ပျံသန်းနေတဲ့ လူ
(၁)
"လူတစ်ယောက် ပျံ သွားတယ် ဖေဖေ"
"လူတစ်ယောက် ပျံ သွားတယ် ဖေဖေ"
"ဟုတ်လား သမီး ဘယ်ကို ပြန်သွားတာလဲ"
"မဟုတ်ဘူးလေ ဖေဖေ
ပြန်သွားတာ မဟုတ်ဘူး ပျံသွားတာကို ပြောတာ"
(ကျွန်တော် ရယ်လိုက်တယ်။ )
" သမီးရယ် ပျံရအောင် လူက အတောင်ပံမှ မရှိတာ။"
" သမီးရယ် ပျံရအောင် လူက အတောင်ပံမှ မရှိတာ။"
"ဖေဖေရယ် ရုပ်ရှင်ထဲက Superman လည်း အတောင်ပံ မရှိဘူးလေ"
"အဲဒါက ရုပ်ရှင်လေ သမီးရဲ့ နိုင်ငံခြားရုပ်ရှင်တွေဆိုတာ
သူတို့ စိတ်ကူးယဉ် ဇာတ်လမ်းရေးပြီး အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ထားတာ"
" ဟင် ဟို တခါဖေဖေ ပြောတော့ ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ
တကယ့်အဖြစ်အပျက်တွေကို အခြေခံထားတာ ဆို"
" သြော် သမီးရယ် အဲဒီလို တကယ့်အဖြစ်အပျက်လည်း ရှိတယ်။
စိတ်ကူးယဉ်တာလည်း ရှိတယ် သမီးရဲ့ Superman က စိတ်ကူးယဉ်ဇာတ်လမ်းကြီး"
"အဲဒါဆို လူက မပျံဘူးလား"
"မပျံဘူး"
"သမီးက တကယ်ပြောတာ ဖေဖေရဲ့ လူတစ်ယောက်ပျံသွားတာ
သမီးတွေ့လိုက်တယ်"
(၂)
" မောင်ရေ လူ တစ်ယောက် ပျံ နေတယ် ဆို"
" မောင်ရေ လူ တစ်ယောက် ပျံ နေတယ် ဆို"
" သမီး ပြောတာလား ဘယ်က ကြားလာတာလဲ"
" မဟုတ်ဘူး။ မြို့ထဲမှာ
လူတွေ မိုးပေါ် ဝိုင်းကြည့်နေတာ တွေ့လိုက်လို့ ကားတွေလည်း ကျပ်နေတာနဲ့ 'မ' လည်း
ဆင်းမကြည့်မိဘူး"
"မဖြစ်နိုင်ပါဘူး ဘယ်လိုလုပ် လူက ပျံ မလဲ နည်းနည်း
စဉ်းစားကြည့်ပါဦး သူများ ယောင်တိုင်း လိုက်ယောင်မနေနဲ့"
" ယောင်တာ မဟုတ်ဘူးလေ လမ်းသွားရင်း သတင်းကြားလို့
တွေ့လိုက်လို့ ပြောမိတာလေ မောင်များ သိ မလားလို့ မေးကြည့်တာ ပြီးတော့ ဒီဘက်နှစ်ထဲ
ထွက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း လူစွမ်းကောင်းတွေ ပျံတတ်တဲ့ လူတွေချည်းပဲ
ရိုက်နေကြတာဆိုတော့လေ တကယ်များ ပျံနေကြပြီလားလို့"
" အာ လူစွမ်းကောင်း ဇာတ်ကားတွေက ဖျော်ဖြေရေးသက်သက် ရိုက်ကြတာ
ဘယ်လိုလုပ် အပြင်မှာ တကယ်ဖြစ်မလဲ မိန်းမရဲ့"
" မသိဘူးလေ မောင်ပဲ ပြောဖူးတာပဲ တစ်ချို့ဇာတ်ကားတွေက
နိမိတ်ကြိုဖတ်သလိုပဲ အပြင်မှာ တကယ်ဖြစ်လာတတ်တယ် ဆိုလို့လေ"
" ဒါက သဘာဝဘေးတို့ ဘာတို့ ဖြစ်ခဲ့ဖူးတာတွေ ရှိလို့ ပြောတာလေ
လူကတော့ ဘယ်လိုလုပ် ပျံ မလဲ"
" ဒါဆို လူက တကယ် မပျံဘူးလား"
" မပျံဘူး"
(၃)
