Monday, May 29, 2017

ရုပ်အရှင်

ရုပ်အရှင်
—————
ရုပ်ရှင်တွေ ကြည့်တိုင်း ငါ့မိန်းမက ငါ့ကို ရိုက်တယ်
ငါစိတ်မဆိုးဘဲ ဂျိုကာ့ရဲ့ ရယ်နေတဲ့ နှုတ်ခမ်းကို ငါ့ပါးစပ်ပေါ်မှာ ထပ်ဆွဲပစ်လိုက်တယ်
ကြောက်စရာမလိုပါဘူး ဒီမှာ လင်းနို့လူသားမရှိတာ ငါသိတယ်
သေနတ်တစ်လက်လောက်တော့ လိုချင်တယ်
လူဆိုးဆိုတာ အချိန်မရွေး ကိုယ့်ဆီ လူစုလူဝေးနဲ့ ရောက်လာနိုင်တယ် မဟုတ်လား
ခေတ်ကြီးတစ်ခုလုံး သူရဲကောင်းထပ်ပေါ်မလာတာ ရုပ်ရှင်တွေ အားနည်းလို့ဖြစ်တာ
သစ်ရွက်တွေ ကြွေတာ ရိုက်ပြမယ်
နွေ မိုး ဆောင်း တစ်ကဒ်ချင်း ပြောင်းရိုက်တာ ပြမယ်
အသက်ကြီးဖို့ လွယ်ကူတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်
ငိုရင်လည်း ခဏပေါ့ ပြီးရင် ပျော်ရမှာ
ရာဇဝတ်ဘေးဆိုတာ ရုပ်ရှင်ထဲမှာ ဘယ်တော့မှ ပြေးမလွတ်ဘူး
နောက်ခံတီးလုံးနဲ့ ပျော်စရာသီချင်းနဲ့
ထိတ်လန့်ခြောက်ခြားစရာဆိုလည်း အထူးပြုလုပ်လုပ်ချက်တွေပဲလေ
ရုပ်ရှင်ထဲက ငါပြန်ထွက်လာတော့ စူပါမန်းရဲ့ ဝတ်ရုံပါလာတယ်
ငါ့မိန်းမ ပျော်အောင် ပြလိုက်တော့ ဝတ်ရုံကို ခန်းစီးလုပ်ပစ်တယ် အေးရော
ဒါနဲ့ နောက်တစ်ခါ ဘီလီလင်းကို ခေါ်ပြီး မိတ်ဆက်မပေးရဲတော့ဘူး
အဲ့ကောင် ငါ့မိန်းမ အော်ငေါက်သံကြားရင် သွေးပျက်ပြီး တပ်က ထွက်ပြေးမှာ စိုးလို့
ဒါနဲ့ပဲ ငါဟာ ငါ့မိန်းမ အိပ်ပျော်မှ ရုပ်ရှင်တွေ ခိုး ခိုးကြည့်ရတယ်
လာလာလန်းထဲက တေးရေးဆရာကို ငါ့ကဗျာတစ်ပုဒ်ရွတ်ပြတာ သူမသိဘူး
ဖြူရီဇာတ်ကားထဲက ဂျာမန်စစ်သားတစ်ယောက်က ငါပဲဆိုတာ သူမသိဘူး
တိတ်ကမ်း ဇာတ်လမ်းတွဲတိုင်းမှာ သမီးလေးကို ကယ်ဖို့ သဲလွန်စတွေ ချပေးတာ ငါပဲ
နေရှင်နယ်ထရက်ရှားထဲက ရေအောက်မြှုပ်သွားတဲ့ ရွှေတုံးတစ်တုံး ငါ ကောက်ရသလိုနဲ့ ဝှက်ယူထားတယ် သိလား
နောက်ဆုံး ငါ ည ည မအိပ်ဘဲ ငါ့ရပ်ကွက်လုံခြုံအောင်
တိုက်ပေါ်ဆုံးထပ်က စောင့်ကြည့်ပေးနေတယ်ဆိုတာတောင်
ငါ့မိန်းမ မသိဘူးရယ်
သူသိတာ ရုပ်ရှင်တွေကြည့်တိုင်း ငါ့ကို ရိုက်ချင်နေတာပဲ
ဆိုးတဲ့ကလေးတစ်ယောက်လို ငါကလည်း ငါပဲ
ငါ့ မိန်းမဘယ်လောက်ရိုက်ရိုက် ရုပ်ရှင်တွေကြည့်နေဆဲ
စူပါမန်းရဲ့ ဝတ်ရုံခန်းစီးစကို ဖြုတ်ပြီး တိုက်ပေါ်က ခုန်ချဖို့ ကြံနေဆဲ။

မင်းနဒီခ
၂၊ ၅၊ ၂၀၁၇

No comments:

Post a Comment