟာ ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံတဲ့ စားပွဲမှာ မိန့်မိန့်ကြီးထိုင်လို့
ခက်တာက Menu Card ထဲမှာ စားသောက်ဖွယ်ရာ စာရင်းပါမလာက စတယ်
ပြဿနာဟာ မီးခိုးကြွက်လျှောက် တစီတတန်း တမေ့တမော
ခွေးသွားစိပ်တွေဟာ မှန်မှန်လည်ပတ်နေတယ်လို့ ထင်ရတယ် တထစ်ပြီး တထစ်
ကိုယ်ပစ်တဲ့ မြားဟာ ကိုယ်ဆီပြန်လာလိမ့်ဦးမလား
သံသယဟာ အငြင်းပွားဖွယ် ကစားပွဲတစ်ခုထဲမှာ အထီးတည်းပေါ်လွင်နေတယ်
သမိုင်းဟာ သင်ခန်းစာတွေ တပွေ့တပိုက်ကြီးနဲ့ စာမျက်နှာအသစ်ကို ခပ်တည်တည်လှန်လို့
ကွေးသောလက်လည်း ဆန့်ပါစေ ဆန့်သောလက်လည်း ဖြောင့်ပါစေ
တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ်
ရှုံးနိမ့်လဲကျသူ မရှိလည်း ဒိုင်လူကြီးဟာ ဆက်လက်ရေတွက်နေဆဲ
တစ်ဆယ့်တစ် တစ်ဆယ့်နှစ် တစ်ဆယ့်သုံး တစ်ဆယ့်လေး တစ်ဆယ့်ငါး တစ်ဆယ့်ခြောက်
လာခြင်းကောင်းတဲ့ နှစ်သစ်ပါပဲ လက်ပစ်ကူးခဲ့ရတယ်။


မင်းနဒီခ
၁၊၁၊၂၀၁၆

ငါ ကူးနေတယ်

ငါ ကူးနေတယ်

လက်ရေးလက်သားကအစ ဝါကျတကြောင်းလုံး ငါ ကူးနေတယ် ရုတ်ချည်း မိန်းမပျိုလေးတစ်ယောက်ရဲ့ စက်ဘီးခြင်းထဲ ရောက်လာတဲ့ မေတ္တာစာ ငါ ကူးနေတယ် နံရိုးတချောင်းရဲ့ အလိုအတူဘဲ အလိုပါခဲ့ရတဲ့ ဖွင့်ဟ ဝန်ခံခြင်း ငါ ကူးနေတယ်
နောက်တခေါက် အဖေ ပြန်လာရင် ဝယ်ခဲ့မယ်နော် ငါ ကူးနေတယ် ဒီလို ဟက်ဟက်ပက်ပက် မရယ်ရတာ ကြာပေါ့ 
ငါ ကူး နေတယ် နေ့စွဲများအတိုင်း အလျားလိုက် ဟင်းလင်းပြင် စွပ်ကြောင်းတလျောက် ငါ ကူးနေတယ် မနေ့ကလည်း ဖြစ်ခဲ့တယ် မနက်ဖြန်လည်း ဖြစ်ဦးမယ် ငါ ကူးနေတယ် အစွန့်ပစ်ခံမြစ်ဖျား အနားသတ်ပင်လယ် တောင်ကမ်းပါးယံကမ်းရိုး ငါ ကူးနေတယ် ဆွတ်ဆွတ်ဖြူအနမ်း ကိုက်လမ်း လေယာဉ်ပျံကြီးစီးသွား ရေကူးပြီး ပြန်ခဲ့ ငါ ကူးနေတယ် တနေ့တလံ ပုဂံ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ငါ့လှေ ငါထိုး ပဲခူး ငါ ကူးနေတယ် တို့ဘဝ တို့ကမ္ဘာ လူများ သက္ကရာဇ်များ ဘဝ ခန်းဆောင်နီအိပ်မက် ဓားတောင်ကိုကျော်၍
 မီးပင်လယ်ဖြတ် ငါ ကူးနေတယ် ကျေနပ်ဖွယ် ကြည်နူးဖွယ် ဆွတ်ပျံ့ဖွယ် ငါ ကူးနေတယ် ကမ်းမမြင် လမ်းမမြင်
ခြောက်ခမ်းသွားတဲ့ အိပ်မက်မြစ် ညလူ ငါ ကူးနေတယ် အနက်ရောင် လမ်းမများအတိုင်း တဟုန်ထိုး ပြေးတက် ပျံသန်း လျှောက်လမ်းထဲ ငါ ကူးနေတယ် ငါ မူးနေတယ် ငါ အိမ်မပြန်ချင်သေးဘူး ငါ ပုလင်းတူ ငါ ဘူးစို့ ငါ ကူးနေတယ် ဖွေးဖွေးလှုပ် နှင်းများရဲ့
 သွေးပျက်ခြောက်ခြားစရာ ကျဆုံးခန်း ငါ ကူးနေတယ် မနက်ဖြန်ရဲ့ ပြန်ကျမလာသေးတဲ့ လွှင့်တင်ခြင်း ငါ ကူးနေတယ် 
ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြားမှာ ငါ ကူးနေတယ် အင်ဒီဝါးဟိုးရဲ့ ဆေးစက်ကျရာ 
ဗန်ဂိုးရဲ့ နေကြာပန်း ဝါဝါ ဘောင်ခတ်ထားတဲ့ ပိတ်စရှေ့ ငါ ကူးနေတယ် တတိယစကြဝဠာ ဖန်လုံအိမ်ဓာတ်ငွေ့ နိုက်ထရိုဂျင်ဗုံးရဲ့ ရှာဖွေတွေ့ရှိမှု ငါ ကူးနေတယ် ငါ ကူးနေတယ် ထိုင်ရာမထ စေးထန်းယိုယွင်းမှုများနဲ့ မျိုးစိတ်သစ်များ ငါ ကူးနေတယ် 
ငါ ကူးနေတယ် ငါ ကူးနေတယ် တ ကူ ကူး ကူး တ ကူ ကူး ကူး။