" ဟေ့ကောင် လူ တစ်ယောက် ပျံ နေတယ်ဆိုတဲ့ သတင်းက သေချာလားဟ"
" ဟေ့ကောင် လူ တစ်ယောက် ပျံ နေတယ်ဆိုတဲ့ သတင်းက သေချာလားဟ"
"လာပြန်ပြီ
တစ်ယောက် ဖုန်းဘီလ်တွေ ပေါနေရင်လည်း ငါ့ကို နည်းနည်းလွှဲပေးလိုက် "
" ဟာ တကယ်ပြောနေတာက ဖေ့ဘုတ်ပေါ်မှာ အဲ့သတင်းတွေ တက်လာလို့
မင်းကို လှမ်းဆက်မေးကြည့်တာ"
"ဟာကွာ ဖေ့ဘုတ်ပေါ်က သတင်းတွေများ မင်းမို့လို့ ယုံစားလို့
စဉ်းစားကြည့်ပေါ့ကွာ လူက ဘယ်လိုလုပ် ပျံမလဲ ဓါတ်ပုံတွေ ပါလား"
"ဓာတ်ပုံတွေ မပါဘူးကွ ဖေ့ဘွတ်ပေါ်တော့ အဲဒီ သတင်းက
ဒီနေ့အပြည့်ပဲ မင်းက စာလေးကဗျာလေး ရေးတော့ သိများ သိမလားလို့လေ"
"အာ စာရေးတာနဲ့ လူ ပျံတာနဲ့ ဘာဆိုင်လို့လဲကွာ စာရေးတာက
ကိုယ့်ခံစားချက်၊ သိမှုဘာညာပေါ့ အဲဒါကို ရေးတာ လူ ပျံတာကတော့ ငါ ဘယ်လိုလုပ်
သိမလဲဟ"
"မဟုတ်ဘူးလေကွာ အခု ငါတို့ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေက
မင်းတို့ စာရေးဆရာတွေက အရင် ဇာတ်လမ်းရေးတာလေ တကယ်ဖြစ်လာနိုင်တာလား ငါက အဲဒါ
သိချင်တာ"
"မဖြစ်နိုင်ဘူး လူက ဘယ်လိုမှ မပျံနိုင်ဘူး"
" ငါလည်း အဲလို ထင်တာပါပဲ လူက မပျံနိုင်ဘူး သေချာတယ်နော် ငါ
စတေးတပ် တင်လိုက်ဦးမယ်"
" တင်လိုက် လူက မပျံနိုင်ဘူး"
(၄)
“လူ တစ်ယောက် ပျံ နေတယ်”
“လူ တစ်ယောက် ပျံ နေတယ်”
“လူ တစ်ယောက် ပျံ နေတယ်”
တဖြည်းဖြည်းနှင့် “လူ
တစ်ယောက် ပျံ နေတယ်” ဆိုသည့် သတင်းသည် အင်တာနက်သတင်းတွင် ပျံ့နှံ့ လာသည်။
လူတစ်ယောက်ပျံနေတယ် ဆိုသည့် စတေးတပ်များအောက်တွင် တစ်ယောက်တစ်မျိုး ကွန့်မန့်တွေ
ရေးကြ သည်။ တကယ် မြင်လိုက်ကြတဲ့သူတွေလည်း များလာသည်။ တကယ်မမြင်လိုက်ရသူတွေက
မဖြစ်နိုင်ဘူးဆိုသည့် ကွန့်မန့် တွေ ပြန်ရေးကြသည်။ ဘာဖြစ်ဖြစ် ဆဲမည် ဆိုသည့်
သူများသည်လည်း ထိုစတေးတပ်များအောက်တွင် ဝိုင်းဆဲရေး ကြသည်။ အဆိုပါ
ဆဲရေးတိုင်းထွာသည့် ကွန့်မန့်များအောက်တွင် အဆိုပါ ပျံသန်းနေသည့်လူအား
ပူဇော်ကန်တော့ သင့်သည်ဟု ရေးသားကြသည်။ ပျံသန်းနေသည့် လူသည် လူမဟုတ်၊ တခြားကမ္ဘာက
ဂြိုလ်သားတစ်ယောက် ဖြစ်နိုင် သည်ဟုလည်း ရေးကြသည်။ တစ်ချို့ကလည်း နိုင်ငံတော်၏
လျှို့ဝှက်တီထွင်မှု စမ်းသပ်ချက်ဖြစ်နိုင်သည်ဟုလည်း ရေးကြ သည်။ ပျံသန်းမှုသည် မြန်ဆန်လွန်းသဖြင့် မည်သူမှ
ဓာတ်ပုံရိုက်ယူလို့ မရခဲ့ကြ။ ဓာတ်ပုံမှတ်တမ်းမရှိသဖြင့် မယုံကြည်ကြ သူများလည်း
