Tuesday, November 1, 2016

ခေတ်ပြိုင်နွားကျောင်းသား ကဗျာ (၅)ပုဒ် - မင်းနဒီခ

ခေတ်ပြိုင်နွားကျောင်းသား
--------------------------------
ကျွန်တော်ဟာ လူညံ့ပါ ။
ကျွန်တော်ဟာ
ကိုမင်းကိုနိုင်လို ကဗျာမရေးတတ်။ 
ကိုမြအေးလို ဝတ္ထုမရေးတတ်။
ကိုကိုကြီးလို အင်တာဗျူးမဖြေတတ်။
ဇာဂနာလိုလည်း ကတုံးနဲ့ မနေတတ်။
မိုးသီးဇွန်လိုလည်း ကားပေါ်တက် မရပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ ။
၈၈ တုန်းက ကျွန်တော် လူကြီးမဖြစ်သေးက စလို့။
လွတ်လပ်ရေးမရခင် ကျွန်တော် မမွေးသေးတာကလွဲလို့။
ကျွန်တော်ဟာ လူညံ့ပါ။ ပန်းချီမဆွဲတတ်။
ဓါတ်ပုံမရိုက်တတ် ။သီချင်းမဆိုတတ် ။
နိုင်ငံရေးမလုပ်တတ် ။ ပြက်လုံးမထုတ်တတ်။ မဲမလိမ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။
ဇေယျာလင်းလိုလည်း အယ်လ်ပီမရေးတတ်။
အောင်ရင်ငြိမ်းလိုလည်း နီယိုမတွေးတတ်။
မောင်ချာလီလို လှလှပပမဆဲတတ်သလို။
ကိုကျော်သူလို ပရဟိတမလုပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။ ဖေ့ဘွတ်မသုံးတတ်။ အွန်းလိုင်းမထိုင်တတ်။
အီးမေးလ်မပို့တတ်။ အင်္ဂလိပ်စာမဖတ်တတ်။
တရုတ်စာမဖတ်တတ်သလို ကုလားစာလည်း မဖတ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။သေနတ်မပစ်တတ်။ တရားမဟောတတ်။
ဘောလုံးမကန်တတ်သလို ဂေါက်မရိုက်တတ်။
မင်းသားမလုပ်တတ်သလို လူကြမ်းလည်း မလုပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။
အခု ကိုယ့်ထမင်းကိုယ်စားဖို့
သူများသိမ်းထားတဲ့ လယ်တစ်ကွက်မှာ ကြီးတော်နွား အလကားကျောင်းနေတယ်။
မင်းနဒီခ
(၂၅၊ ၁၁၊ ၂၀၁၂)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား- ၂
--------------------------------
လွှင့်ထားတဲ့ အလံကို ပြန်ရုတ်လိုက်ရမလား
ထမင်းတစ်နပ်လျော့စားရမလား
လောကဓံက မီးမဆွဲတဲ့ ထင်းစိုလို တဖျစ်ဖျစ်မည်လို့
ခြေထောက်တွေ ညောင်းလည်း မရပ်ရဲဘူး
မီးနီတွေ့တိုင်း စောင့်ခဲ့ရတဲ့ မိနစ်တွေ စက္ကန့်တွေ
နှစ်ပေါင်းက နှစ်ဆယ်လား ခြောက်ဆယ်လား
အလွမ်းက သက္ကရာဇ်တွေ ဘယ်လောက်ဖြိုဖြို
သတိရတိုင်း ဆေးလိပ်လည်းတို နေလည်းညိုပေါ့
ဒီအရပ် ဒီဇာတ်နဲ့ နာမည်ပြောင်းလည်း
ပြဇာတ်အဟောင်းကြီးပဲ ပြန်ပြန်ကြည့်နေရ
တစ်ခန်းလည်း မရပ် နှစ်ခန်းလည်း မရပ်
ဖိနပ်ပြတ်နဲ့ ခွေးငတ်လား
တောင်ပံကျိုးဇရက်နဲ့ ခံတွင်းပျက်ကြောင်လား
စာလုံးလေးငါးလုံးကို ကျောင်းသုံးစာအုပ်ထဲ ထည့်ဖို့
အသံထွက်ကို ကီးကြောင်နေဆဲ ဒိုရေမီဖာဆို
ဒီလိုနဲ့
မှိတ်ထားတဲ့ ဖယောင်းတိုင်လေးကို ပြန်ထွန်းလိုက်ပါတယ်
လည်နေတဲ့ အဝိုင်းလေးကို ထိုင်ငေး
ကလေးတစ်ယောက်အော်ပြေးသွားတဲ့ ငြိမ်းချမ်းရေးဟာစားစရာတစ်ခုလား