မင်းနဒီခ
၂၊ ၁၊ ၂၀၁၆


အထီးကျန် ကြောင်

အထီးကျန် ကြောင်

ငါ ခရီးပြန်လာတဲ့အခါ ငါ့အိမ်ပေါက်ဝမှာ ကြောင်ဟာ အမြီးတွဲလောင်းချထိုင်လို့
ကြောင်ဟာ ဘယ်တုန်းကတည်းက ငါ့အိမ်ထဲရောက်နေလဲ
ငါ ထမင်းစားတဲ့ အခါ ကြောင်ဟာ ငါ့ဘေးနားမှာ စောင့်မျှော်လို့
ပြီးတော့ ငါ့ ထမင်းပန်းကန်ထဲ ဝင်ထိုင် ငါ့နှုတ်ခမ်းကို လျှာနဲ့ လှမ်းလျှက်
ငါထွက်သွားတဲ့အခါ ငါ့နောက်ကနေ တကောက်ကောက်လိုက်ပြန်တယ်
ကြောင်ဟာ လမ်းလျှောက်ပုံ ညင်သာလို့ သူ့ခြေသံကို ငါမကြားရ
ငါ ဆေးလိပ်သောက်မယ်ဆိုတော့ ကြောင်ဟာ မီးခြစ်ကို အလိုက်သင့်ခြစ်ပေးတယ်
ငါ အိမ်သာတက်မယ်ဆိုတော့ တံခါးဝမှာ ထိုင်စောင့်လို့
ကြောင်ဟာ ငါအနားကနေ ဘယ်ဝေးဝေးကိုမှ မသွား
ကြောင်ဟာ ငါ့ ကွန်ပျူတာစားပွဲခုံပေါ် သေးပေါက်ချတယ်
ငါ့အိပ်ယာခင်းတွေဟာ ကြောင်ချီးတွေ ပေကျံလို့
ငါဟာ ကြောင်ကို ချီပွေ့ပြီး မဆောက်ရသေးတဲ့ တိုက်အမြင့်ကြီးကနေ ပစ်ချလိုက်တယ်
ကြောင်ဟာ ငါ့ကို ရက်စက်တဲ့ အကြမ်းဖက်သမားတစ်ယောက်လို ကြည့်ပြီး
သူ ဝှက်ထားတဲ့ လေထီးကို ဆွဲဖွင့်လိုက်တယ်
ငါဟာ ကြောင်ရဲ့ အမြီးကနေ ကိုင်ပြီး သစ်ပင်နဲ့ ရိုက်ပစ်လိုက်တယ်
ငါ့လက်ထဲမှာ ကြောင်ဟာ ငှက်မွှေးလေးတစ်ချောင်းလို ပေါ့ပါးလို့
ငါ့တစ်ကိုယ်လုံးမှာလဲ ကြောင်မွှေးတွေ
ငါ ထွက်ပြေးတယ် မိုးရေတွေထဲ
ငါ ငိုကြွေးမိတယ် မိုးရေတွေထဲ
လမ်းတစ်ဖက်ကိုရောက်တိုင်း ငါနောက်လှည့်ကြည့်မိတဲ့အခါ
ကြောင်ဟာ ငါ့ကို တွေရီငေးလို့
ကြောင်ဟာ ငါ့အိမ်လေးထဲကို ဘယ်အချိန်ပြန်ဝင်သွားမလဲ ငါတွေးလို့
ကြောင်နဲ့ ငါဟာ တစ်ယောက်အကြောင်း တစ်ယောက်သိနေသလို
ငါလည်း ငါ့အိမ်ကနေ ဘယ်မှ မသွားရဲ
ကြောင်လည်း ငါ့အိမ်ကနေဘယ်ကိုမှ ထွက်သွားမယ့်ပုံမပေါ်
အခု ကြောင်နဲ့ ငါဟာ
တစ်ယောက်နဲ့ တစ်ယောက် ကြောင်ကြည့်ုလိ့
တစ်ကောင်နဲ့ တစ်ကောင် ကြမ်းတပြေးတည်းထိုင်လို့
ကြောင်တစ်ကောင်ရောက်လာပြီးကတည်းက ငါ့ရဲ့ ကြောင်တောင်တောင်နေ့များ။


မင်းနဒီခ
၈၊၆၊၂၀၁၅

၃၅ နေ့တွေ

၃၅ နေ့တွေ
______________________________________
မိသားစုအတွက်ဆို ဘာရယ်မဟုတ်ဘူး
အလကားရတဲ့ လေတောင် တဝက်ပဲ ရှူပြီး ပိုပေးဆပ်ချင်ခဲ့တဲ့နေ့တွေ
လူငယ်ဘဝရဲ့ ဖြတ်စတွေမှာ ကိုယ်အသံကိုယ်ကြားအောင်
ရေတွင်းထဲ ခေါင်းငုံ့ နာနာကျည်းကျည်း အော်ဟစ်မိတဲ့ နေ့တွေ
ခမ်းနားတဲ့ ဘဝဆိုတာ
အိမ်ပြန်ချိန် အော်ဆိုမိတဲ့ သီချင်းတစ်ပုဒ်လို့
ထင်ယောင်ထင်မှား ယိုးစွပ်မိခဲ့တဲ့ နေ့တွေ
ဂျင်းဘောင်းဘီအနားဖွာနဲ့ စီးကရက်လက်ကြားညှပ် တောက်ခေါက်ဖြစ်ခဲ့တဲ့ နေ့တွေ
အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စင်းအောက် ခေါင်းထိုးဝင်ပစ်ချင်မိတဲ့ နေ့တွေ
အဆီတထပ် အသားတထပ် အောင်မြင်မှုနဲ့ အသက်ရှူ မဝခဲ့တဲ့နေ့တွေ
ငွေသံ ကြေးသံ တချွင်ချွင်နဲ့ အဆင်မပြေခြင်းကို ဓားနဲ့ပေါက်
ဆပ်ကပ်ထဲက ဓားသမားတစ်ယောက်လို နေ့တွေ
နှစ်ယောက်အိပ်ကုတင်တခြမ်းကို သမီးအတွက်ပေးပြီး
ကျန်တဲ့တခြမ်းထဲ ဖြစ်သလိုအိပ်ခဲ့ရတဲ့ ခပ်ကျပ်ကျပ်နေ့တွေ
ကျားတံဆိပ်ဘီယာတစ်ဘူးနဲ့ ကျုံးပလက်ဖောင်းဘေး ခြေချမိတဲ့နေ့တွေ
တစ်ခါတလေ အချစ်ဆိုတာ ကြေမွသွားတဲ့ တစ်ရှူးဗူးလေး
တစ်ခါတလေ အချစ်ဆိုတာ ကျိုးပေါက်သွားတဲ့ သုံးထပ်သားနံရံ
အဲ့ဒီလို အသံတိတ်ပြဇာတ်ထဲက မင်းသားလို နေ့တွေ
ကိုယ်လည်းလေ လောကီသားမို့ ပြီးတော့လည်း ပြီးတာပါပဲ
ရန်ဖြစ် ပြီး ပိုချစ်ခဲ့ကြတဲ့ နေ့တွေ
လမ်းလျှောက်တယ် ပြေးတယ် ခြေလွှဲ ခါးလှဲ့ အိပ်ထ မတင် ဝိတ်ချချင်ခဲ့တဲ့ နေ့တွေ
အသေကောင်လို လမ်းလျှောက် ဘယ်အချိန် အိမ်ပြန်ရောက်ရောက် နေ့တွေ
ကျွန်သက်တမ်းတိုးသလို စာချုပ်မှာ လက်မှတ်ထိုး နာနာကျင်ကျင် ရယ်ဖြစ်ခဲ့တဲ့ နေ့တွေ
မြေကြီးပေါ် တုတ်နဲ့ခြစ် စိတ်ကူးနဲ့ အိမ်ပုံဆွဲ
အမိုးအကာ တခုထဲအောက် တမိသားစုလုံး ခေါ်ထားချင်မိတဲ့ နေ့တွေ
ဇနီးပြီးတော့ ဇနီး သမီးပြီးတော့ သမီး
ကိုယ့်အသက်ကို သူတို့လက်ထဲ ပုံအပ်ခဲ့တဲ့ နေ့တွေ
ကဗျာပြီးရင်း ကဗျာ နောက်ထပ် ကဗျာပြီးတော့လည်း ကဗျာပါပဲ
ကဗျာဆရာ အယောင်ဆောင် ကဗျာမဖြစ်ခဲ့တဲ့ နေ့တွေ
နောက်ထပ် ဘယ်လို နေ့တွေ လာဦးမလဲ
လူ့သက်တမ်းလေးရဲ့ အိမ်အပြန်လမ်းထဲ
ကြေကြေကွဲကွဲ မျှော်လင့်နေမိတဲ့ နေ့တွေ
သြော် နေ့တွေ နေ့တွေ နေ့တွေ နေ့တွေ
ကိုယ်ပိုင်တယ် ထင်ခဲ့လည်း ကိုယ်တကယ် မပိုင်ဆိုင်ခဲ့ရတဲ့ နေ့တွေလေ။