ပိုများပြားလာသည်။ ထိုသို့ဖြင့် ဖေ့ဘုတ်ပေါ်တွင် အဖွဲ့တွေ ကွဲကုန်ကြသည်။ ပျံသန်းနေသောသူများ
Fan Page တွေ ထောင်ကြသည်။ ချက်ချင်း Like တွေ ထောင်သောင်းချီ တက်လာသည်။ တဖက်ကလည်း
ပျံသန်းမှုများ ရပ် ဟူသော Page များ ဖွင့်ကြသည်။ ချက်ချင်းပင် Like တွေ
ထောင်သောင်းချီ တက်သွားသည်။
မြို့ထဲမှာလည်း လူတွေ
ရုတ်ရုတ်သည်းသည်းဖြစ်လာသည်။ မြို့လယ်ခေါင် ပျံသန်းနေသော လူအား စောင့် ကြည့်ရန်
လူတွေ စုရုံးရောက်ရှိနေကြသည်။ ကားလမ်းမဘေးတွင် ရပ်ထားသော ကားများ၊ ဆိုင်ကယ်များ ဖြင့်
တန်းစီ ပြည့်ကျပ် နေသည်။ လူအများ စုရုံး စုရုံးဖြစ်လာသည်နှင့် တပြိုင်နက်
လမ်းဘေးဈေးသည်များ ချက်ချင်း ရောက်လာ ကြသည်။ ရေသန့်ဗူးရောင်းဆိုင်တွေ၊
ဟမ်ဘာဂါဆိုင်တွေ၊ ထမင်းလိပ်ဆိုင်တွေ၊ ဆေးလိပ် ကွမ်းယာသည်တွေ စသည်ဖြင့် လမ်းဘေးပလက်ဖောင်းပေါ်တွင်
အချိန်ခဏလေးနှင့် ပြည့်လာသည်။ မြို့လယ်ခေါင်သည် ကွမ်းတံတွေးများ၊ အမှိုက် များဖြင့်
စတင်ညစ်ပတ်လာသည်။ သိပ်မကြာခင်မှာပဲ မြို့တော်သန့်ရှင်းရေးပရိဟိတအဖွဲ့တွေ ဖွဲ့ပြီး
ဗီနိုင်းတွေ လာချိတ်ဆွဲ ကြသည်။ သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းစင်ရေးအဖွဲ့တွေ
ဖွြဲ့ပီး ရောက်လာကြသည်။ သိပ်မကြာခင်မှာပဲ တမြို့လုံးရှိ ယာဉ်ထိန်းရဲများသည်
အခြားလမ်းဆုံများတွင် မီးပွိုင့်များအား အော်တိုအလုပ်လုပ်စေပြီး မြို့လယ် ပလက် ဖောင်းဘေးရှိ
စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား ရှင်းလင်းရန် ရောက်ရှိလာသည်။ လူအုပ်ကြီးသည်
ယာဉ်ထိန်း ရဲများ အလုပ် လုပ်နေပုံကို ဓာတ်ပုံမှတ်တမ်းတင်ကြသည်။ ပြီးတော့
ဖေ့ဘုတ်ပေါ်တင်ကြသည်။ ပျံသန်းနေသောလူသည် ယခုထိ ပေါ်မလာသေး။ လူတွေ တဖြည်းဖြည်း များလာပြီး
မှောင်စပြုလာသည်။ ထိုအချိန်တွင် ပျံသန်းနေလူကို မြို့စွန် ဘက်မှာ တွေ့လိုက်တယ်
ဆိုသည့် သတင်း ဖေ့ဘုတ်ပေါ်တွင်တက်လာသည်။ မြို့လယ်ခေါင်မှ လူများသည် ချက်ချက် မြို့စွန်ဘက်သို့
အမြန်လိုက်ကြသည်။ လူအုပ်ကြီးသည် မြို့လုံးကျွတ်ဆန္ဒပြသလို အရေးအခင်းဖြစ်သလို
ဆူညံစွာ ရွေ့လျား သွားကြသည်။ မြို့စွန်ဘက်သို့ မလိုက်ဘဲ မြို့လယ်ခေါင်တွင်ပင်
ဇွဲကောင်းကောင်းဖြင့် ဆက်လက် စောင့်ဆိုင်း နေသည့် လူများကလည်း ရှိသေးသည်။ တဖြည်းဖြည်းနှင့်