ကိုင်ထားတဲ့ လက်နက်ကို ချလိုက်တယ်
လွှင့်ထားတဲ့ အလံကို ပြန်ရုတ်လိုက်တယ်
ထမင်းတစ်နပ်အတွက်
ကျွန်တော်ကို ခုန်အုပ်လိုက်တဲ့ ထမ်းပိုးမှာ နွားဟာ သူလယ်ကွင်းသူ ပြန်လွမ်းလို့
အမေကျော်ပြီးလွမ်းဖို့ဒွေးတော်ပျောက်နေတယ်။
မင်းနဒီခ
(၂၂၊ ၂၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား- ၃
--------------------------------
ခေတ်က မကောင်းလို့ ကျောင်းပို့လည်း လက်ခံမယ့်သူမရှိတော့
ကိုယ့်အားကိုယ်ကိုး ကိုယ်ကျိုးနဲ့ နိုင်ငံတည်
ကိုကြီးကျော်ပလီလွန်းလို့
ကိုယ့်မြေမှာ ကိုယ့်ရေမှာ ပထွေးအဖေခေါ်ရမယ့် ဇာတ်သိမ်း
ကိန်းကြီးခန်းကြီးဝါးရင်းတုတ်ကိုင်လက်များ
နီးရာဓါးဆွဲ သမိုင်းမှာ သွေးရဲခဲ့ သူများ
ရာဇဝင်ဟာ သွေးစွန်ခံထမ်းတင်ထားတဲ့ ပခုံးနဲ့
ပြတိုက်ထဲမှာပဲ ရုပ်လုံးကြွလို့
မြစ်လည်း ကျိုးခဲ့ပြီ ချောင်းလည်းကောခဲ့ပြီ
တောင်လည်း မြေစာပုံဖြစ်ခဲ့ပြီ
ဂျွန် ငါတို့ပင်လယ်ဆီ ဘယ်လိုသွားမလဲ
အသံဟာ
တိတ်ဆိတ်ခြင်းရဲ့ သိမ်းပိုက်ခံထားရသူလို မွန်းကျပ်ပိတ်လှောင်လို့
အခု စကားတွေလည်း မပီတော့ဘူး အသားတွေလည်း မညိုတော့ဘူး
စာမေးပွဲဖြေမယ့် ကျောင်းသားက ဖယောင်တိုင်းထွန်း စာကျက်နေချိန်
မြို့ရိုးဟာ တရုတ်ဖြစ်မီးလုံးတွေနဲ့ လှလို့ ပလို့
ငါဟာ ဒီမြို့သားပါလို့ ကျိန်ပြောလည်း ငါဖယ်ပေးခဲ့ရတာပါပဲ တဲ့
ဘီးပေါက်နေတဲ့ စက်ဘီးတစ်စီးရဲ့ စကားသံမှာ
သူ့ကိုယ်သူ မတလတံဆိပ်ကပ်ထားတဲ့ ဆိုင်ကယ်က ရယ်တယ်
တောင်စွယ်မရှိလည်း နေက ကွယ်တာပါပဲ ကြီးတော်ရယ်
ပလွေတစ်ချောင်းကိုင်ရင်း စောင့်နေခဲ့တာပါ
ကျုပ်နွား ဘယ်သူကျောင်းသလဲ။
မင်းနဒီခ
(၆၊ ၃၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား - ၎
--------------------------------
အဆင်က လှတယ် အကွက်က မပြောင်းဘူး
မမြင်ရ မကြားရ မပြောရ မဆိုရနဲ့ အသားကျနေတဲ့ ခေတ်ကြီးထဲ
ပါးစပ်ဆိုင်းတီးတိုင်း ထ ထ ကနေတဲ့ မင်းသားတွေ
ကိုယ့်ကိုယ် ကိုယ် လက်ခမောင်းခတ် တောင်ကြောင်လက်ပတ်နဲ့ ဇာတ်ရူးတွေ
အနာသက်သာစေချင်လို့ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းမိတာပါ
လူမျိုး ဘာသာမရွေး စားသုံးနိုင်ပါသည် တံဆိပ်နဲ့
အခုလောင်နေတဲ့ မီးက
ဘက်မလိုက်ဘူး လူမရွေးဘူး နေရာမရွေးဘူး ဘာသာမရွေးဘူး
လောင်စရာနောက် လောင်စာထပ်ပစ်ပေးတတ်တဲ့ သမိုင်းနဲ့
ခေတ်အဆက်ဆက်ရိုင်းခဲ့တာတွေ မေ့လိုက်ကြတော့မလား
လင်ဆိုးမယား သားဆိုးအမေလို ဖြစ်နေတဲ့ နိုင်ငံမှာ
အမေ့မျက်ရည်ကျဖို့ ထပ်လုပ်ကြဦးမှာလား
အမေးနွားကျောင်းသားပါ
အဖြေ ဘုရားအလောင်းဖြစ်စေဖို့ ဆုတောင်းရင်း
မျက်လုံးကို ဖွင့် နားကိုစွင့်လိုက်တယ်