မင်းနဒီခ
၆၊ ၇၊ ၂၀၁၆

ကြောင်ဝံပိုက်များ

ကြောင်ဝံပိုက်များ

ခေါင်မိုးပေါ်ကို ကြောင်ဝံပိုက်တစ်ကောင် ခုန်ဆင်းလာတယ်
ဝုန်း ကနဲ အသံကြာတော့ ငါထိတ်လန့်သွား
အိပ်ကောင်းချိန်ဆို ကြောင်ဝံပိုက်ဟာ ငါ့အိမ်ခေါင်မိုးပေါ် အမြဲ လမ်းဖြတ်လျှောက်တယ်
သူ့ခန္ဓာကိုယ် ဝဝဖီးဖီးကြီးဆိုတော့ လမ်းလျှောက်သံကလည်း ကြမ်းတမ်းလို့
ကြောင်ဝံပိုက်ရဲ့ ပန်းတိုင်ဟာ ဘုရားစင်ပေါ်က သစ်သီးပွဲပဲ
သူဟာ ဘယ်တော့မှ ဘုရားကို ဝတ်မပြုဘူး
သူဟာ ဘုရားဆီက စွန့်တော်မူပါ မပြောဘဲ လက်​ရဲဇက်​ရဲ ယူစားတယ်
ဒါပေမယ့် ကြောင်ဝံပိုက်ဟာ ဘယ်တော့မှ သစ်သီးတွေကို ကုန်အောင်မစားဘဲ ဘုရားကို ပြန်လှူတယ်
ပြီးတော့ အမှောင်ထဲမှာတောင် ဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ဘေးပတ်လည်ကို ကြည့်
ဖွင့်ထားတဲ့ တံခါးပေါက်ကနေ ငါ့အိမ်ခေါင်မိုးပေါ် ပြန်တက်သွား
ဒီလိုနဲ့ ကြောင်ဝံပိုက်ဟာ ပျောက် ပျောက်သွားတယ်
သူ ဘယ်မှာနေသလဲ ဘယ်ကို ပြန်သွားလဲဆိုတာ တအိမ်သားလုံး မသိကြ
သူ လာရင် ခေါင်မိုးပေါ်မှာ ဝုန်းကနဲ အသံ ကြားရမယ်
သူ မပြန်ခင် သူ့မျက်လုံးနဲ့ စိုက်ကြည့်တာ ခံရမယ် ဒါပဲ
ကြောင်ဝံပိုက်ဟာ ဘယ်သူ့မှ မကြောက်သလို
ငါတို့လည်း ကြောက်ဝံပိုက်ကို ဘယ်သူမှ မကြောက်ကြ
သူ မလာရင် သတိရနေမိသလို
သူလာမှာ စိုးလို့ အိမ်တံခါးတွေ လုံအောင် အထပ်ထပ်ပြန်စစ်ရ
တစ်နေ့ကျတော့ မိန်းမချက်တဲ့ အသားဟင်းတစ်ခွက်ထဲ
သစ်သီးတစ်လုံးရဲ့ အစအနတွေ ငါတွေ့ရ
အဲ့ဒီနေ့က မွတ်သိပ်စွာနဲ့ ငါတို့ အားပါးတရ စားသောက်ခဲ့ကြပုံ
နှစ်များကြာတဲ့အခါ ခေါင်မိုးပါတဲ့ အိမ်လေးကို ဖျက်ပြီး
ခေါင်မိုးမပါတော့တဲ့ အိမ်အသစ်လေး ငါတို့ပြန်ဆောက်လိုက်ကြပုံ
အခုတော့ ခေါင်မိုးပါတဲ့ အိမ်လေးလည်း မရှိတော့ဘူး
အိမ်တံခါးတွေလည်း ဖွင့်အိပ်စရာ မလိုတော့ဘူး
မှန်လုံခန်းထဲက ဘုရားစင်ရှေ့လည်း သစ်သီးပွဲတွေ အစီအရီကပ်လှူလို့
ကြောင်ဝံပိုက်လည်း ရေထဲနစ်တဲ့ ကျောက်ခဲလို မပေါ်လာ စုန်းစုန်းမြှုပ်လို့
ဆိုပေမယ့်
ညရောက်တိုင်း အိမ်ခေါင်မိုးပေါ် ဝုန်းကနဲ ခုန်ချနေတဲ့ အသံကြားနေရဆဲ
ဘုရားစင်ပေါ်က သစ်သီးပွဲလည်း ကိုက်ရာ တစ်ဝက်နဲ့ ကျန် ကျန်နေဆဲ
ငါတို့ ခန္ဓာကိုယ်လည်း တစ်နေ့တခြား ဝဖီးလို့
စူးလက်ဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်နေမြဲ
ဘယ်မှာလဲ ကြောင်ဝံပိုက်က ဘယ်မှာလဲ။

မင်းနဒီခ
၇၊ ၁၂၊ ၂၀၁၆

မမေ့မလျော့ သတိနဲ့ နေ့များ

မမေ့မလျော့ သတိနဲ့ နေ့များ

မဖြောင့်တန်းခဲ့တဲ့ လမ်းတွေကိုပဲ အခါခါ ဦးညွှတ်မိပါတယ်
တနင်္ဂ​နွေဟာ အိပ်ယာပေါ် ခဏအလည်လာပြီး ပြန်သွားတယ်
လွမ်းမိတဲ့အခါ မျက်ရည်တွေပဲ အလိုလို ကျ ကျ နေမိတာ ပြန်မရနိုင်တော့လို့များလား
တ​စ္ဆေဟာ ကိုယ့်အနားကနေ ဘယ်မှ မသွားဘဲ တိတ်တိတ်ကလေး နေ နေတယ်
သီချင်းကို ပိတ်လိုက်ပြီ တီးလုံးသံက ကြားနေရတုန်းပဲ
အခန်းနံပါတ် ၃၆ မှာ တံခါးကို အဆက်မပြတ် ခေါက်မိတယ်
မြားဟာ လေးကိုင်းက ထွက်ခွာသွားပြီပြောလည်း ကိုယ့်ဆီမရောက်သေးသရွေ့ အသိအမှတ်မပြုနိုင်ဘူး
အဲဒီနေ့က ကပ်ထားတဲ့ စတစ်ကာတွေကို တဖြည်းဖြည်းပြန်ခွာမိတယ်
စေးကပ်နေတဲ့ အတ္တဟာ မှန်နံရံပေါ် ထင်းထင်းကြီး စွဲကျန်တယ်
မှောင်နဲ့ မည်းမည်း တွင်းနက်နက်ထဲ အခါခါ ပြုတ်ကျဖူးတစ်ယောက်လို
ကိုယ်သာ နာပါစေ စိတ်မနာပါစေနဲ့လို့ ဆုတောင်းလိုက်မိပါသေးလား
လူမသိ သူမသိ ပြုတ်ကျနေတဲ့ ကိုယ့်နာမည်လေးကို ဖုန်သုတ်ပြီး ဘုရားစင်ပေါ်တင်လိုက်တယ်
မိမိကိုယ်သာ ကိုးကွယ်ရာ
အပ္ပမာဒေန သမ္ပာဒေထ။


မင်းနဒီခ
၅၊ ၁၂၊ ၂၀၁၆

ကရုပ်

ကရုပ်

ကြွက်တစ်ကောင် ဆွမ်းတော်ခွက်ထဲက ထမင်း စားနေတာ မြင်လိုက်တယ်
စွန့်ပစ်ပစ္စည်းတွေဟာ ဘုရားခန်းမှာ အပုံကြီး။
ဆောက်လက်စတိုက်ကြီးဟာ မိုးရေတွေ တစက်စက်ယိုလို့
အဆီနဲ့ တဝင်းဝင်း သဲနဲ့ တရှပ်ရှပ်။
ဖိနပ်ပြတ်တွေကို တရိုတသေ သိမ်းထားလိုက်တယ်
အမှတ်တရဟာ စတိုခန်းထဲမှာ အနံ့တထောင်းထောင်းထလို့။
သေနတ်ပစ်ခန်း မပါလို့ စိတ်ကို လျော့ချထားလိုက်ပြီဆိုမှ
အကြမ်းဖက်သမားဟာ အနုမြူဗုံးကြီးကိုင်ပြီး ငါ့ဆီ ပြေးလာတယ်။
သူငယ်ချင်းက ပြောတယ် ပြီးတော့လည်း ပြီးတာပါပဲကွာ တဲ့
မဟုတ်ဘူးလေ အဲ့ဒါ ဝတ္ထု၊စာအုပ်ထဲက ဟာကြီး တခြားတခု ပြောင်းပြော။
အိပ်ထောင်ကို စမ်းကြည့်တော့ ပန်းတစ်ပွင့် ပွင့်နေတာ တွေ့တယ်
မပျော်ရွှင်ခြင်းဟာ ကံကို ကောင်းစေတဲ့ အဆောင်ပဲ။
သီချင်းသံများသာ ပျော်ပွဲခန်းမမှာ ကျန်ရစ်ခဲ့
လူကြီးလူကောင်းဟာ ဖိတ်စာတွေကို လွင့်ပစ်ခဲ့လိုက်ပြီ။
ကြမ်းပြင်ပေါ် ငိုကြွေးနေသူဟာလဲ ငါပဲ
တံတားအောက် အော်ဟစ်ရယ်မောနေသူဟာလဲ ငါပဲ။
မီးစင်ကြည့်ပြီး ကခဲ့တာပါပဲကွာ
အပူလောင်သွားတာတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့။
ကရုပ် တဲ့
ပေးချင်လို့ပဲ ပေးလိုက်တဲ့ နာမည်
ဘယ်သူမှ မခေါ်ကြပါနဲ့။