အမှောင်ထုသည် ကြီးစိုးလာသည်။ ညနက်တော့ မြို့လယ်ခေါင် တွင် စောင့်ဆိုင်းနေသည့်
လူများ တစ်ယောက် နှစ်ယောက်စသာ ရှိတော့သည်။
(၅)
မြို့တော်ဝန်သည်
အရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်လိုက်သည်။ ပျံသန်းနေသော လူ သည် ပြဿနာ တစ်ရပ် ဖြစ်လာသည်။
ထိုလူသည် နိုင်ငံတော် လုံခြုံရေးနှင့် သက်ဆိုင်လာနိုင်သည်။
နိုင်ငံခေါင်းဆောင်များ၏ အသက် အန္တရာယ်အထိ စိုးရိမ်စရာ ရှိလာနိုင်သည်။
ပျံသန်းနေသောလူ အကြောင်းကို အခုအချိန်ထိ ဘယ်သူမှ မသိကြသေးသလို ထိုလူ၏
ဓာတ်ပုံကိုလည်း အခုအထိ မည်သူတစ်ဦးတစ်ယောက်မှ မရရှိကြ။ မှတ်တမ်းမတင်နိုင်ကြ။ ကာကွယ်ရေး
ဦးစီးချုပ်သည် အရေးပေါ်ကြုံတွေလာနိုင်သည့် စစ်ပွဲတစ်ပွဲအတွက် ပြင်ဆင်သလိုမျိုး သူ၏
စစ်တပ်ကို အဆင်သင့်ဖြစ်နေ စေရန် ပြင်ဆင်ထားသည်။ သို့သော် ထိုနေ့က ပျံသန်းနေသော
လူအကြောင်း သတင်းတွေ ထပ်မကြားရ။
နောက်တစ်ရက်ရောက်တော့
မြို့လယ်ခေါင်တွင် လူအများ ရောက်ရှိလာကြပြန်သည်။ လူများသည် သူတို့ ဖုန်း ဟမ်းဆက်လေးများကို
ထုတ်ခါ ပျံသန်းနေသော လူ၏ သတင်းအချက်အလက်များကို စောင့်ဆိုင်းနေကြသည်။ မြို့တော် ဝန်သည်
မြို့လုံခြုံရေးအတွက် စစ်တပ်ကို မြို့လယ်ခေါင်တွေ နေရာယူတပ်စွဲစေလိုက်သည်။
လူအုပ်ကြီးသည် ကောင်းကင် ပေါ် မော့ကြည့်လိုက်၊ ဖေ့ဘုတ်ပေါ် သတင်းအချက်အလက်တွေ
ရှာကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ ပျံသန်း နေသောလူ၏ မည်သည့်သတင်းအချက်မှ
အင်တာနက်ပေါ်သို့ ထပ်မံ တက်မလာသလို ပျံသန်းနေသောသူကို ဘယ်သူမှ ထပ်မံ မတွေ့ရှိတော့။
ဒိလိုနှင့် သုံးလေး ငါးရက်ကြာသည့်အခါ ပျံသန်းနေသာ လူ အကြောင်း စိတ်ဝင်စားသူများ
တော်တော်လျော့သွားသည်။ မြို့ရှိ လူအများသည် စိတ်ပျက်လက်ပျက်ဖြင့် သိချင်စိတ်၊ မြင်ချင်စိတ်ကို
မျိုသိပ် ထားလိုက်ကြရသည်။ ထိုသို့ဖြင့် ရက်၊ လများ ကုန်ဆုံးပြီး နှစ်သို့ တိုင်ခဲ့သည်။
လူတစ်ယောက်ပျံနေတယ် ဆိုသည့် သတင်း သည် 1
Year Memory အဖြစ် Facebook ပေါ်တွင် သတင်းပြန်တက်လာသည်။ အချိန်အတန်ကြာ မေ့ထားခဲ့သော
မြို့တော် အတွင်းရှိ လူများသည် ပျံသန်းနေသော လူ အကြောင်း သတိပြန်ရလာသည်။
ထိုစဉ်တုန်းက အတွေ့အကြုံကို ပြန်ရေးတင်ကြသည်။ ထိုသို့ဖြင့် တစ်နှစ်ပြီး တစ်နှစ်