ညည်းသံ ညူသံ အော်ဟစ်သံကြား
သေနေတဲ့ အလောင်းကောင်က မီးလောင်ညှော်နံ့နဲ့
ခုတ်ပြတ်ရှရာပရပွ ခန္ဓာကိုယ်က တစစီ
ကိုယ့်အသက်ကိုယ်တောင် မမှီလိုက်တဲ့ ကြောက်ရွံ့ထိတ်လန့်မှုနဲ့
ဘဝတစ်ခုက ဘဝတစ်ခုကို ထိုးကျွေးတဲ့ အလောင်းအစားမှာ
ဘာကြောင့် အစားခံရသူက ခင်ဗျားနဲ့ ကျွန်တော် အတူတူဖြစ်နေခဲ့သလဲ
လူ လူချင်း မေတ္တာထားဖို့ ဗြဟ်မစိုတရားကို စာလုံးပေါင်းသတ်ပုံ ပြင်ပေးပါ
အမှန်နဲ့ အမှားခွဲခြားတတ်ဖို့ တပ်ထားတဲ့ မျက်မှန်ကို ပါဝါတိုးပါ
ခလောက်လေး ဒိုးဒိုးဒေါင်ဒေါင်
ပျို့တို့မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်စွယ်နေမကွယ်ခင် ခဏလေး
ကိုယ့်ခြံ ကိုယ့်နွား ကိုယ့် သားသမီးမို့ သူခိုးဈေးနဲ့ ရောင်းလိုက်တယ်။
မင်းနဒီခ
(၂၃၊ ၃၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား -၅
--------------------------------
အလင်းဟာ ရောက်လာပြီလို့ ပြောတာပဲ
တစ်နေ့ တစ်နေ့ ဘယ်နေ့လဲဆိုတဲ့ သံသယမေးခွန်းမှာ
ငါတို့ဟာ ပိတ်ထားခံရတဲ့ မျက်လုံးတွေနဲ့ နေသားတကျ
အမှောင်မှောင်နဲ့ မည်းမည်း မသဲမကွဲရယ်သံ
မီးခွက်မထွန်းလည်း ပြဿနာဟာ သူ့အလင်းသူရှာပြီး သူမီးသူပြန်ရှို့လို့
လူကို ညှို့တယ် လမ်းကို ညှို့တယ် မာယာ
ပွင့်လင်းမြင်သာမှုဟာ
စိန်ခြူးကြာညောင်ပတ်ပျိုးနဲ့
မျှော်တော်ယောင်သီချင်းကို ရောသမလုပ်နေတုန်း
မျက်လှည့်ဆရာဟာ ဘင်သံ တဒိန်းဒိန်းထုတယ်
သေတ္တာထဲက ထွက်လာမယ့်တစ်စုံတစ်ရာကိုမျှော်ရင်း
ငါတို့ဟာ မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ညတွေဖြစ်လို့
မနက်ဖြန်ဆိုတာ
ကြိုးအယောင်ဆောင်ထားတဲ့ မြွေလား
မြွေယောင်ဆောင်ထားတဲ့ ကြိုးလား
အိုးမဲမသုတ်လည်း အိမ်ကြက်ချင်းခွပ်ကြတဲ့ ခေတ်ကြီးထဲ
လက်ခုပ်သံတောင်းနေတဲ့ ဇာတ်ရူးတွေ
ကမ္ဘာမကြေဘူးပြောလည်း ကမ္ဘာက ကြေခဲ့ပေါ့
တရားနဲ့ ဖြေရင်း တရားနဲ့ သေရတဲ့ သူရဲကောင်းတံဆိပ်မှာ
သွေးစွန်းခဲ့တဲ့ အလံတွေကတော့ လေထဲ တဖျတ်ဖျတ်လွင့်လို့
ငါတို့ မှားခဲ့ကြ ငါတို့ မှန်ခဲ့ကြ
ပြန်မရနိုင်တဲ့ လျော်ကြေးမှာငါတို့ လက်သီးဆုပ်တွေ ပြေခဲ့ကြ
ခေတ်အဆက်ဆက် ခေါင်းငုံ့ခံခဲ့ရတဲ့ အသီးအပွင့်မှာ
နတ်စိမ်းတစ်ပါးလို အငွေ့ရှူရင်း ငါတို့ကျေနပ်ခဲ့ကြရ
အားမတန်လို့ လျော့ချပေးလိုက်ရတဲ့ မာန်နဲ့
နွားရှေ့ ထွန်ကျူးလည်း ထယ်ရေးညက်ရင်ပြီးတာပါပဲ ကြီးတော်ရယ်
ရွာပြင်ဇရပ်မှာ အေးအေးလူလူထိုင်ရင်း
ကမ္ဘာကြီးကိုနားစွင့်ထားတဲ့နွားကျောင်းသား
အခုစားမြုံ့ပြန်နေတဲ့ ပါးစပ်မှာ
ပြောမထွက်တာတွေ အမြုပ်တစီစီထလို့။
မင်းနဒီခ
(၆၊ ၄၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃

No comments:

Post a Comment