မင်းနဒီခ
၁၄၊ ၈၊ ၂၀၁၆

ဥာဏ်ပညာ ချစ်ခြင်းမေတ္တာနဲ့ ပိုးပိုး

"ဥာဏ်ပညာ ချစ်ခြင်းမေတ္တာနဲ့ ပိုးပိုး"

သမီး ကျောင်းတက်တော့ 
ဖေဖေလည်း ကျောင်းတက်ရတာပေါ့
သမီး ကျောင်းဆင်းတော့ 
ဖေဖေလည်း ကျောင်းဆင်းရတာပေါ့။


မနက်ဆိုလည်း အတူတူစောစောထလို့ 
ကျောင်းသွားဖို့ ပြိုင်ရတယ်
ရေချိုးပြိုင်ရတယ် အင်္ကျီအဝတ်ပြိုင်ရတယ်
မေမေက သနပ်ခါးကို သွေးပေးလို့
ဖေဖေက ခေါင်းကို ဖြီးပေးလို့
ကျောင်းတက်ခေါင်းလောင်းမထိုးခင်
မနက်ခင်းတိုင်းဟာ
ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှား။


ဒီနေ့ ကျောင်းက ဘာသင်လဲ မေးရင်
အင်း အဲ ဟိုလေ မှတ်မိတော့ဘူး တဲ့။
ပြီးတော့ ခေါင်းလေးကိုမော့ ခါးလေးကိုထောက်
သင်ခဲ့သမျှကို ပြန်စဉ်းစား
ကျောပိုးအိတ်လေး ကျောမှာထားလို့
သူ စာဆိုပြနေတာကိုက ချစ်စရာ။


ညညဆိုလည်း
ဝလုံးကို အတူတူဝိုင်းလို့
ကကြီး ခခွေး အတူတူရွတ်လို့
ကာတွန်းကားကို အတူတူကြည့်လို့
ဗိုလ် ကျား သေနတ်လည်း ကစားကြတယ်
ပါဝါရိန်းဂျားလိုလည်း လေဆာဓားခုတ်တယ်။


ဘာပဲ ကစားကစား သူပဲ အနိုင်ရချင်တာ
အဖေ့ ဝလုံးထက် သူ့ ဝလုံးကို ပိုဝိုင်းချင်တာ
သူပြောတဲ့စကားက Everything I Know
သူဆိုချင်တဲ့ သီချင်းက Let It Go
သူ စိတ်ဆိုးရင် I Hate You
သူ စနောက်ရင် Blar Blar Blar
သူ့ အင်္ဂလိပ်စကားပြောလေး နားထောင်ရတာကိုက 
ကြည်နူးစရာ
အစစ အရာရာ အဖေ့ထက် သာစေချင်မိတာ
သူ သိပါ့မလား
သူ အပြိုင်ခင်ကတည်းက အရှုံးပေးနေမိတာ
သူ နားလည်ပါ့မလား။


တစ်နှစ်ထက် တစ်နှစ် ပိုတတ်လာပြီ
တစ်နှစ်ထက် တစ်နှစ် ပိုသိလာပြီ
တစ်နှစ်ထက် တစ်နှစ် 
သူ့ပတ်ဝန်းကျင် ပိုကျယ်ပြန့်လာပြီ
တစ်နှစ်ထက်တစ်နှစ် 
သူ့သူငယ်ချင်းတွေ ပိုများပြားလာပြီ။


သူတတ်တဲ့အရာတွေထက် 
သူမတတ်တာတွေ အများကြီးရှိတဲ့အကြောင်း
သူသိတဲ့အရာတွေထက် 
သူမသိတာတွေ အများကြီးရှိသေးတဲ့အကြောင်း
သူ့ပတ်ဝန်းကျင်ကျယ်ပြန့်တာထက် 
သူပတ်ဝန်းကျင်ပိုကောင်းမွန်စေချင်တဲ့အကြောင်း
သူ့သူငယ်ချင်းတွေ ပိုများလာတာထက် 
သူငယ်ချင်းကောင်းတွေ ပိုများစေချင်တဲ့အကြောင်း
သူ နားလည်အောင် ပြောပြရဦးမယ်
သူ မမေ့အောင် သင်ပေးရဦးမယ်။


သမီးငယ်လေး ပိုးပိုးရေ
ကျောင်းမှာလည်း သင်ပါ အိမ်မှာလည်း သင်ပါ
ပတ်ဝန်းကျင်ကလည်း သင်ပါ လောကကြီးဆီကလည်းသင်ပါ
အဖြူအစိမ်းကို ချစ်ပါ ပညာကို ချစ်ပါ
မိဘကို ချစ်ပါ ဆွေမျိုးကို ချစ်ပါ
သဘာဝတရားကို ချစ်ပါ အမှန်တရားကို ချစ်ပါ
ရိုးသားမှုကို ချစ်ပါ ရောင့်ရဲမှုကို ချစ်ပါ
ဘာဖြစ်လို့လဲဆိုတော့
ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကသာ
သမီးကို ပိုမိုပျော်ရွှင်ကြည်နူးစေမှာမို့ပါ။


မင်းနဒီခ
၁၊ ၆၊ ၂၀၁၇

Monday, May 29, 2017

ကွယ်လွန်သူတို့ တေးသွား



ကွယ်လွန်သူတို့ တေးသွား
————————————————
လေက တဝူးဝူးတိုက်နေတယ်
မရဏတရားဟာ ဆည်းလည်းလို တချွင်ချွင် မြည်လို့
သူရှိရာ အရပ်ဆီ ဦးတည်ပြီး မေတ္တာ ပို့တာပါပဲ
အကြမ်းဖက်မှုတွေဟာ စားပွဲအလယ်က ဟင်းပွဲလို တင့်တင့်တယ်တယ်
နောက်ထပ် ဘယ်လောက်ကြာဦးမယ်လို့ ကြားလိုက်သေးလား
မကြာတော့ဘူးဆိုတာကိုက နောက်ထပ် နည်းနည်းကြာဦးမယ်
ပြောနေရင်းနဲ့ပဲ အသံတွေ ပျောက် ပျောက်သွားတယ်
မြင်နေရင်းနဲ့ပဲ မျက်လုံးတွေ ကျွတ် ကျွတ်သွားတယ်
အနိဋ္ဌာရုံတွေဟာ မြင်ဖူးမှ ယုံစဖွယ်
ဆွဲဖြုတ်စရာကို လည်ပင်းမရှိတော့တဲ့ ကိုယ်ပိုင်အမှတ်အသားဆွဲကြိုးတွေ
လက်ကျန်ရှင်းတမ်းမှာ လက်က တစ်ဖက်တည်း ကျန်နေရကောင်းလား
အသားစိုင်တွေဟာ အသက်ရှိစဉ်ကအတိုင်း လတ်ဆတ်နေတုန်းပဲ
လေက အခုနလို တဝူးဝူးဆက်တိုက်နေတုန်း
သွေးညှီနံ့တွေဟာ ပင်လယ်ကို ဖြတ်ကျော် ပျံသန်းလာတယ်
စာအိတ်တွေထဲ မဖတ်ချင်တော့တဲ့ စာတွေ ထည့်ပိတ်လိုက်တဲ့နေ့တွေကို ငါမုန်းတယ်
ဆုတောင်းခန်းမှာ ဖယောင်းတိုင်မီးတွေက လုပ်ကြံထားသလို တဖျစ်ဖျစ် ထတောက်တယ်
အဲဒီနေ့က စလို့ ဘယ်သူမှ ကဗျာရေးဖို့ မပြောကြတော့ဘူး
သီချင်းသံတွေကိုတော့ အတိုင်းသား ကြားနေရသေးတယ်
သေလွန်ပြီးသူတို့ရဲ့ ဓမ္မတေးတွေအလား
သံပြိုင်လိုက်ဆို ညီညီညာညာ 
ဘယ် ညာ ဘယ် ညာ။