Facebook တွင် Memory အဖြစ် ပြန်တက် လာတတ်သော ပျံသန်း နေသော လူအကြောင်း စတေး တပ်များက
လွဲ၍ ပျံသန်းနေသော လူအကြောင်း နောက်ထပ် ဘာသံမှ မကြားရတော့ပေ။
(၆)
နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဆောင်းဝင်စဖြစ်သဖြင့် ညသည် အမှောင်ကို စောစီးစွာ ဆွဲခြုံလိုက်သည်။ မနက်တုန်းဆီက
ဝတ်ထားရှိသော အပေါ်ဝတ်အင်္ကျီကို ချွတ်ချလိုက်သည်။ ကောင်းကင်တွင် ပျံသန်းဖို့
Superman လို ဝတ်ရုံ ဝတ်ထားဖို့ မလိုပါ။ ငှက်တွေလို အတောင်ပံများ ရှိနေဖို့
မလိုပါ။ ပျံသန်းချင်စိတ် ရှိနေဖို့သာ လိုပါသည်။ ယခု ကျွန်တော် မြို့လယ်ခေါင်သို့
တခါ ပြန်ရောက်ရှိလာပြီ ဖြစ်သည်။ မြို့သည် လွန်ခဲ့သော နှစ်များစွာအတွင် ပိုမို
ဖွံ့ဖြိုးလာသည်။ ကားတွေ ပိုမိုများပြားလာသည်။ ဟွန်းတီးသံတွေ ပိုမို ဆူညံလာသည်။
နီယွန်မီးများအလင်းဖြင့် မြို့သည် သူ့အမှောင်ကို ဖုံးကွယ်ထားသလို မြို့ပြသည်
မွန်းကျပ်သိပ်သည်းမှုများဖြင့် မောဟများ ဖုံးလွှမ်းနေသည်။ အခု မြို့လေး၏ ကောင်းကင်ထဲမှာ
ကျွန်တော် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာကလို မြို့လေး၏
ကောင်းကင်မှာ ကျွန်တော် တခါပြန်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကျွန်တော် ပျံသန်းနေသည်။
အထိန်းအချုပ်မဲ့၊ အကန့်အသတ်မဲ့၊ လွတ်လပ်စွာ၊ ပျော်ရွှင်စွာ ကျွန်တော်
ပျံသန်းနေလိုက်သည်။ လေသည် ကောင်းကင်တွင် တဟူးဟူးတိုက်ခတ်နေသည်။ မျောပါနေသော
တိမ်မျှင်စ များကို ထိုးခွဲ ဖြတ်သန်းပစ်လိုက်သည်။ မြို့လယ်ခေါင်မှ
မြို့စွန်အနှံအထိ ကျွန်တော် စိတ်လိုလက်ရ ပျံသန်းပစ်လိုက်သည်။ ကျွန်တော့်စိတ်သည်
ပျံသန်းမှုနှင့် အတူ ကြည်လင်ရှင်းသန့်နေသည်။ မြင့်သည် ထက် မြင့်အောင် ကျွန်တော်
အားပါးတရ ပျံသန်းလိုက်သည်။ ပျံသန်းနေရင်းဖြင့်ပင် သမီးလေးကို သတိရလိုက်မိသည်။ တစ်နေ့နေ့တွင်
မြို့လေးရဲ့ ကောင်းကင်ပေါ်မှာ ကျွန်တော့်လိုမျိုး ကျွန်တော့်သမီးကို ပျံသန်းနေစေချင်မိသည်။
(၇)
မနက်မိုးလင်းတော့
သမီးက ပြောသည်။
"မနေ့ညက လူတစ်ယောက်
ပျံ သွားတာတွေ့လိုက်တယ် ဖေဖေ"
"ဟုတ်လား သမီး ဘယ်ကို ပြန်သွားတာလဲ"
"မဟုတ်ဘူးလေ ဖေဖေ
ပြန်သွားတာ မဟုတ်ဘူး ပျံသွားတာကို ပြောတာ"
ကျွန်တော် အားပါးတရ ရယ်နေလိုက်မိသည်။
မင်းနဒီခ
၅၊ ၁၁၊ ၂၀၁၆
No comments:
Post a Comment