မင်းနဒီခ
၂၇၊ ၄၊ ၂၀၁၇

ကြယ်သီးတွေက ငါတို့ကို လုံခြုံစေတယ်

ကြယ်သီးတွေက ငါတို့ကို လုံခြုံစေတယ်
————————————————
လက်တစ်ဖက်က ကြယ်သီးကို ကိုင်တယ်
နောက်လက်တစ်ဖက်က ကြယ်သီးပေါက်ကို ကိုင်တယ်
အသာအယာပဲ ငုံ့ကြည့်နေစရာမလိုဘဲ လျောလျောရှူရှူ
အဲဒီလို ငါတို့ တစ်ယောက်ဘဝထဲ တစ်ယောက် ခေါင်းဝင်လျိုလိုက်ကြ
နေသားတကျဖြစ်ဖို့ အရေးကြီးသလို ပြုတ်ထွက်မသွားဖို့လည်း အရေးကြီးတာပါပဲ
ကြယ်သီးရောင်စုံတွေကို ငါကြိုက်တယ်
အပြင်ပန်းလှသယောင်နဲ့ ကျွတ်ဆတ်ကျိုးကြေလွယ်တဲ့ ကြယ်သီးတွေလည်း ရှိမှာပါပဲ
ရွေးချယ်ခွင့်တွေဟာ ငါတို့ကို ပြန်မရွေးချယ်ခင် လက်ဦးမှု ရယူလိုက်ကြ
ကြယ်သီးပေါက်တွေဟာ သူတို့ ဂုဏ်သိက္ခာ သူတို့ အဆင့်အတန်းကို ဖော်ပြတယ်
ချည်သားတွေ နိုင်လွန်သားတွေ ပိုးသားတွေဟာ အပေါ်ယံပဲ
တကယ့်အတွင်းသားက ကြယ်သီးတွေ
ကြယ်သီးတွေဟာ ငါတို့ ယုံကြည်မှုကို ပိုမြင့်တက်စေတာ ယုံရဲ့လား
ကောင်းကင်ဘုံဆီတောင် ရောက်သွားနိုင်မယ့် ကြယ်သီးပေါက်တွေ
ကြယ်သီးတွေ တပ်ပြီး တရားဓမ္မကို အားထုတ်ကျင့်ကြံကြ
ကြယ်သီးတွေမပါတဲ့ အင်္ကျီဟာ မျက်နှာပြောင်နဲ့ မိန်းမတစ်ယောက်လိုပဲ ကြည့်ရတာ ဖီးလ်ကျဲတယ်
တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ဖို့ ကြယ်သီးတွေကို တပ်လိုက်
ကြယ်သီးတွေဟာ တစ်နေ့မှာ ကောင်းကင်ဆီ ပျံတက်သွားကြမှာ အသေအချာ
ပြီးတော့ ကောင်းကင်မှာ တလက်လက်တောက်ပရင်း
ကြယ်သီးမတပ်သူများကို တရားစီရင်မှာ
ကမ္ဘာပျက်ပြီးနောက်တစ်နေ့မှာ ကြယ်သီးတွေဟာ
ကမ္ဘာသစ်ကို တည်ဆောက်ဖို့ ပြန်လာကြဦးမှာ
ဗရမ်းဗတာတွေပါဟယ်လို့ ကွန်မန့်မှာ ရေးဦးမလို့လား
ကြယ်သီးတွေက မင်းကို ဟဟ ပဲ ပြန်ရေးပေးလိမ့်မယ်
ဖြုတ်ထားတဲ့ ကြယ်သီးတွေကို ပြန်တပ်လိုက်ပါ
နေ့ရက်တိုင်းမှာ ကြယ်သီးတွေက ငါတို့ကို လုံခြုံစေပါတယ်။

မင်းနဒီခ
၂၈၊ ၄၊ ၂၀၁၇

ရုပ်အရှင်

ရုပ်အရှင်
—————
ရုပ်ရှင်တွေ ကြည့်တိုင်း ငါ့မိန်းမက ငါ့ကို ရိုက်တယ်
ငါစိတ်မဆိုးဘဲ ဂျိုကာ့ရဲ့ ရယ်နေတဲ့ နှုတ်ခမ်းကို ငါ့ပါးစပ်ပေါ်မှာ ထပ်ဆွဲပစ်လိုက်တယ်
ကြောက်စရာမလိုပါဘူး ဒီမှာ လင်းနို့လူသားမရှိတာ ငါသိတယ်
သေနတ်တစ်လက်လောက်တော့ လိုချင်တယ်
လူဆိုးဆိုတာ အချိန်မရွေး ကိုယ့်ဆီ လူစုလူဝေးနဲ့ ရောက်လာနိုင်တယ် မဟုတ်လား
ခေတ်ကြီးတစ်ခုလုံး သူရဲကောင်းထပ်ပေါ်မလာတာ ရုပ်ရှင်တွေ အားနည်းလို့ဖြစ်တာ
သစ်ရွက်တွေ ကြွေတာ ရိုက်ပြမယ်
နွေ မိုး ဆောင်း တစ်ကဒ်ချင်း ပြောင်းရိုက်တာ ပြမယ်
အသက်ကြီးဖို့ လွယ်ကူတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်
ငိုရင်လည်း ခဏပေါ့ ပြီးရင် ပျော်ရမှာ
ရာဇဝတ်ဘေးဆိုတာ ရုပ်ရှင်ထဲမှာ ဘယ်တော့မှ ပြေးမလွတ်ဘူး
နောက်ခံတီးလုံးနဲ့ ပျော်စရာသီချင်းနဲ့
ထိတ်လန့်ခြောက်ခြားစရာဆိုလည်း အထူးပြုလုပ်လုပ်ချက်တွေပဲလေ
ရုပ်ရှင်ထဲက ငါပြန်ထွက်လာတော့ စူပါမန်းရဲ့ ဝတ်ရုံပါလာတယ်
ငါ့မိန်းမ ပျော်အောင် ပြလိုက်တော့ ဝတ်ရုံကို ခန်းစီးလုပ်ပစ်တယ် အေးရော
ဒါနဲ့ နောက်တစ်ခါ ဘီလီလင်းကို ခေါ်ပြီး မိတ်ဆက်မပေးရဲတော့ဘူး
အဲ့ကောင် ငါ့မိန်းမ အော်ငေါက်သံကြားရင် သွေးပျက်ပြီး တပ်က ထွက်ပြေးမှာ စိုးလို့
ဒါနဲ့ပဲ ငါဟာ ငါ့မိန်းမ အိပ်ပျော်မှ ရုပ်ရှင်တွေ ခိုး ခိုးကြည့်ရတယ်
လာလာလန်းထဲက တေးရေးဆရာကို ငါ့ကဗျာတစ်ပုဒ်ရွတ်ပြတာ သူမသိဘူး
ဖြူရီဇာတ်ကားထဲက ဂျာမန်စစ်သားတစ်ယောက်က ငါပဲဆိုတာ သူမသိဘူး
တိတ်ကမ်း ဇာတ်လမ်းတွဲတိုင်းမှာ သမီးလေးကို ကယ်ဖို့ သဲလွန်စတွေ ချပေးတာ ငါပဲ
နေရှင်နယ်ထရက်ရှားထဲက ရေအောက်မြှုပ်သွားတဲ့ ရွှေတုံးတစ်တုံး ငါ ကောက်ရသလိုနဲ့ ဝှက်ယူထားတယ် သိလား
နောက်ဆုံး ငါ ည ည မအိပ်ဘဲ ငါ့ရပ်ကွက်လုံခြုံအောင်
တိုက်ပေါ်ဆုံးထပ်က စောင့်ကြည့်ပေးနေတယ်ဆိုတာတောင်
ငါ့မိန်းမ မသိဘူးရယ်
သူသိတာ ရုပ်ရှင်တွေကြည့်တိုင်း ငါ့ကို ရိုက်ချင်နေတာပဲ
ဆိုးတဲ့ကလေးတစ်ယောက်လို ငါကလည်း ငါပဲ
ငါ့ မိန်းမဘယ်လောက်ရိုက်ရိုက် ရုပ်ရှင်တွေကြည့်နေဆဲ
စူပါမန်းရဲ့ ဝတ်ရုံခန်းစီးစကို ဖြုတ်ပြီး တိုက်ပေါ်က ခုန်ချဖို့ ကြံနေဆဲ။

မင်းနဒီခ
၂၊ ၅၊ ၂၀၁၇

ကိုဆံရှည်

ကိုဆံရှည်
——————
ဆံပင်တွေ ရှည် ရှည် လာနေတာသတိထားမိတာ ကြာပြီ
ဆံပင်ရှည်ဆေးတွေလည်း တခါမှ ငါ မသုံးဖူးပါဘူး
ဆံပင်တွေ ရှည်လာသလို စိတ်တွေ ရှည် လာရင်ကောင်းမယ်
ဆံပင်ရှည်ရှည် ကောင်မလေးတွေကို ငါ ငမ်းခဲ့သလို
အခု ငါ့ဆံပင်ရှည်တွေကို တစ်ယောက်ယောက် ငမ်းနေလေမလား
ဆံပင်တွေကို ငါချစ်ပါတယ် ဒါပေမယ့် ဦးခေါင်းနဲ့ တွဲလျက်တော့ ရှိဖို့လိုတာပေါ့
ကြမ်းပြင်ပေါ် ငြိကပ်နေတဲ့ ဆံချည်ထွေးတွေကိုတော့ ငါမုန်းတယ်
ငါ့ဆံပင်တွေကို မညှပ်ဘဲ ထားရင် ဘယ်လောက်ထိ ရှည်လျားလာလိမ့်မလဲ
ငါမြင်ယောင်ကြည့်မိတယ်
ရာပန်ဇယ်မင်းသမီးလေးလို ရွှေရောင် လက်လက်ထနေတဲ့ ငါ့ဆံပင်တွေလေ
ပြီးတော့ ငါ့ဆံပင်တွေကို ခိုစီးပြီး တွယ်တက်လာမယ့် လူတစ်ယောက်
ငါမျှော်လင့်တယ်
ငါ့ဆံပင်တွေဟာ ရှည်လျားလွန်းလို့ လူတိုင်း ဝိုင်းကြည့်နေကြမယ့်အဖြစ်
ဂူးလ်ဆာ့ရှ်မှာ ငါ့ဆံပင်ကို ကြည့်ဖို့ အရှာခံရဆုံး ဖြစ်လာမယ်
ဖြတ်သွားဖြတ်လာ ဆံပင်ရှည်ရှည်မိန်းကလေးတစ်ယောက်တွေ့ရင်
မျက်စိတဆုံး ဆံဖျားတဆုံး တမေ့တမော ကြည့်ဖူးတာ ငါသတိရ
ပြောရင်းနဲ့ ပွန်းဆိုဒ်တွေမှာ Long Hair တို့ Hairjob တို့ ရိုက်ရှာခဲ့တာ ငါသတိရ
အခုနေများ အခြားသူတို့ အဲ့လိုရှာရင် ငါ့ဆံပင်တွေများ ပါနေဦးမလား
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်ကို
သူ့ဆံပင်တွေကြားထဲ ရည်းစားစာထည့်ပေးဖူးတယ်
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်ရဲ့ ဆံစတွေကို အသာအယာဖြီးသင်ပေးခဲ့ဖူးတယ်
ရွှေရောင်ပင်လယ်တခုလို လှိုင်းထနေတဲ့ ဆံပင်ရှည်ရှည်တွေ
တောင်ကျရေတံခွန်လို ဖြောင်စင်းညွှတ်အိနေတဲ့ ဆံပင်ရှည်ရှည်တွေ
အခု ငါ့ဆံပင်တွေ ရှည် ရှည်လာတာ သမားရိုးကျဟုတ်ပါ့မလား
ဆံသဆရာက သူ့ဆိုင်ရှေ့က ဖြတ်လျှောက်တိုင်း ငါ့ကို သတိပေးတယ်
ခင်ဗျား ဆံပင်တွေ ရှည်လာပြီ နော် တဲ့
အဲဒီလို ကြားတိုင်း ငါ အလန့်တကြား ထွက်ပြေးခဲ့လိုက်မိ
ဆံသဆရာဟာ အမဲလိုက်မုဆိုး သားကောင်တွေ့သလို ငါ့ဆံပင်တွေကို တကြည့်ကြည့်
ဒီလိုနဲ့ ငါဟာ လူတွေနဲ့ တဖြည်းဖြည်းကင်းကွာလာ
ဒီလိုနဲ့ ငါဟာ ငါ့ဆံပင်ကို လူတွေ မမြင်အောင် ဖုံးကွယ်ထားမိလာ
ငါဟာ နေ့အခါ ကမ်းနဲ့ ဝေးတဲ့ပင်လယ် အယောင်ဆောင်လို့
ငါဟာ ညအခါ တောနက်ထဲက ရေတံခွန် အယောင်ဆောင်လို့
လူတွေ ငါ့ဆံပင်အကြောင်း မေ့သွားလောက်တဲ့အထိ ငါ့ဆံပင်တွေ ငါ ဖြီးသင်ယုယလို့။

မင်းနဒီခ
၂၊ ၅၊ ၂၀၁၇

Tuesday, November 1, 2016

ခေတ်ပြိုင်နွားကျောင်းသား ကဗျာ (၅)ပုဒ် - မင်းနဒီခ

ခေတ်ပြိုင်နွားကျောင်းသား
--------------------------------
ကျွန်တော်ဟာ လူညံ့ပါ ။
ကျွန်တော်ဟာ
ကိုမင်းကိုနိုင်လို ကဗျာမရေးတတ်။ 
ကိုမြအေးလို ဝတ္ထုမရေးတတ်။
ကိုကိုကြီးလို အင်တာဗျူးမဖြေတတ်။
ဇာဂနာလိုလည်း ကတုံးနဲ့ မနေတတ်။
မိုးသီးဇွန်လိုလည်း ကားပေါ်တက် မရပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ ။
၈၈ တုန်းက ကျွန်တော် လူကြီးမဖြစ်သေးက စလို့။
လွတ်လပ်ရေးမရခင် ကျွန်တော် မမွေးသေးတာကလွဲလို့။
ကျွန်တော်ဟာ လူညံ့ပါ။ ပန်းချီမဆွဲတတ်။
ဓါတ်ပုံမရိုက်တတ် ။သီချင်းမဆိုတတ် ။
နိုင်ငံရေးမလုပ်တတ် ။ ပြက်လုံးမထုတ်တတ်။ မဲမလိမ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။
ဇေယျာလင်းလိုလည်း အယ်လ်ပီမရေးတတ်။
အောင်ရင်ငြိမ်းလိုလည်း နီယိုမတွေးတတ်။
မောင်ချာလီလို လှလှပပမဆဲတတ်သလို။
ကိုကျော်သူလို ပရဟိတမလုပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။ ဖေ့ဘွတ်မသုံးတတ်။ အွန်းလိုင်းမထိုင်တတ်။
အီးမေးလ်မပို့တတ်။ အင်္ဂလိပ်စာမဖတ်တတ်။
တရုတ်စာမဖတ်တတ်သလို ကုလားစာလည်း မဖတ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။သေနတ်မပစ်တတ်။ တရားမဟောတတ်။
ဘောလုံးမကန်တတ်သလို ဂေါက်မရိုက်တတ်။
မင်းသားမလုပ်တတ်သလို လူကြမ်းလည်း မလုပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။
အခု ကိုယ့်ထမင်းကိုယ်စားဖို့
သူများသိမ်းထားတဲ့ လယ်တစ်ကွက်မှာ ကြီးတော်နွား အလကားကျောင်းနေတယ်။
မင်းနဒီခ
(၂၅၊ ၁၁၊ ၂၀၁၂)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား- ၂
--------------------------------
လွှင့်ထားတဲ့ အလံကို ပြန်ရုတ်လိုက်ရမလား
ထမင်းတစ်နပ်လျော့စားရမလား
လောကဓံက မီးမဆွဲတဲ့ ထင်းစိုလို တဖျစ်ဖျစ်မည်လို့
ခြေထောက်တွေ ညောင်းလည်း မရပ်ရဲဘူး
မီးနီတွေ့တိုင်း စောင့်ခဲ့ရတဲ့ မိနစ်တွေ စက္ကန့်တွေ
နှစ်ပေါင်းက နှစ်ဆယ်လား ခြောက်ဆယ်လား
အလွမ်းက သက္ကရာဇ်တွေ ဘယ်လောက်ဖြိုဖြို
သတိရတိုင်း ဆေးလိပ်လည်းတို နေလည်းညိုပေါ့
ဒီအရပ် ဒီဇာတ်နဲ့ နာမည်ပြောင်းလည်း
ပြဇာတ်အဟောင်းကြီးပဲ ပြန်ပြန်ကြည့်နေရ
တစ်ခန်းလည်း မရပ် နှစ်ခန်းလည်း မရပ်
ဖိနပ်ပြတ်နဲ့ ခွေးငတ်လား
တောင်ပံကျိုးဇရက်နဲ့ ခံတွင်းပျက်ကြောင်လား
စာလုံးလေးငါးလုံးကို ကျောင်းသုံးစာအုပ်ထဲ ထည့်ဖို့
အသံထွက်ကို ကီးကြောင်နေဆဲ ဒိုရေမီဖာဆို
ဒီလိုနဲ့
မှိတ်ထားတဲ့ ဖယောင်းတိုင်လေးကို ပြန်ထွန်းလိုက်ပါတယ်
လည်နေတဲ့ အဝိုင်းလေးကို ထိုင်ငေး
ကလေးတစ်ယောက်အော်ပြေးသွားတဲ့ ငြိမ်းချမ်းရေးဟာစားစရာတစ်ခုလား
ကိုင်ထားတဲ့ လက်နက်ကို ချလိုက်တယ်
လွှင့်ထားတဲ့ အလံကို ပြန်ရုတ်လိုက်တယ်
ထမင်းတစ်နပ်အတွက်
ကျွန်တော်ကို ခုန်အုပ်လိုက်တဲ့ ထမ်းပိုးမှာ နွားဟာ သူလယ်ကွင်းသူ ပြန်လွမ်းလို့
အမေကျော်ပြီးလွမ်းဖို့ဒွေးတော်ပျောက်နေတယ်။
မင်းနဒီခ
(၂၂၊ ၂၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား- ၃
--------------------------------
ခေတ်က မကောင်းလို့ ကျောင်းပို့လည်း လက်ခံမယ့်သူမရှိတော့
ကိုယ့်အားကိုယ်ကိုး ကိုယ်ကျိုးနဲ့ နိုင်ငံတည်
ကိုကြီးကျော်ပလီလွန်းလို့
ကိုယ့်မြေမှာ ကိုယ့်ရေမှာ ပထွေးအဖေခေါ်ရမယ့် ဇာတ်သိမ်း
ကိန်းကြီးခန်းကြီးဝါးရင်းတုတ်ကိုင်လက်များ
နီးရာဓါးဆွဲ သမိုင်းမှာ သွေးရဲခဲ့ သူများ
ရာဇဝင်ဟာ သွေးစွန်ခံထမ်းတင်ထားတဲ့ ပခုံးနဲ့
ပြတိုက်ထဲမှာပဲ ရုပ်လုံးကြွလို့
မြစ်လည်း ကျိုးခဲ့ပြီ ချောင်းလည်းကောခဲ့ပြီ
တောင်လည်း မြေစာပုံဖြစ်ခဲ့ပြီ
ဂျွန် ငါတို့ပင်လယ်ဆီ ဘယ်လိုသွားမလဲ
အသံဟာ
တိတ်ဆိတ်ခြင်းရဲ့ သိမ်းပိုက်ခံထားရသူလို မွန်းကျပ်ပိတ်လှောင်လို့
အခု စကားတွေလည်း မပီတော့ဘူး အသားတွေလည်း မညိုတော့ဘူး
စာမေးပွဲဖြေမယ့် ကျောင်းသားက ဖယောင်တိုင်းထွန်း စာကျက်နေချိန်
မြို့ရိုးဟာ တရုတ်ဖြစ်မီးလုံးတွေနဲ့ လှလို့ ပလို့
ငါဟာ ဒီမြို့သားပါလို့ ကျိန်ပြောလည်း ငါဖယ်ပေးခဲ့ရတာပါပဲ တဲ့
ဘီးပေါက်နေတဲ့ စက်ဘီးတစ်စီးရဲ့ စကားသံမှာ
သူ့ကိုယ်သူ မတလတံဆိပ်ကပ်ထားတဲ့ ဆိုင်ကယ်က ရယ်တယ်
တောင်စွယ်မရှိလည်း နေက ကွယ်တာပါပဲ ကြီးတော်ရယ်
ပလွေတစ်ချောင်းကိုင်ရင်း စောင့်နေခဲ့တာပါ
ကျုပ်နွား ဘယ်သူကျောင်းသလဲ။
မင်းနဒီခ
(၆၊ ၃၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား - ၎
--------------------------------
အဆင်က လှတယ် အကွက်က မပြောင်းဘူး
မမြင်ရ မကြားရ မပြောရ မဆိုရနဲ့ အသားကျနေတဲ့ ခေတ်ကြီးထဲ
ပါးစပ်ဆိုင်းတီးတိုင်း ထ ထ ကနေတဲ့ မင်းသားတွေ
ကိုယ့်ကိုယ် ကိုယ် လက်ခမောင်းခတ် တောင်ကြောင်လက်ပတ်နဲ့ ဇာတ်ရူးတွေ
အနာသက်သာစေချင်လို့ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းမိတာပါ
လူမျိုး ဘာသာမရွေး စားသုံးနိုင်ပါသည် တံဆိပ်နဲ့
အခုလောင်နေတဲ့ မီးက
ဘက်မလိုက်ဘူး လူမရွေးဘူး နေရာမရွေးဘူး ဘာသာမရွေးဘူး
လောင်စရာနောက် လောင်စာထပ်ပစ်ပေးတတ်တဲ့ သမိုင်းနဲ့
ခေတ်အဆက်ဆက်ရိုင်းခဲ့တာတွေ မေ့လိုက်ကြတော့မလား
လင်ဆိုးမယား သားဆိုးအမေလို ဖြစ်နေတဲ့ နိုင်ငံမှာ
အမေ့မျက်ရည်ကျဖို့ ထပ်လုပ်ကြဦးမှာလား
အမေးနွားကျောင်းသားပါ
အဖြေ ဘုရားအလောင်းဖြစ်စေဖို့ ဆုတောင်းရင်း
မျက်လုံးကို ဖွင့် နားကိုစွင့်လိုက်တယ်
ညည်းသံ ညူသံ အော်ဟစ်သံကြား
သေနေတဲ့ အလောင်းကောင်က မီးလောင်ညှော်နံ့နဲ့
ခုတ်ပြတ်ရှရာပရပွ ခန္ဓာကိုယ်က တစစီ
ကိုယ့်အသက်ကိုယ်တောင် မမှီလိုက်တဲ့ ကြောက်ရွံ့ထိတ်လန့်မှုနဲ့
ဘဝတစ်ခုက ဘဝတစ်ခုကို ထိုးကျွေးတဲ့ အလောင်းအစားမှာ
ဘာကြောင့် အစားခံရသူက ခင်ဗျားနဲ့ ကျွန်တော် အတူတူဖြစ်နေခဲ့သလဲ
လူ လူချင်း မေတ္တာထားဖို့ ဗြဟ်မစိုတရားကို စာလုံးပေါင်းသတ်ပုံ ပြင်ပေးပါ
အမှန်နဲ့ အမှားခွဲခြားတတ်ဖို့ တပ်ထားတဲ့ မျက်မှန်ကို ပါဝါတိုးပါ
ခလောက်လေး ဒိုးဒိုးဒေါင်ဒေါင်
ပျို့တို့မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်စွယ်နေမကွယ်ခင် ခဏလေး
ကိုယ့်ခြံ ကိုယ့်နွား ကိုယ့် သားသမီးမို့ သူခိုးဈေးနဲ့ ရောင်းလိုက်တယ်။
မင်းနဒီခ
(၂၃၊ ၃၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား -၅
--------------------------------
အလင်းဟာ ရောက်လာပြီလို့ ပြောတာပဲ
တစ်နေ့ တစ်နေ့ ဘယ်နေ့လဲဆိုတဲ့ သံသယမေးခွန်းမှာ
ငါတို့ဟာ ပိတ်ထားခံရတဲ့ မျက်လုံးတွေနဲ့ နေသားတကျ
အမှောင်မှောင်နဲ့ မည်းမည်း မသဲမကွဲရယ်သံ
မီးခွက်မထွန်းလည်း ပြဿနာဟာ သူ့အလင်းသူရှာပြီး သူမီးသူပြန်ရှို့လို့
လူကို ညှို့တယ် လမ်းကို ညှို့တယ် မာယာ
ပွင့်လင်းမြင်သာမှုဟာ
စိန်ခြူးကြာညောင်ပတ်ပျိုးနဲ့
မျှော်တော်ယောင်သီချင်းကို ရောသမလုပ်နေတုန်း
မျက်လှည့်ဆရာဟာ ဘင်သံ တဒိန်းဒိန်းထုတယ်
သေတ္တာထဲက ထွက်လာမယ့်တစ်စုံတစ်ရာကိုမျှော်ရင်း
ငါတို့ဟာ မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ညတွေဖြစ်လို့
မနက်ဖြန်ဆိုတာ
ကြိုးအယောင်ဆောင်ထားတဲ့ မြွေလား
မြွေယောင်ဆောင်ထားတဲ့ ကြိုးလား
အိုးမဲမသုတ်လည်း အိမ်ကြက်ချင်းခွပ်ကြတဲ့ ခေတ်ကြီးထဲ
လက်ခုပ်သံတောင်းနေတဲ့ ဇာတ်ရူးတွေ
ကမ္ဘာမကြေဘူးပြောလည်း ကမ္ဘာက ကြေခဲ့ပေါ့
တရားနဲ့ ဖြေရင်း တရားနဲ့ သေရတဲ့ သူရဲကောင်းတံဆိပ်မှာ
သွေးစွန်းခဲ့တဲ့ အလံတွေကတော့ လေထဲ တဖျတ်ဖျတ်လွင့်လို့
ငါတို့ မှားခဲ့ကြ ငါတို့ မှန်ခဲ့ကြ
ပြန်မရနိုင်တဲ့ လျော်ကြေးမှာငါတို့ လက်သီးဆုပ်တွေ ပြေခဲ့ကြ
ခေတ်အဆက်ဆက် ခေါင်းငုံ့ခံခဲ့ရတဲ့ အသီးအပွင့်မှာ
နတ်စိမ်းတစ်ပါးလို အငွေ့ရှူရင်း ငါတို့ကျေနပ်ခဲ့ကြရ
အားမတန်လို့ လျော့ချပေးလိုက်ရတဲ့ မာန်နဲ့
နွားရှေ့ ထွန်ကျူးလည်း ထယ်ရေးညက်ရင်ပြီးတာပါပဲ ကြီးတော်ရယ်
ရွာပြင်ဇရပ်မှာ အေးအေးလူလူထိုင်ရင်း
ကမ္ဘာကြီးကိုနားစွင့်ထားတဲ့နွားကျောင်းသား
အခုစားမြုံ့ပြန်နေတဲ့ ပါးစပ်မှာ
ပြောမထွက်တာတွေ အမြုပ်တစီစီထလို့။
မင်းနဒီခ
(၆၊ ၄၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃

နောက်တစ်ရက် တနင်္လာနေ့များ - မင်းနဒီခ

နောက်တစ်ရက် တနင်္လာနေ့များ

ကျည်ဆံက ငါ့နောက်စေ့ကနေ ဖောက်ဝင်ပြီး နဖူးကနေ ထွက်သွားတယ်
ငါမသေဘူး နာကျင်မှုလေးတောင် ငါမခံစားရ ငါ ဒူးမထောက်
ငါဟာ မြေမြှုပ်မှိုင်းတွေကြားကနေ လမ်းလျှောက်လာတယ် 
ငါ့အနောက်မှာ တစ်လုံးပြီး တစ်လုံးပေါက်ကွဲနေတဲ့ မိုင်းတွေ
ငါ ဗုံးခိုကျင်းတွေပေါ် တက်ပြီး မတ်တပ်ရပ်လိုက်တယ်
မိုးရွာပြီးစကောင်းကင်က သက်တန့်ကို ငေးဖို့
လက်ဖြောင့်သေနတ်သမားရဲ့ ပစ်ကွင်းထဲမှာ ငါရောက်နေတာ ငါသိတယ်
ငါ အားပါးတရရယ်လိုက်တော့ ကျည်ဆံရဲ့လားရာဟာ လာရာလမ်းကနေ ပြောင်းသွား
တင့်ကား အစင်းစင်းအောက်က ကြေမွသွားတဲ့ ပန်းခင်းလေးထဲမှာ
ရှင်သန်မွှေးမြနေဦးမယ့် ပန်းတစ်ပွင့်ကို ငါရှာတယ်
ကလေးတို့ရဲ့ ဆရာမခေါင်းပေါ်မှာ နူးညံ့စွာ ပန်ပေးချင်လို့
လေယာဉ်ပေါ်က ပစ်လိုက်တဲ့ စက်သေနတ်ကျည်ဆံတွေဟာ
ငါ့အပေါ်မှာ အေးမြတဲ့ မိုးစက်မိုးပေါက်တွေလို ရွာကျလို့
မိုးရွာရင် မိုးရေချိုးမယ်သီချင်းကို ငါဆိုရင်း ငါပြေးလွှားတယ် ပျော်မြူးတယ်
အိမ်ပေါက်ဝမှာ အမေက တုတ်တစ်ချောင်းနဲ့ စောင်မျှော်နေမလား ငါတွေးမိသေးတယ်
လေယာဉ်ပစ်အမြောက်တွေငါ့အပေါ် ပိကျမလာခင်
သေနတ်ထိပ်ဖျားမှာ လှံစွပ်တပ်ထားတဲ့ ရန်သူက ငါ့ကို ချောင်းမြောင်းလုပ်ကြံတယ်
လှံဖျားဟာ အသွားရှစ်လက်မ ကျော်ကျော်ရှည်ပြီး ငါ့အရေပြားကို ဖောက်ဝင်လို့ တွားသွားတယ်
ငါ မသေဘူး ငါ့ခန္ဓာကိုယ်က ဆယ့်လေးလက်မရှိတယ်
ငါ အနည်းငယ် ဝနေလို့ ဝိတ်ချဖို့ လိုမလား
စစ်သားဆိုပေမယ့် ငါက ခြေသံမလုံ ငါစီးတဲ့ ဖိနပ်က သစ်သားခုံဖိနပ်
ငါ့ရန်သူကို အသံပေးခြောက်လှန့်ပြီးမှ ငါ သတ်ချင်တာ
ငါ့လက်ထဲမှာ အခုငါရေးနေတဲ့ ကဗျာတစ်ပုဒ်ဟာ အပြာရောင်သွေးသံရဲရဲကျလို့
ငါဟာ စွန့်ဝံ့ စွန့်စားသူ သူရဲကောင်း ငါဟာ တိုင်းပြည်ကို လမ်းခုလတ်မှာ မထားခဲ့တဲ့ ကယ်တင်ရှင်
ငါ့စခန်းကို ငါသိမ်းပြီး ငါ့အလံကို ငါစိုက်လိုက်တယ်
ကင်မရာမီးတွေ တဖျတ်ဖျတ် လက်ခုတ်သံတွေ တဖြောင်းဖြောင်း
ငါ့အလောင်းမြေကျတဲ့ နေ့က ငါမျက်ရည်မကျတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေလိုက်တယ်
အားလုံးကို ကျေးဇူးတင်ပါတယ် ငါ စစ်ထဲ ပြန်သွားလိုက်ပါဦးမယ်
မင်းနဒီခ
(၁၂၊ ၉၊ ၂၀၁၄)